DVB Logo
Home
ဆောင်းပါး
စိတ်ကုန် လူကုန် ပြန်ပေးဆွဲနေတဲ့ ရန်ကုန်
လင်းဆက်ငြိမ်းချမ်း
·
September 18, 2026
စိတ်ကုန် လူကုန် ပြန်ပေးဆွဲနေတဲ့ ရန်ကုန်
Donate to DVB

ရသလောက်အလုပ်လေးနဲ့ မှေးကာ ဒီနွံတောထဲမှာ နစ်ကျန်မနေအောင် ချွေးဒီးဒီးကျ ရုန်းကန်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင် ဖြစ်တယ်ဆိုရုံသာ ရှိတော့တဲ့ သူငယ်ချင်းက ဆိုတယ်။

ဝန်ထမ်း ၇၀ လောက်နဲ့ တလူလူလွင့်လာတဲ့ သူ့ကုမ္ပဏီဟာ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတော့ လူ ၁၀ ယောက်ကျော်နဲ့ ယက်ကန်ယိုင်နဲ့။ ရတဲ့အလုပ်ကို ရှိတဲ့လူနဲ့ ဖြစ်သလို အသက်ဆက်နေရတာ တခြားကုမ္ပဏီတွေလည်း ဒီပုပ်ထဲက ဒီပဲပါပဲလို့ သက်ပြင်းကို တွင်တွင်ချ အဖော်ညှိပြတယ်။

ကုမ္ပဏီတွေက ပြာခါနေတော့ လစာကို လျှော့ချကြပေမဲ့ ကုန်ဈေးနှုန်းဆိုတာကြီးကို ဆွဲမချနိုင်လို့ အခွင့်အလမ်းသာတဲ့ ကျွမ်းကျင်ဝန်ထမ်းများစွာက နိုင်ငံခြားထွက်ကြ။ ၂၀၂၄ ခုနှစ်မှာ အဓမ္မ စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း စစ်မှုထမ်း ပြန်ပေးဆွဲ သောက်သောက်လဲ ဆွဲလာတော့ သာမန်အလုပ်သမားတယောက် ရဖို့တောင် ခဲခဲခက်ခက်။

“ကျနော့်ဆီမှာ ကျွမ်းကျင်ဝန်ထမ်း ၂ ယောက်ပဲကျန်တယ်။ ကျန်တာတွေက ကလေးလုပ်သားတွေ” လို့  သူက ပြောပြတယ်။

၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကလေးလုပ်သားတွေကိုသာ ရှာဖွေခန့်ထားရတော့တယ်လို့ သူငယ်ချင်းက မျက်နှာပူပူနဲ့ ဆိုတယ်။

လစာကြောင့် ခန့်တာတော့မဟုတ်။ အသက်မပြည့်သေးတဲ့ အလုပ်သမားလည်း သက်ပြည့် အလုပ်သမားတွေလို လစာပေးရတာပဲ။ အဓိကပြဿနာက ခန့်စရာ သက်ပြည့်လုပ်သား ရှာရခက်လာတာ။

ပြီးတော့ ဒီဘက်နှစ်တွေမှာ အလုပ်သမားတွေကို မဖြစ်မနေ ဝန်ဆောင်မှုပေးရတာက နေစရာ ပေးရတာ။ အလုပ်သမားတွေက များသောအားဖြင့် ရန်ကုန်မြို့စွန်ပိုင်းတွေမှာ နေကြတာ များတာကြောင့် ကားခက တဆင့်စီး ၄၀၀ ဆိုပေမဲ့ ၁၀၀ တန် အကြွေမရှိတော့လို့ ၅၀၀။ ကား ၂ ဆင့်စီးရတဲ့သူဆို တနေ့ကို လိုင်းကားခချည်း ၂,၀၀၀။ ဆိုတော့ နေစရာလေးပေးမှ သူတို့လေးတွေလည်း ကားခ မကုန်တော့မှာ မဟုတ်လား။

ရန်ကုန်မှာ စစ်မှုထမ်းအတွက် ပြန်ပေးဆွဲတွေ သိပ်များလာတဲ့ ၂၀၂၅၊ ၂၀၂၆ ခုနှစ်ရောက်တော့ အလုပ်သမားဝန်ထမ်းတွေကို နေစရာပေးတယ်ဆိုတာ ကားခ ချွေတာရုံတင်မက ပြန်ပေးဆွဲ မခံရရေး အတွက်ပါ အထောက်အကူပြုလာတယ်လို့ ဆိုတယ်။

