DVB Logo
Home
ဆောင်းပါး
နွားကျောင်းနေတဲ့ ပ‌ယောမူ
DVB
·
September 18, 2026
နွားကျောင်းနေတဲ့ ပ‌ယောမူ
Donate to DVB

သူ့ကို ပယောမူလို့ ကရင်စုမှာ ခေါ်ကြတယ်။ ကရင်စုကလူတွေက ပယောမူကို မသိတဲ့သူ မရှိပါဘူး။ ကရင်စုတရွာလုံးက ပယောမူရဲ့ စားအိမ်သောက်အိမ်လို့တောင် ပြောလို့ရမှာပါ။

“ကရင်စုတရွာလုံးက ကျမကို ပယောမူ၊ ပယောမူလို့ ခေါ်ကြတယ်။ စားစရာတခုခုရှိရင်လည်း ခေါ်ပေးကြတယ်။”

ပယောမူက သူ့အကြောင်းတွေ ပြောပြရင်းနဲ့ သူ့ကို အခုလို ခေါ်တဲ့အကြောင်းကို ထည့်ပြီး ပြောပြတတ်တယ်။ ကရင်စုမှာ ခရစ္စမတ်လုပ်တာ၊ မိသားစုတစုက ချီးမွမ်းခြင်းအမှုပြုကြတဲ့အခါ ပယောမူကို လာဖိတ်တယ်။ လာဖိတ်တာတင် မဟုတ်ပါဘူး။ ကြိုပို့ကားနဲ့တောင် လာခေါ်၊ ပြန်ပို့ပေးတယ်။

မြန်မာတွေက အဲဒီနေရာကို ကရင်စုလို့ ခေါ်ကြတယ်။ ထိုင်းလူမျိုးတွေအခေါ်မှာတော့ တခုခုတော့ ရှိမှာပါ။ ကရင်စုမှာ ပွဲလမ်းတခုခုရှိတာ၊ အိမ်တအိမ်က အလှူအတန်းတခုခု လုပ်တာ၊ သာရေး၊ နားရေးပါအစ ပယောမူကို လှမ်းပြောကြတယ်။

အဲဒီလို လှမ်းပြောလိုက်ရင်ပဲ ပယောမူက ရောက်သွားလိုက်တာပဲ။ သူ့ကို ပယောမူလို့ ခေါ်တာကိုလည်း သူ ကြိုက်တယ်။ သူ့ကို အခုလို အရေးတယူ ခေါ်တာ၊ ထမင်းခေါ်ကျွေးတာ၊ အစားအသောက် တခုခု ခေါ်ပေးတာ သူ သဘောကျတယ်။

မြန်မာနိုင်ငံက လာတဲ့ ပယောမူတယောက် အခုလို မြန်မာအစုအဝေးတခုမှာ တရင်းတနှီး နေရတာကို သူ ကျေနပ်တယ်။ ပယောမူနဲ့အတူ မြန်မာနိုင်ငံက လာကြတဲ့သူတွေက တခြားနေရာတွေကို ပြောင်းရွှေ့သွားကြပေမဲ့ ပယောမူကတော့ ဒီနေရာကနေ မပြောင်းပါဘူး။ သူနဲ့ ကရင်စုလို နေရာလေးက မမြင်ရတဲ့ သံယောဇဉ်နှောင်တွယ်ထားတာမျိုးတောင် ရှိရင်ရှိနေလောက်ပါပြီ။

ပယောမူက ကရင်စုနားက အိမ်တန်းလေးမှာ နေတယ်။ သူဌေးထားတဲ့နေရာမှာ နေကြတာ။ ဒီနေရာကနေ တခြားနေရာကို ပြောင်းဖို့အတွက်လည်း သူ စိတ်ကူးထားတယ်။ သူ နွားကျောင်းလို့ ရတဲ့လခနဲ့ သူ့ယောက်ျား အလုပ်လုပ်လို့ရတဲ့ ဝင်ငွေနဲ့ ဘဝရပ်တည်လို့ အဆင်ပြေတဲ့အကြောင်း စကားစပ်မိလို့ ပြောတဲ့အခါ ပယောမူက ပြောပြပါတယ်။

