
၁။
အော်စလိုမှာက ဓာတ်ရထားပဲဖြစ်ဖြစ်၊ ဘတ်စ်ကားပဲဖြစ်ဖြစ်၊ မြေအောက်ရထားပဲဖြစ်ဖြစ် လက်မှတ်တစောင်ဝယ်ထားရင် အကုန်တက်စီးလို့ ရပါတယ်။ တနာရီလက်မှတ် တပတ်လက်မှတ် တလလက်မှတ် ဝယ်ထားပြီး ကြိုက်တဲ့ယာဉ်တက်စီး ဒီလက်မှတ်က အကျုံးဝင်ပါတယ်။ တနေ့တည်း သုံးမျိုးပြောင်းစီးလည်း ရပါတယ်။ သဘောကျဖို့ကောင်းတာက တမျိုးပြောင်းစီးတိုင်း လက်မှတ်အသစ် ထပ်ဝယ်ဖို့ မလိုတဲ့အချက်က တော်တော်အဆင်ပြေပါတယ်။ တခုတော့ရှိတယ်။ အဲဒီစနစ်က အော်စလို မြူနီစပါယ်ဧရိယာအတွင်းမှာပဲ အကျုံးဝင်ပါတယ်။ ဒီလက်မှတ်နဲ့ပဲ တမြို့လုံး ကြိုက်တဲ့နေရာ ကြိုက်သလို ပြောင်းစီးလို့ ရပါတယ်။
ပြီးတော့ အချိန်ကလည်း တော်တော်တိကျကြပါတယ်။ စက္ကန့်လောက်ပဲ ကွာတတ်ပါတယ်။ ဘတ်စ်ကားဂိတ်တိုင်းမှာ ရောက်ရှိမဲ့ကားနဲ့ ရောက်ရှိမဲ့အချိန် ရေးထား သတ်မှတ်ပေးထားတာမို့ ကိုယ်က ကိုယ်စီးမဲ့ဘတ်စ်ကား ကားဂိတ်ရောက်မဲ့အချိန် ကိုယ်အိမ်ပေါ်ကဆင်းရမဲ့အချိန် ကိုယ့်ဘာသာ ကိုယ်တွက်ချက် လုပ်ရတာဆိုတော့ အချိန်လည်း မပုပ်တော့ဘူးပေါ့။ တခုတော့ရှိတယ်။ ကိုယ်က မှတ်တိုင်နဲ့ မနီးမဝေးရောက်လာနေသည့်တိုင် ဘတ်စ်ကားကတော့ သူ့သတ်မှတ်ချိန်အရ ကားထွက်တာပါပဲ။ စောင့်ခေါ်လေ့တော့ မရှိပါဘူး။ ပြီးတော့ မှတ်တိုင်ရှေ့ ကားရပ်တဲ့အခါ ကားပေါ်တက်ရတဲ့ခြေနင်းခုံနဲ့ လူတွေရပ်စောင့်တဲ့ပလက်ဖောင်းနဲ့က တညီတည်းပါပဲ။ အနိမ့်အမြင့်ကွာတာမျိုး မရှိပါဘူး။ ဒီလို တိကျစေ့စပ်တဲ့စနစ်ကြောင့် အသက်အရွယ် ကြီးရင့်သူတွေ ဘီးတပ်လက်တွန်းလှည်းကအစ ကားပေါ်ကို အလွယ်တကူ တက်နိုင်ဆင်းနိုင်တဲ့ သဘောပါပဲ။
ကျနော်က တော်တော်ထူတဲ့လူလို့ ပြောနိုင်မလားပဲ။ အော်စလိုကိုရောက်ပြီး တလနီးပါးကြာတဲ့အထိ မြို့ထဲကို တယောက်တည်း မသွားတတ်ပါဘူး။ သွားလည်း မသွားရဲပါဘူး။ ယုတ်စွအဆုံး နေတဲ့အိမ်နဲ့နီးတဲ့ စတိုးဆိုင်ကအစ အဖော်ကိုပဲ အားကိုးပါတယ်။ အော်စလိုရောက်ပြီး တလနီးပါးကြာတဲ့အချိန်ကျတော့ နေရာတချို့ကို အဖော်နဲ့ ရောက်ဖူး သွားဖူးလာပါတယ်။
