DVB Logo
Home
Lead Story
သောင်ရင်းဘေးက မျှော်လင့်ချက် စာရွက်ပိုင်း
DVB
·
September 14, 2026
သောင်ရင်းဘေးက မျှော်လင့်ချက် စာရွက်ပိုင်း
Donate to DVB

မိုးစက် မိုးပေါက်တွေက သောင်ရင်းမြစ်ဘေးက ဝါးတဲငယ်လေးရဲ့ အမိုးပေါ်ကို တပေါက်ပေါက် ကျဆင်းနေပါတယ်။ ရွာနေတဲ့ မိုးသံကြားမှာ သောင်ရင်းမြစ်ရဲ့ ရေစီးသံတွေက စစ်ရှောင်စခန်းတခုလုံးကို လွှမ်းမိုးထားတာပါ။

​အသက် ၇၅ နှစ်အရွယ် လယ်သမားကြီး ဦးကျော်ဇောဟာ အဝါရောင်သန်းနေတဲ့ ကျမ်းစာအုပ်ဟောင်းကြီးကို တဲထောင့်မှာထိုင်ပြီး ဂရုတစိုက် လှန်လှောရှာဖွေနေပါတယ်။ တုန်ရီနေတဲ့ သူ့ရဲ့ လက်ချောင်းလေးတွေကြားမှာတော့ စာမျက်နှာတွေကြား ခေါက်ညှပ်ထားတဲ့ ဖုန်းနံပါတ်ပါတဲ့ စာရွက်ပိုင်းလေးတရွက် ရှိနေခဲ့တယ်။

​စစ်ပွဲကြောင့် ကိုယ်ပိုင်လယ်ယာနဲ့ အိုးအိမ်ကို စွန့်ခွာခဲ့ရအပြီးမှာ အရေးကြီးတဲ့ ဖုန်းနံပါတ်ဆို စာရွက်ပေါ်မှာပဲ မှတ်သားတတ်တဲ့ ဦးကျော်ဇော အတွက် ဒီစာရွက်ပိုင်းလေးဟာ စစ်ဘေးရှောင်စခန်းကို လာရောက်ကူညီမဲ့သူတွေနဲ့ ဆက်သွယ်ဖို့၊ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်နိုင်ဖို့ အသုံးပြုရမဲ့ သူ့ရဲ့ တခုတည်းသော မျှော်လင့်ချက် ကြိုးမျှင်လေး ဖြစ်နေရတာပါ။

​ဦးကျော်ဇောတို့ မိသားစု ကြုံတွေ့နေရတဲ့ ဒုက္ခက သူတဦးတည်းရဲ့ ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ် နယ်စပ် ကျောက်ကြီး၊ တောင်ငူ ဒေသတွေအထိ အရှိန်မြင့်တက်လာခဲ့တာပါ။

စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ စစ်တပ်ရဲ့ တိုးမြှင့်လာတဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကျေးရွာအများအပြား မီးလောင်ပျက်စီးပြီး ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ကြရပါတယ်။

​ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ မေလ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ နယ်စပ်တလျှောက်မှာ စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိလာပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။

​ဒါ့အပြင် မြန်မာ့ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစီရင်ခံစာမှာလည်း ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာနဲ့ချီ ရှိခဲ့တာကြောင့် အိမ်ထောင်စု ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုထားပါတယ်။

​ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ထုတ်ပြန်ချက်မှာတော့ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ဘေးရှောင် ကလေးသူငယ်တွေနဲ့ လူကြီးတွေရဲ့ စိတ်ထဲမှာ ရေရှည်ခံစားရမဲ့ စိတ်ဒဏ်ရာ (PTSD) တွေကို အမြစ်တွယ် ကျန်ရစ်စေတယ်လို့ ထောက်ပြထားပါတယ်။