ပယောမူက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ကလာတာ။ ထိုင်းကို ရောက်တော့ သူကြီးကတ်နဲ့ နေတယ်။ ပထမရောက်တဲ့ တနှစ်တော့ သူကြီးကတ်နဲ့ နေလို့ရတယ်။ နောက်နှစ်မှာ ဘတ်ရိုက်ပြီး နေရမယ်လို့ သူ သိထားတယ်။ ပယောမူက လောလောဆယ် ဘတ်ရိုက်ဖို့ထက် လရင့်နေပြီဖြစ်တဲ့ သူ လွယ်ထားတဲ့ ကိုယ်ဝန်ကို ဘယ်လို မွေးရမလဲ ဆိုတာကိုပဲ အကျပ်ရိုက်နေတာ။

ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ကျောင်းသားဆေးခန်း (မယ်တော်ဆေးခန်း) မှာ ‌ငွေမကုန်ဘဲ ဆေးခန်းပြလို့ ရနေတာတော့ သူ့အတွက် အဆင်ပြေနေတာပေါ့။ ဆေးခန်းပြရတာ ငွေမကုန်ဘူး ဆိုပေမဲ့ သွားစရိတ်၊ လာစရိတ်တော့ ရှာရသေးတာပါပဲ။

ထိုင်းနိုင်ငံ အနောက်ဘက်ပိုင်းကျတဲ့ အရပ်ဒေသတခုမှာ တောင်စဉ်တောင်တန်းတွေက သွယ်တန်းလို့ နေပါတယ်။ ဘယ်နေရာကနေကြည့်ကြည့် တောင်တန်းကိုတော့ မြင်နေရတယ်။ ပယောမူတို့ နေတဲ့နေရာက တောင်ခြေမရောက်ခင် နေရာလေးမှာ နေကြတာ။ တောနည်းနည်းကျတဲ့ နေရာပေါ့။ 

မြို့ထဲကလူတွေက ရေတံခွန်မှာလာပြီး အပန်းဖြေကြရင် ပယောမူတို့နေတဲ့နေရာကို ရောက်အောင်လာကြရတာပါ။ ပယောမူကတော့ အပန်းဖြေဖို့ထက် နွားကျောင်းတဲ့အလုပ်ကိုပဲ လုပ်တယ်။ မနက်မိုးလင်းတာနဲ့ တင်းကုပ်ထဲက နွားတွေကို ကြိုးလွှတ်ပေးပြီး ကျောင်းနေတော့တာပဲ။

နွားတွေက အစားစားရင်း ခြေရှည်တတ်တဲ့ အကောင်တွေလည်း ပါတာပေါ့။ အဲဒီလို ခြေရှည်တဲ့နွားက အစာကို ကောင်းကောင်းမစားဘဲ တနေရာကို ဦးတည်သွားပြီဆိုတာနဲ့ ပယောမူက နွားနောက်ကို အပြေးလိုက်တော့တာပဲ။ ဗိုက်ကြီးတလုံးနဲ့ အရမ်းမပြေးနဲ့လို့ ဘေးက ဝိုင်းပြောကြလည်း ပယောမူက လုပ်မြဲအတိုင်းပါပဲ။

“ကိုယ်က နွားကျောင်းမှ ပိုက်ဆံရမှာလေ၊ ဒီလိုမှမလုပ်ရင် ဘာနဲ့ထမင်းသွားစားရမလဲ” လို့ ပယောမူက နွားကျောင်းနေရင်း သူ့အကြောင်းကို ပြောပြတယ်။

ပယောမူ နွားကျောင်းတဲ့ အတွေ့အကြုံက အခုမှစတာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်း သူဌေးတယောက်ရဲ့ နွားခြံမှာ နွားကျောင်းခဲ့ဖူးပါသေးတယ်။

“ဒီနွားတွေက တော်သေးတာပေါ့၊ အရင်သူဌေးရဲ့ နွားတွေဆို လူတွေရဲ့ အဝတ်အစားတွေကိုပါ စားတာ။ တဲထဲမှာရှိတဲ့ ထမင်း၊ ဟင်းတွေလည်း ဖွင့်စားတယ်။ ဘယ်လိုနွားတွေလည်း မသိဘူး။ သူဌေးက အနောက်ကလိုက်ပြီး လျော်ကြေးလိုက်ပေးရတာ။”

ပယောမူက နွားကျောင်းတဲ့အလုပ်တခုပဲ လုပ်တာမဟုတ်ဘူး။ ပိုးကောင်ရှာတဲ့အလုပ်လည်း လုပ်တယ်။ တောင်ခြေ တောနက်ဘက်မှာ ထိုင်းစံတော်ချိန် မနက်အစောဆုံး ၂ နာရီအချိန် ပိုးကောင်တွေ ရှာတယ်။ ပိုးကောင်တွေက အဲဒီအချိန်ပဲ ကျတာ။ မနက်မိုးလင်းခါနီး အလင်းရောင်မရခင်မှာဘဲ ပိုးကောင် (ပုစဉ်းရင်ကွဲ) ဖမ်းတဲ့အလုပ်ကို ရပ်လိုက်တယ်။