မှတ်မိသမျှပြန်ပြောရရင် ဗီဂီလန်း ကိုယ်လုံးတီးကျောက်ရုပ်ပန်းခြံကို DVB ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံးနဲ့အတူ စတင်ရောက်ဖူးပါတယ်။ ဒီတုန်းက တခြား မိတ်ဆွေ အမျိုးသမီးနှစ်ယောက်လည်း ပါပါတယ်။ နောက်တခေါက်ကတော့ တရုံးတည်း လုပ်ဖော်ကိုင်ဖက် မမိုးမိုးထွန်းနဲ့ ရောက်တာပါ။ အက်ဗတ်မွန့်ခ် ပြတိုက်ကြတော့ လုပ်ဖော်ကိုင်ဖက် မွန်လူငယ်လေး ကိုကျော်ကျော်နဲ့ သွားတာပါ။ အော်စလိုမြို့ရဲ့ လူအစည်ကားဆုံး ကာရိုဟန်လမ်းမကြီးကိုတော့ ကျနော်တို့ရုံးက အသက်အငယ်ဆုံး စောနယ်လ်ဆင်ခူးနဲ့ ရောက်တာပါ။ နောက်တခုကျန်ပါသေးတယ်။ ဗိုက်ကင်းသင်္ဘောပြတိုက်ကျတော့ မိတ်ဆွေ နော်ဝေမိန်ကလေး ခမီးလာဘူစီရဲ့ ကျေးဇူးနဲ့ ရောက်တာပါ။
အဲဒီအချိန်က DVB မှာ လစာမယူဘဲ စနေ တနင်္ဂနွေတိုင်း အလုပ်ဆင်းတဲ့ ဒေါက်တာမောင်မောင်မြင့် (ဒေါင်းညို) ရဲ့ အိမ်ကိုကျတော့ တအိမ်တည်းအတူနေကြတဲ့ ကိုမွန်းအောင် (တေးသံရှင်မွန်းအောင်)၊ ကိုထွန်းထွန်း၊ ကိုကျော်ကျော်တို့နဲ့အတူ ရောက်ဖူးတာပါ။
ကိုမောင်မောင်မြင့်က မိသားစုနဲ့အတူ ၁၉၈၈ ကတည်းက အော်စလိုရောက်နေသူပါ။ နောင်အခါ အော်စလိုမြို့ထဲ ကိုယ်တယောက်တည်းသွားဖို့ လိုအပ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်ရ ဒေါသဖြစ်ရတဲ့အချက်က ကျနော်ဟာ အဖော်ပါလာရင် လမ်းခရီးတလျှောက် မလွဲမသွေ မှတ်သားရမဲ့ အချက်တွေကို သေသေချာချာ မမှတ်ထားမိတဲ့ အချက်ပါပဲ။ ပြီးတော့ ကျနော်က အဲဒီအချက်တွေထက် လမ်းခရီးတလျှောက် လှပတဲ့မြင်ကွင်းတွေ သဘာဝအခင်းအကျင်းတွေကိုပဲ တချိန်လုံး ငေးမောနေခဲ့မိသူပါ။ ဒါကြောင့် တယောက်တည်း သွားဖို့လာဖို့ ဖြစ်လာတဲ့အခါ ကျနော့်မှာ တော်တော်အခက်အခဲရှိပါတယ်။ ရဲရဲဝံ့ဝံ့လည်း မရှိဘူးပေါ့။ ဒါပေမဲ့ ကမ္ဘာကျော် နော်ဝေပန်းချီကျော် အက်ဗတ်မွန့် ပြတိုက်ကျတော့ သွားရတဲ့လမ်းကလည်းလှ ပြတိုက်ကိုလည်း အရမ်းစိတ်ဝင်စားလို့ အဖော်မပါဘဲ တလတည်း သုံးခေါက်ရောက်အောင် သွားခဲ့ပါတယ်။
၂။