​စစ်ပွဲရဲ့ နောက်ဆက်တွဲ ရလဒ်တွေဟာ အဆောက်အအုံနဲ့ အိုးအိမ်တွေကိုပဲ ပျက်စီးစေတာ မဟုတ်ဘဲ ပြည်သူတွေရဲ့ စိတ်နှလုံးကိုပါ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရစေတာပါ။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို မကြာခဏ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးကင်းလုံခြုံမှုကို မခံစားရတော့ဘဲ နေ့စဉ်နဲ့အမျှ အကြောက်တရားနဲ့ပဲ ရှင်သန်နေကြရတယ်လို့ KHRG ရဲ့ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးက သံလွင်တိုင်းမ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုထားတာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့ KHRG ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကအထိတော့ ဦးကျော်ဇောဟာ ကျောက်ကြီး-တောင်ငူ လမ်းပိုင်းပေါ်က စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ရွာလေးတရွာမှာ ကိုယ်ပိုင်လယ်ယာ၊ အိမ်ခြေနဲ့ အေးချမ်းစွာ နေထိုင်ခဲ့သူပါ။ ဒေသတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ရွာထဲ လက်နက်ကြီးတွေ ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့တဲ့ အချိန်ကစလို့ သူတို့ရဲ့ ငြိမ်းချမ်းတဲ့ ဘဝဟာ ရိုက်ချိုးခံလိုက်ရတော့တာပဲ ဖြစ်ပါတယ်။

​”အစ်ကိုက လက်နက်ကြီးစ ထိမှန် ဒဏ်ရာရသွားတော့မှ နောက်ထပ် နေလို့မရတော့မှန်း သိလိုက်ရတယ်။ ပိုင်ဆိုင်တာတွေ အကုန်ထားခဲ့ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ကတိုက်ကရိုက် ပြေးခဲ့ရတာ” လို့ ဦးကျော်ဇောက ထိုစဉ်က ဘေးဒုက္ခဆိုးကြီးကို ပြန်ပြောပြပါတယ်။

​ဇာတိရွာကနေ ထွက်ပြေးခဲ့ရပုံကို ဦးကျော်ဇောက ဆက်ပြောပြပါသေးတယ်။

“စပါးရိတ်ချိန်ကြီးမှာ ဖြစ်တာ။ စိုက်ထားတဲ့ စပါးတွေလည်း ရိတ်မရ၊ သိမ်းမရ။ သေတဲ့သူကလည်း သေ။ အိမ်တွေလည်း မီးလောင်၊ လူတွေကလည်း တကွဲတပြားစီ ဖြစ်သွားကြတာ။ မဖြစ်ခင်တုန်းကတော့ ‘ဖြစ်လာရင် ဘယ်နေရာကိုတော့ အတူတူပြေးကြမယ်’ ဆိုပြီး တိုင်ပင်ထားကြတာပဲ။ တကယ်လည်း ဖြစ်ရော ပြေးကြတာ တယောက်တနေရာဆီ ဖြစ်ကုန်တာ။”

​”ပြေးရင်းလွှားရင်းနဲ့ပဲ မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေ ကျန်ခဲ့ကြတာ အများကြီးပဲ။ ကျနော်နဲ့ ညီအစ်ကိုလို ခင်တဲ့သူဆိုရင် ပြေးရင်းနဲ့ သူက တောင်ဘက်ကို ပြေးတယ်၊ ကျနော်က မြောက်ဘက်ကို ပြေးတယ်။ PDF ဘက် ရောက်သွားတဲ့သူတွေကျတော့ နေရာချပေးတာ ရှိတယ်လေ။ ကျနော်တို့က ဘယ်အဖွဲ့ဆီမှ မရောက်လိုက်ဘူး။ မုန်းကနေ ဖြူးကို ပြေးရတာ။ ၇ ရက်လောက် ပြေးရတာ။ ၂ ညအိပ် ၃ ရက်မှ ဖြူးကို ရောက်တာ။”