“ကျ‌မ မြွေမကြောက်၊ ကင်းမကြောက် လုပ်ခဲ့တာပါ။ အခုနေ ပြန်တွေးရင် ကြောက်တာပေါ့။ သူများအသက်ကို လိုက်ဖမ်းရတာ၊ ကိုယ့်အသက်တဝက် ပေးထားရသလိုပဲ။”

ပယောမူက ပိုးကောင်ဖမ်းပြီး ရောင်းစားခဲ့ရတဲ့ အကြောင်းတွေကို ပြောပါတယ်။ ကော်ဘူးတဘူးကို ဝယ်တယ်။ အဲဒီကော်ဘူးထဲကို ဆားတွေထည့်၊ ဆားပေါ်ကို ရေတွေ လောင်းထည့်လိုက်တယ်။

ဆားတွေက လေးတော့ ကော်ဘူးအောက်ခြေမှာ ကပ်နေတာ။ ဆားပေါ်ကရေတွေ နည်းနည်းချင်း လှုပ်ခပ်နေအောင် လမ်းလျှောက်ရတယ်။ လမ်းအမြန်လျှောက်လို့ မရဘူး။ ဖမ်းမိတဲ့ ပိုးကောင်တွေကို ကော်ဘူးထဲ ဖမ်းထည့်တယ်။ ‌ပိုးကောင်တွေက ဆားရည်နဲ့ မသိမသာလေး လှုပ်ရှားပေးနေသလိုဖြစ်တော့ ပိုးကောင်တွေက ဖြူစွတ်နေတာပေါ့။

အဲဒီလို ဖြူစွတ်နေမှ ဈေးကောင်းရတာ။ ဖမ်းမိထားတဲ့ ပိုးကောင်တွေ ထည့်တဲ့ဘူးကို အရမ်းလှုပ်မိရင် ပိုးကောင်တွေက အရောင်မကောင်းတော့ဘူး။ မည်းကုန်ရော၊ မည်းရင် ဈေးကောင်းမရတော့ဘူး။ ပိုးကောင်တွေကို ဖမ်းပြီး ဈေးကို တန်းသွားတယ်။ ရောင်းချပြီးမှပဲ အိမ်ပြန်လာရတယ်။ ပယောမူ ပိုးကောင်တွေ ဘယ်လိုဖမ်းရလဲ။ ဘယ်လိုရောင်းခဲ့ရလဲဆိုတာ နွားကျောင်းနေရင်းနဲ့ ပြောပြတတ်တယ်။

ညနေခင်းတခုမှာတော့ ကျားအန္တရာယ်သတိပေးချက် ထွက်ပေါ်လာတယ်။ ရပ်ကွက်တိုင်းက လမ်းမီးတိုင်တွေပေါ်က စပီကာအသေးစားလေးတွေဆီက ကျားသတိပေးချက်ကို ကြေညာသွားတာပါ။ ကြေညာသွားတဲ့သူက မြန်မာလိုရော၊ ထိုင်းလိုရော ကြေညာသွားတာပါ။

သတိပေးချက်က ကျားခြေရာ တွေ့တယ်။ ကျားခြေရာ တွေ့တဲ့အတွက် ကျားတကောင်တော့ လွတ်နေတာ သေချာတယ်။ အများပြည်သူ သွားရေး၊ လာရေး ဆင်ခြင် သတိထားသွားလာကြဖို့အတွက် ဖြစ်ပါတယ်။

သတိပေး ကြေညာသွားတဲ့အသံကို ကြားလိုက်ကြတဲ့သူတွေက သတင်းပြန်ဖြန့်ကြတာပေါ့။ အဲဒီ သတိပေးချက်အသံ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နေအိမ်တွေ အကုန်လုံးလိုလို အိမ်တံခါးတွေ ပိတ်လိုက်ကြတယ်။ အပြင်သွားဖို့ ချိန်းဆိုထားကြတဲ့သူတွေလည်း အစီအစဉ်ဖျက်လိုက်ကြတယ်။