တရက်မှာ ကိုမောင်မောင်မြင့်ဆီ တယောက်တည်းသွားဖို့ ဖြစ်လာပါတယ်။ အဖော်တွေနဲ့ နှစ်ခေါက်ရောက်ထားပြီး ဖြစ်တဲ့အပြင် အတူနေသူတွေကလည်း အလုပ်မအားတာကြောင့် ကျနော်တယောက်တည်းသွားဖို့ ဖြစ်လာတာပါ။ ဒါ့အပြင် အခမ်းအနားတခုမှာ ကိုယ့်အကြောင်း ကိုယ်ပြောဖို့ စာချရေးဖို့ အင်္ဂလိပ်စာအားနည်းသူ ကျနော်က ကိုမောင်မောင်မြင့် အကူအညီနဲ့ ရေးဖို့ သူ့ဆီကို မလွဲမသွေ သွားရမလိုကလည်း ရှိလာတာမို့ တယောက်တည်းသွားဖို့ ဖြစ်လာတာပါ။ ဒီကြားထဲ “ခင်ဗျားကြီး အဖော်ချည်းပဲ အားကိုးနေလို့မဖြစ်ဘူး၊ ရောက်လည်းရောက်ဖူးနေပြီပဲ၊ တယောက်တည်းသာသွား” ဆိုတဲ့ ကိုမွန်းအောင်ရဲ့ တိုက်တွန်းချက်နဲ့ ကျနော်တယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်တာပါ။
တကယ်တော့လည်း ကိုမောင်မောင်မြင့်အိမ်ကို သွားဖို့က အခက်အခဲ မရှိသလောက်ပါပဲ။ ကိုမောင်မောင်မြင့် မိသားစုက အမှတ် ၆ မြေအောက်ရထားလမ်းအဆုံးမှာ ရှိတာပါ။ ရထားပြောင်းစီး ကားပြောင်းစီးရတာမျိုး မဟုတ်တော့ မှားစရာလည်း မရှိပါဘူး။
အဲဒီနေ့က ကျနော်က ကိုမောင်မောင်မြင့်ဆီ ဖုန်းကြိုတင်ဆက်ပြီး ညနေလေးနာရီ အိမ်ကထွက်ပါတယ်။ ပထမ အမှတ် ၃၅ ဘတ်စ်ကားနဲ့ မသီတာတို့အိမ်ရှေ့အထိ စီးပါတယ်။ အဲဒီမှာ မြေအောက်ကိုဆင်း အမှတ် ၆ မြေအောက်ရထားစီးပါတယ်။ ရထားလမ်းအဆုံး ဘူတာကြတော့ မြေပေါ်တက် တောင်ကုန်းလေးတခုကျော် လမ်းလျှောက်၊ ကိုမောင်မောင်မြင့်အိမ် အလွယ်တကူ ရောက်ပါတယ်။ လမ်းမှာ နာရီဝက်သာသာပဲ ကြာတာပါ။ သည်လိုနဲ့ မြေအောက်ရထားလမ်းဆုံးအထိ အခက်အခဲမရှိ ရောက်သွားပါတယ်။ ဒါပေမဲ့ ရထားပေါ်ကဆင်း မြေပေါ်တက်တဲ့ လှေကားပေါ်ရောက်တော့ စိတ်ထဲမှာ နည်းနည်း ထင့်သွားပါတယ်။ မြေပေါ်ရောက် ပတ်ဝန်းကျင်ကိုကြည့်တော့ ကျနော့်မှာ ထိတ်ထိတ်ပြာပြ ဖြစ်တော့တာပါပဲ။ တောင်ကုန်းလေးကိုလည်း မတွေ့။ ဆက်သွားရမဲ့လမ်းကလည်း ကျနော် တခါမှမမြင်ဘူးတဲ့ အိမ်တွေ။ ကျနော် တော်တော်လေး လန့်သွားရပါတယ်။ ကျနော် ရထားမှားစီးခဲ့မိပြီဆိုတာ သိလိုက်ရပါပြီ။ ဒါနဲ့ပဲ မြေအောက်ပြန်ဆင်း စီးလာတဲ့ရထားပြန်စီး။ ကိုယ်တက်စီးလာတဲ့ ဘူတာကျ ဆင်း။ အချိန်ရှိသေးရင် အမှတ် ၆ ရထား အဲဒီကမှ ထပ်စီးမယ်ပေါ့။ အဲသလိုတွေးတော့ စိတ်နည်းနည်းသက်သာရပါတယ်။
