
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား စစ်ရှောင်အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁ ရက် ည ၉ နာရီခန့်က သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအနီးကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရခိုင်ကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က “လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ စစ်ရှောင်တွေနေတဲ့ တဲအိမ်တွေပေါ် ကျတာ။ သေဆုံးသူရော၊ ဒဏ်ရာရရှိသူရော စစ်ရှောင်တွေပါ” လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာမှာ စစ်ရှောင်နေတဲ့ ဒေါ်မိပိုး သေဆုံးသူပြီး ဒေါ်ဌေးဌေး ဒဏ်ရာရရှိကာ လူနေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။