ကျားခြေရာ တွေ့တဲ့နေရာက ပယောမူတို့နဲ့ မဝေးဘူး။ ကျားခြေရာတွေ့တဲ့နေရာဆို ပယောမူ အရင်က ပိုးကောင်တွေ ဖမ်းခဲ့တဲ့ နေရာပေါ့။ သူတို့ အခုနေတဲ့နေရာက တံခါးမရှိဘူး။ ဒီလို ဟာလာဟင်းလင်းမှာ နေရတော့ ကျားသတင်းကြားကြားချင်း ပယောမူတယောက် ကြောက်စိတ်ဝင်မိတယ်လို့ ပြောတယ်။

ကျားသတင်းက ညမိုးချုပ်တော့ သတင်းဌာနတချို့မှာလည်း ဖော်ပြလာကြတယ်။ မြေပြင်မှာ သတိပေးချက် မကြားလိုက်တဲ့သူတွေက သတင်းတွေ တက်လာတော့မှပဲ ကျားခြေရာ တွေ့တယ်ဆိုတာ အဟုတ်ကြီးပေါ့ဆိုတာ ဖြစ်လာကြသူတွေလည်း ရှိကြတယ်။

ပယောမူတယောက် ကျားသတင်းထွက်ပြီးတဲ့နောက်မှာ နွားကျောင်းနေတာ မတွေ့ရတော့ဘူး။ တပတ်လောက်နေတော့မှ နွားအုပ်ထဲမှာ ပယောမူတယောက် ပေါ်လာတယ်။ အနားကလူတွေက ကျားမကြောက်ဘူးလားလို့ ဝိုင်းမေးကြတယ်။

“ကျားသတင်းမထွက်ခင်ကတည်းက နွားတကောင်နဲ့ ကျွဲတကောင် ပျောက်တယ်။ ဘယ်သူမှတော့ အဲဒီအကြောင်း မပြောကြဘူး။”

ပယောမူက သူ ကြားထားတဲ့ သတင်းကို ပြောတယ်။ နွားတကောင် ပျောက်တဲ့ရက်နဲ့ ကျွဲတကောင် ပျောက်တဲ့ရက်က အချိန်ခြားတယ်။ ကြားမှာ သုံးလေးရက်လောက် ကွာတယ်လို့လည်း ပယောမူက သူ ကြားထားသမျှကို ပြောနေတယ်။

“သူ့ကလေးကိုလုပ်လို့ သူ့အမေက လူတွေနဲ့ နီးတဲ့နေရာကို လာတာ။”

ကျားက သူ့ကလေးကို လူတွေ သတ်စားမိလို့ အခုလို လူတွေနဲ့ အနီး‌ဆုံးနေရာကို လာတာလို့ ပယောမူက ပြောတယ်။ ပြီးတော့ ထိုင်းနိုင်ငံက ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းတပုဒ်မှာ ကျားတွေကို မသတ်စားရဘူး ဆိုတဲ့ ပညာပေးဇာတ်လမ်းတပုဒ် လွှင့်သွားသေးတယ်ဆိုတဲ့ အကြောင်းတွေပါ ပယောမူတယောက် သူ သိလာသလောက်ကို အိတ်သွန်ဖာ‌မှောက် ပြောပြတယ်။

သူပြောတာကို နားထောင်ပြီး ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလို့ တွက်ဆကြတဲ့သူတွေလည်း ရှိတာပေါ့။ ပယောမူက နေရာစုံလိုက်သွားနေသူ၊ အကြောင်းစုံသိရသူပေါ့။ သူ ပြောပြတဲ့ အရာတွေထဲမှာ လက်ရှိဖြစ်နေတာတွေနဲ့ တိုက်ဆိုင်စစ်ဆေး စဉ်းစားချင့်ချိန်လို့ ရသွားကြတဲ့သူတွေလည်း ရှိကြမှာပါ။

ကျားသတင်းက ရက်ပေါင်းအတော်ကြာတော့မှ တနေရာမှာ ကျားခြေရာတွေ့တယ်ဆိုတဲ့ သတင်း တက်လာပြန်ပါတယ်။ ဒီတခါ ကျားခြေရာတွေ့တဲ့နေရာက ပယောမူတို့ နေတဲ့နေရာနဲ့ ဝေးသွားပါပြီ။

နောက်တခါ ရက်ပေါင်း အတော်လေးကြာတော့မှ တခါ ကျားလို့ယူဆရတဲ့ သတ္တဝါတကောင်ရဲ့ ခြေရာကို တွေ့ပြန်တဲ့အကြောင်း သတင်းတက်လာပြန်ပါတယ်။ ဒီတခါ ကျားလို့ ယူဆရတဲ့ သတ္တဝါတကောင်ရဲ့ ခြေရာတွေ့တဲ့နေရာက ပယောမူတို့ နေတဲ့နေရာနဲ့ ပိုလို့တောင် ဝေးသွားပါပြီ။