ဒီလိုနဲ့ အမှတ် ၂ အပြန်ရထားပေါ် ကျနော်ပါလာပါတယ်။ ကိုယ်တက်စီးလာတဲ့ဘူတာရုံကျရင် ရထားပေါ်ကဆင်း အမှတ် ၆ ရထား ပြောင်းစီးမယ်ပေါ့။ ဘူတာ သုံးလေးခုကျော်လာတော့ စိတ်ထဲ သင်္ကာမကင်း ဖြစ်လာပြန်ပါတယ်။ ကျနော်တက်စီးလာခဲ့တဲ့ဘူတာ ဘယ်ဘူတာလဲဆိုတာ မမှတ်မိတော့ပြန်ဘူး။ တကယ်တော့ မြေအောက်ရထားဘူတာရုံတွေက တရုံနဲ့တရုံ တပုံစံတည်းချည်း ဖြစ်နေလို့ပါ။ ခြယ်သထားတဲ့ဆေး ချထားတဲ့ခုံတန်း အပြင်အဆင်အားလုံး တဘူတာနဲ့တဘူတာ အတူတူချည်းဖြစ်နေတော့ နမော်နမဲ့နေခဲ့မိတဲ့ ကျနော့်အဖို့ ခွကျတော့တာပေါ့။ ဒီကြားထဲ ဘူတာနာမည်တွေကလည်း နော့်ခ်ျလို (နော်ဝေလို) ချည်းပဲ ရေးထားပြန်။ ကျနော်က နော်ဝေလိုမဖတ်တတ်။ တကိုယ်လုံး ထူပူနေတဲ့ကြားက အမှတ် ၂ ရထားလမ်းအဆုံးအထိ ပါသွား။ ကြံရာမရတော့ ဒီရထားကိုပဲ နောက်ထပ်ပြန်စီး၊ ဘူတာဆယ်ခုလောက်ကျရင် တွေ့တဲ့ဘူတာမှာဆင်း၊ မြေပေါ်တက် လမ်းဘေးဖုန်းကတဆင့် အိမ်ကိုဖုန်းဆက်။ ဒီကြားထဲ မှတ်မိလိုမှတ်မိငြား တွေ့သမျှဘူတာတွေ သေသေချာချာကြည့်။ ဆယ်ခုမြောက်မရောက်ခင် ကိုးခုမြောက်ဘူတာ ခဏရပ်စဉ် အင်္ဂလိပ်လိုရေးထားတဲ့ ဆိုင်းဘုတ်လေးတခု ဟိုဘက်အခြမ်း စင်္ကြံပေါ်မှာ လှမ်းမြင်လိုက်ရပါတယ်။ အက်ဗတ်မွန့် ပြတိုက်သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးပါ။ ဒါနဲ့ပဲ ရထားပေါ်ကဆင်းမယ်လုပ်တော့ ရထားက ထွက်နေပြီ။ ဆိုတော့ကာ ရှေ့ဘူတာရောက်မှ တဖက်ခြမ်းကို ခုန်းကျော်တံတားနဲ့ကူး ပြန်လာတဲ့ရထားပေါ် တက်စီး။ အက်ဗတ်မွန့်ပြတိုက်သို့ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ခဏရပ်ပြီး အမောဖြေနေရပါသေးတယ်။