​စစ်ဘေး ဒဏ်ရာတွေကြားမှာ အသက်လု ထွက်ပြေးခဲ့ရတဲ့ ခရီးလမ်းက လွယ်ကူမနေခဲ့ပါဘူး။

”ခဏပဲ ပြီးသွားမယ်လို့ အောက်မေ့တာ၊ ဒါပေမဲ့ မပြီးဘူး။ ရွာက စစ်တပ်၊ ကရင်တပ်၊ PDF အဲဒီကြားထဲမှာ ညပ်နေတာ။ ပြေးရတော့ အရမ်းငယ်တဲ့ ကလေးတွေကိုဆို ပခုံးပေါ်ထမ်း ထိန်းပြေးရတာပေါ့။ သက်ကြီးရွယ်အိုတွေကျတော့ မပြေးနိုင်ကြဘူးလေ။ ကျနော်နဲ့အတူ လေဖြတ်ထားတဲ့ အဘိုးကြီးတယောက် ပါတယ်။ ကျနော့်အသက်အရွယ်လောက်ရှိတယ်။ အဲဒီမှာ လေယာဉ်က အပေါ်ကနေ လာနေပြီလေ ပြေးကြတာ၊ ရွာကနေ လွတ်အောင်ကို ပြေးကြတာ။ ရွာဘက်ကို ပြန်ပြေးဖို့လုပ်တော့ ရွာဘက်မှာ မီးခိုးတွေပဲ ထွက်နေတော့တာ။ ကျွဲတွေ နွားတွေလည်း အကုန် သေကုန်ပြီ။”

​ဇာတိရွာက မိသားစုပိုင် အိမ်ရော၊ ကျွဲ နွား လယ်ယာပါမကျန် မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း သတင်းကြားသိရချိန်မှာ ဦးကျော်ဇောတို့ မိသားစုအတွက် ပြန်စရာ အိမ်ရယ်လို့ မရှိတော့ပါဘူး။

​ပဲခူးတိုင်းအရှေ့ခြမ်းကနေ ကရင်ပြည်နယ် နယ်စပ်အတိုင်း တောတောင်တွေကို ဖြတ်ကျော်ကာ ရက်ပေါင်းများစွာ ခက်ခဲစွာ ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးကျမှ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးက ဒီယာယီစစ်ဘေးရှောင်စခန်းဆီ ခက်ခဲစွာ ရောက်ရှိ ခိုလှုံခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။

​နယ်စပ်ဆီ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ စစ်ပွဲရဲ့ ခြောက်လှန့်မှုကတော့ ပါလာမြဲ ပါလာခဲ့ပါတယ်။ စခန်းအတွင်း ကောင်းကင်ကနေ လေယာဉ်သံ ကြားလိုက်ရတာနဲ့ ကလေးငယ်တွေနဲ့ ဦးကျော်ဇောရဲ့ မြေးမလေး အပါအဝင် မိသားစုဝင်တွေဟာ ကြောက်လန့်တကြား မြေကြီးပေါ် အလိုလို ဝပ်ဆင်းသွားကြစမြဲပါ။

​”နယ်စပ်ရောက်ရင် အေးချမ်းပြီထင်တာ။ ဘယ်ဟုတ်မလဲ၊ ကောင်းကင်က လေယာဉ်သံ ကြားလိုက်တာနဲ့ ကြောက်နေရတာ” လို့ ဦးကျော်ဇောက ဆိုပါတယ်။

​လက်ရှိမှာတော့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ နယ်စပ်စခန်းရဲ့ ရွှံ့နွံတွေကြားထဲမှာ အလှူရှင်အချို့နဲ့ စခန်းကူညီသူတွေ ဆောက်လုပ်ပေးထားတဲ့ သစ်ဝါး ယာယီတဲအိမ်လေးမှာ ခိုလှုံနေကြရပါတယ်။ မြစ်ရေတက်ရင် သွားလာရခက်ခဲပေမဲ့ အရင်က မြေကြီးပေါ် အိပ်ခဲ့ရတာနဲ့ စာရင်တော့ ဒီတဲအသစ်လေး ရလိုက်တာကပဲ ဦးကျော်ဇောအတွက် ဝမ်းသာစရာ ဖြစ်နေခဲ့တာပါ။