သီချင်းသံ ကျီကျီကျာကျာကို ကြားလိုက်ပြီ‌ဆို ပယောက်မူတယောက် နွားကျောင်းထွက်ပြီဆိုတာ တန်းသိနိုင်တယ်။ တခါတလေ ဖုန်းနဲ့ဖွင့်ထားတဲ့သီချင်းကို လိုက်ဆိုနေတတ်တယ်။ နွားပျောက်လို့ လိုက်ရှာရတာလည်း ရှိတာပေါ့။

နွားတွေက ၁၀ ကောင်ကျော်လောက်တော့ ရှိမယ်။ ဘယ်နွားက ဘယ်လိုနေရာမှာ အစာရှာတတ်လဲ‌ ဆိုတာ ပယောမူက သိတယ်။ နွားပျောက်လို့ ရှာရင် ဘယ်နွားကို ဘယ်မှာရှာရမလဲ ဆိုတာလည်း ပယောမူ သိတယ်။ နွားပျောက်လို့ရှာရရင် အချိန်အကြာကြီးတော့ မယူဘူး။

နွားပျောက်ရှာချိန်မှာ သူ့မှာ အခက်အခဲတခုရှိတယ်။ ကိုယ်ဝန်အရင့်အမာကြီးနဲ့ စူထွက်နေတဲ့ ဗိုက်ကို သယ်နေရလို့ ကုန်းအတက်အဆင်းတွေမှာ အရင်လို သွက်သွက်လက်လက် မလုပ်နိုင်ဘူးလို့ ပြောတယ်။ ကိုယ်ဝန်မရှိခင်တုန်းကဆို တော်ရုံကုန်းကမူလောက်ဆို လွှားခနဲ ကျော်တက်လိုက်တာပဲလို့ ပြောတယ်။

မကြာခင် ကလေးမွေးရင် နေရမဲ့ နေရာသစ်တခုကို ပယောမူ ယောကျ်ားက ရွေးထားတယ်။ အဲဒီနေရာက ရွာသူကြီး ပေးနေတဲ့ နေရာပဲ။ ငှက်ပျောတောထဲမှာ နေကြလို့ ပြောလို့ ခြံလည်းစောင့်၊ နေစရာလည်းရ ဆိုတော့ ပယောမူတို့အတွက် ပိုအဆင်ပြေတာပေါ့။ မွေးလာမဲ့ကလေးနဲ့အတူ နေရာသစ်တခုမှာ နေကြဖို့ပါ။

ပယောမူ သူဌေးမဆီ သူ့လုပ်အားခတွေ လာထုတ်တယ်။ သူ ရသင့်သလောက်တော့ အပြည့်အမီ မရဘူး။ အခုလို လုပ်အား ခအပြည့်အမီမရတာ ဒီတလထဲတော့ မဟုတ်ဘူး။ အရင်လတွေတုန်းကလည်း အခုလိုပဲ အပြည့်မပေးဘဲ ချန်ပြီးပေးတာ။

အရင်လတွေက လုပ်အားခအပြည့်မပေးတော့ တောင်းကြည့်သေးတယ်။ ဘယ်လိုတောင်းတောင်း မပေးဘူးဆိုတာ ပယောမူက သိတယ်။ ကိုယ်ဝန်ရှိနေတာတောင် ဗိုက်ပြပြီး ဈေးဖိုးလိုလို့ တောင်းတာကိုတောင် အပြည့်မရခဲ့ပါဘူး။

အဲဒီအချိန်ကစပြီး ငွေအပြည့်ရဖို့ မမျှော်လင့်တော့တာ။ သူဌေးမ ပေးတဲ့ ရသလောက်ငွေလေးနဲ့ပဲ ညနေဈေးတခုကို သွားလိုက်တယ်။ တပတ်စာအတွက် ဝယ်ခြမ်းခဲ့တယ်။ သူ အာဟာရပြည့်ဖို့နဲ့ ဗိုက်ထဲက ကလေး အာဟာရပြည့်ဖို့က သူဌေးမအပေါ်မှာပဲ မူတည်နေတာ။ ဒီဗိုက်မကြီးခင် ရှေ့မှာ ပယောမူ ကိုယ်ဝန်ပျက်ကျခဲ့ဖူးသေးတယ်။ ဘယ်လိုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ရလဲ ဆိုတာကိုတော့ ဆက်ပြီးတော့ ဘယ်သူ့ကိုမှ မပြောပြပါဘူး။   ။

တာပလု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013