ပြီးတော့မှ ဝမ်းသာအားရ မြေပေါ်ပြန်တက် အက်ဗတ်မွန့်ပြတိုက်ရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ စမတ်ကျကျ ရပ်နိုင်ပါတော့တယ်။ တကယ်တော့ ကျနော်က သည်နေရာကနေ အိမ်ကို ဘတ်စ်ကားစီး ပြန်တတ်နေပြီဆိုတော့ အခက်အခဲမရှိတော့ဘဲ အိမ်ပြန်ရောက်သွားနိုင်ပြီ ဆိုပါတော့။ အက်ဗတ်မွန့်ခ်ပြတိုက်ကိုက ကျနော်တယောက်တည်း လာဖူးနေတာ သုံးခေါက်ရှိနေပြီ ဆိုတော့ သည်နေရာကနေ အိမ်ကိုတော့ ကောင်းကောင်းပြန်လို့ရသွားပြီပေါ့။ တကယ်တော့ ဒုက္ခပင်လယ်ဝေနေတဲ့ ကျနော့်ကို ပန်းချီဆရာကြီး အက်ဗတ်မွန့်ခ်က ကယ်တင်လိုက်တဲ့ သဘောပါပဲ။
အိမ်ရောက်တော့ ည ၇ နာရီရှိနေပြီ။ အိမ်သားတွေနဲ့ ကိုမောင်မောင်မြင့်တို့လည်း အပြန်အလှန် ဖုန်းတွေ အကြိမ်ကြိမ်ဆက်။ စိတ်ပူနေကြတုန်း စပ်ဖြီးဖြီးမျက်နှာနဲ့ ပြန်ရောက်လာတဲ့ ကျနော့်ကို တအံ့တဩ ဝိုင်းမေးကြ အပြစ်တင်ကြ ရယ်ကြ ဟားကြပေါ့။ သူတို့စိတ်ပူမယ်ဆိုလည်း ပူစရာပါ။ ညနေ ၄ နာရီက ထွက်သွားလိုက်တာ နာရီဝက်ကျော်ဆိုရောက်တဲ့ ကိုမောင်မောင်မြင့်ဆီမရောက် အဆက်အသွယ်တွေပြတ်။ သည်ကြားထဲ ကျနော်က အော်စလိုမှာ ဘယ်ကိုမှ ကျွမ်းကျွမ်းကျင်ကျင် မသွားတတ်သေး။
ဒါနဲ့ စိတ်ပူနေတဲ့ ကိုမောင်မောင်မြင့်ဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြရ စိတ်ပူအောင်လုပ်မိတာ တောင်းပန်ရပြန်ပါတယ်။ ဒါပေမဲ့ ကိုမောင်မောင်မြင့်က “အခု ၇ နာရီပဲ ရှိသေးတယ်၊ ကျနော့်အိမ်လာရင် တနာရီမလာရဘူး၊ အခု ခင်ဗျားပြန်ထွက်လာခဲ့” ဆိုပြီး ချစ်ခင်စွာ အမိန့်ပေးလာပါတော့တယ်။ “ရထားတွေက ည ၁၂ နာရီကျမှ နားတာ၊ ၁၁ နာရီရထားနဲ့ ခင်ဗျား အိမ်ပြန်ချိန် ကောင်းကောင်းရတယ်၊ ဒီအတိုင်းဆို ခင်ဗျား ဘယ်မှ သွားတတ်တော့မှာ မဟုတ်ဘူး၊ ခုအိမ်ကထွက်ခဲ့“ ဆိုပြီး ဖုန်းချသွားပါတော့တယ်။ ဒါနဲ့ပဲ အိမ်သားတွေကို အသေအချာမေး အသေအချာမှတ်သားပြီး ည ၈ နာရီမှာ ကိုမောင်မောင့်မြင့်အိမ်ကို အောင်မြင်စွာ ရောက်သွားနိုင်ခဲ့တယ် ဆိုပါတော့။
၃။
ည ၁၁ နာရီထိုးကာနီးတော့ ကိုမောင်မောင်မြင့်မိသားစုကို နှုတ်ဆက်ပြီး ကျနော်ပြန်လာခဲ့ပါတယ်။ နာရီဝက်လောက်ရှိတော့ မသီတာတို့အိမ်ရှေ့က ဘူတာမှာ ရထားပေါ်ကဆင်းပြီး မြေပေါ်တက်ပါတယ်။ အဲဒီမှာ ဗမာပြည် မြေလတ်သားကျနော်နဲ့ အော်စလိုဆောင်းနဲ့ တွေ့ကြတော့တာပါပဲ။