​”ဒီတဲအိမ်လေးက ရွာတုန်းက မီးဖိုချောင်လောက်ပဲ ရှိပေမဲ့ အရင်ကလို မိုးရွာရင် လေဒဏ်မိုးဒဏ်ကြား အေးစက်နေရတဲ့ ဘဝထက်စာရင်တော့ နွေးနွေးထွေးထွေး ခိုနားခွင့်ရလို့ တကယ့်ကို ဝမ်းသာမိပါတယ်။ နေရေးထက် ရှင်ရေးက ပိုအရေးကြီးတာကိုး” လို့ တဲအသစ်လေးကို သပ်သပ်ရပ်ရပ် ကြည့်ရင်း သူက ဆိုပါတယ်။

​ဒါပေမဲ့လည်း ဘဝအပြောင်းအလဲကြီးရဲ့ ခါးသီးမှုကိုတော့ သူ မမေ့နိုင်ပါဘူး။

​”ဒီလို မိုးရာသီမျိုးမှာ ကိုယ့်လယ်ကွင်းထဲ သီးနှံတွေ စိုက်ပျိုးရိတ်သိမ်းရင်း ဝမ်းစာအတွက် မပူရဘူး။ ခုတော့ မိသားစု ရှင်သန်နိုင်ဖို့ သူများဆီက အလှူနဲ့ အကူအညီတွေကိုပဲ မျှော်နေရတဲ့ ဘဝ” လို့ လယ်သမားကြီးက ရင်ဖွင့်ပါတယ်။

​စစ်ပွဲက လုယူသွားခဲ့တာဟာ ဦးကျော်ဇောတို့ရဲ့ စိုက်ပျိုးမြေနဲ့ အိုးအိမ်တင် မဟုတ်ပါဘူး။ အေးချမ်းလှတဲ့ ရွာကလေးရဲ့ မနက်ခင်းတွေ၊ အိမ်ရှေ့ကွပ်ပျစ်မှာ လက်ဖက်ရည်ကြမ်းသောက်ရင်း အိမ်နီးနားချင်းတွေနဲ့ စကားစမြည် ပြောခဲ့ရတဲ့ လွတ်လပ်မှုတွေနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာပါ ပါသွားခဲ့တာ ဖြစ်ပါတယ်။

​မိုးပေါက်တွေ ဝါးတဲအမိုးပေါ် တပေါက်ပေါက် ကျဆင်းနေချိန်မှာတော့ ဦးကျော်ဇောဟာ ဖုန်းနံပါတ်ပါတဲ့ စာရွက်ပိုင်းလေးကို ကျမ်းစာအုပ်ကြားထဲ ဂရုတစိုက် ပြန်လည်သိမ်းဆည်းလိုက်ပါတယ်။ စစ်ဘေးရှောင် တဲအသစ်လေး ရလို့ စိတ်ထဲ နွေးထွေးမှု အနည်းငယ် ရလိုက်ပေမဲ့ မနက်ဖြန်တွေအတွက် စိုးရိမ်ပူပန်မှုကတော့ ပျောက်ကွယ်မသွားသေးပါဘူး။

ဦးကျော်‌ဇောတယောက် စစ်ရှောင်တဲရဲ့ ဝါးထရံ ပြတင်းတံခါးကနေ အပြင်ဘက်ကို ငေးရင်း ကျမ်းစာအုပ်ထဲက စာရွက်ပိုင်းလေးပေါ်က ဖုန်းနံပါတ်ဆီကနေ အကူအညီပေးမဲ့သူတဦးဦး ဆက်သွယ်လာမဲ့အချိန်ကိုပဲ အားကိုးတကြီး မျှော်လင့်နေရှာပါတယ်။

တာပလု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013