ရထားပေါ်က ဆင်းလိုက်တာနဲ့ တပြိုင်နက် ကျနော့်တကိုယ်လုံး အအေးခန်းထဲ ဝင်လိုက်သလိုပါပဲ။ တကယ်လုံး ကျင်စက်နဲ့တို့သလို အအေးဓာတ်က ကျနော့်ကို ကြိုဆိုတော့တာပါပဲ။ မြေပေါ်ရောက်တော့ ကျနော့်တကိုယ်လုံး ခိုက်ခိုက်တုန်နေပါပြီ။ အော်စလိုဆောင်း သည်လောက်အေးလိမ့်မယ်လို့ မထင်လိုက်မိတော့ အပေါ်ဆုံးက ခြုံပြီးဝတ်ရတဲ့ ကုတ်အင်္ကျီအရှည်ကြီး ယူမလာခဲ့မိ။ အနွေးထည်ဂျာကင်လောက်နဲ့ အော်စလိုဆောင်းကို ခုခံနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ကျနော့်မှာ အအေးဒဏ်ကို အံမတုနိုင်ပါဘူး။ ဒါနဲ့ပဲ ကိုက် ၃၀ လောက်တောင် မဝေးတဲ့ ဘတ်စ်ကားဂိတ်ကလေးဆီ လှမ်းကြည့်။ ကံဆိုးချင်တော့ ဘတ်စ်ကားက သူ့အချိန်စေ့လို့ မောင်းထွက်သွား။ ကျနော့်မှာ ကားကိုမြင်နေရက်နဲ့ မစီးလိုက်ရလို့ စိတ်ပျက် ချည့်နဲ့စွာနဲ့ပဲ ဘတ်စ်ကားဂိတ်ဆီတော့ ရောက်လာခဲ့ပါတယ်။ ညဉ့်ကလည်းနက် တိုက်တာ အဆောက်အအုံတွေကလည်း မီးရောင်မတွေ့ရတော့။ သည်ကြားထဲ လေကလည်း နားရွက်တွေ ပါးတွေကို အပ်နဲ့ထိုးသလို တိုးဝင်။ အအေးဒဏ်မခံနိုင်တော့ နောက်ထပ် ရောက်လာတဲ့ ခရီးသည်နှစ်ယောက်နဲ့အတူ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်၊ ခုန်ဆွခုန်ဆွလုပ်။ ထိုင်ထလုပ် လက်တွေ ကွေးလိုက် ဆန့်လိုက် ကစား။ လေကွယ်ရာတိုက်နံရံဘေး ပြေးကပ်ပြန်တော့ တိုက်နံရံက ရေခဲတုံးကြီးမှီမိသလိုဖြစ်။ နားရွက်တွေဆိုတာ ပြတ်ကျမတတ် အေးခဲ။
မခံမရပ်နိုင်လောက်အောင်ဖြစ်လာလို့ နီးစပ်ရာ ဆိုင်တဆိုင်ထဲ ပြေးဝင်ရမလား စဉ်းစားတုန်း ကိုယ်စီးရမဲ့ ဘတ်စ်ကားက ရောက်လာပါတော့တယ်။ ပွင့်သွားတဲ့တံခါးကတဆင့် ကားပေါ်ကို ရောက်တယ်ဆိုရင်ပဲ တကိုယ်လုံး နွေးကနဲဖြစ်၊ ကားပေါ်က ရေမွှေးနံ့က သင်း။ အပူဓာတ်ပေးထားတဲ့ ကားပေါ်မှာ ရေမွှေးနံ့ သင်းသင်းကိုရှူရှိုက်။ ဆိုဖာကုလားထိုင်ပေါ် အသာအယာထိုင်။ သက်ပြင်းတချက်ချ။
သည်လိုဆိုတော့လည်း အော်စလိုရဲ့ဆောင်းညကို ကျနော့်မှာ ချစ်သွားရပြန်ရော။ ။
ငြိမ်းဝေ
(တချိန်က အော်စလိုရဲ့နေ့ရက်များကို လွမ်းသမိခြင်းပါ။)