“ဒါတောင် ဝန်ထမ်းတွေကို ပေးထားတဲ့နေရာက လုံခြုံမှုရှိဖို့ အရေးကြီးလာတယ်။ အလုပ်ပြီးလို့ အဆောင်ပြန်ရောက်ရင် အပြင်မထွက်ကြဖို့လည်း လိုလာတယ်။ ပြီးတော့ ကိုယ့်နေရာကိုယ် သိုသိုသိပ်သိပ်နဲ့ လူသိပ်မသိဖို့လည်း လိုလာတယ်” လို့ သူက ဆက်ပြောတယ်။

သူတို့ရဲ့အလုပ်က အလုပ်ဆိုဒ်ရှိတဲ့နေရာ သွားရပြီး အလုပ်ဆိုဒ်တွေကလည်း ရန်ကုန်မြို့ရဲ့ အစွန်အဖျား စက်မှုဇုန်လိုနေရာမျိုးတွေမှာမို့ သွားဖို့လာဖို့ ကားစီစဉ်ထားရ။ ဒီဘက်လတွေမှာ မနက် စောစောထ အလုပ်ထွက်လုပ်ကာ ညနေ ၄ နာရီ ဒေါင်ဆိုတာနဲ့ အလုပ်သိမ်းရတယ်လို့လည်း ဆိုတယ်။

“ပေါ်တာကို အလုပ်သမားတွေမပြောနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ကြောက်နေရတယ်။ အလုပ်ချိန်အတွင်း ပေါ်တာဆွဲခံရလည်း တာဝန်မယူနိုင်ဘူးဆိုတာ ကြိုပြောထားရတယ်” လို့ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ သူငယ်ချင်းက ဆိုတယ်။

တောင်ဥက္ကလာမှာနေတဲ့ စက်ရုံမန်နေဂျာတဦးကလည်း သူ့အသက် ၅၅ ကျော်ပြီဖြစ်ပေမဲ့ အသက်အရွယ်မရွေးကို စစ်မှုထမ်းအတွက် ပြန်ပေးဆွဲနေတာကြောင့် စက်ရုံဝင်းထဲက အဆောင်မှာ နေပြီး တပတ်တကြိမ်သာ အိမ်ပြန်တော့တယ်လို့ ဆိုတယ်။

သူတို့စက်ရုံသည်လည်း ပြန်ပေးဆွဲနေမှုကို ကြောက်နေရတာကြောင့် ညနေဆို ၅ နာရီမှာ သိမ်း။ အရင်လို အလုပ်တွေလည်း မကောင်းတော့ အချိန်ပိုဆင်းရတာ ပါးပါး။ လိုအပ်လို့ အချိန်ပို ဆင်းရရင်တောင် တနင်္ဂနွေပိတ်ရက်မှာသာ အချိန်ပိုဆင်းခိုင်းတော့တယ်လို့ ဆိုတယ်။

“၂၀၂၄ တုန်းက ကျနော်တို့နားက ကွိုင်စက်ရုံက ဖယ်ရီ ညမိုးချုပ်ကြီး ပြန်ပို့တော့ တညင်းကုန်း မရောက်ခင် စစ်ကားတွေက တားပြီး စက်ရုံလုပ်သား ယောကျ်ားလေး ၂၀ ကျော်ကို ပေါ်တာ ဆွဲသွားဖူးတယ်။ အဲဒီအချိန်ကတည်းက အလုပ်ပြန်ချိန် မိုးမချုပ်ဖို့ အလုပ်ချိန် အပြောင်းအလဲ လုပ်ခဲ့တယ်” လို့ စက်ရုံမန်နေဂျာက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လထဲက တည၊ ကွိုင်စက်ရုံ ဖယ်ရီပေါ်မှာ ပါလာတဲ့ ကျား ၂၃ ဦးနဲ့ မ ၁၅ ဦးအနက် ကျားတွေအကုန်လုံးကို စစ်တပ်က ပြန်ပေးဆွဲ။ ညတွင်းချင်း စစ်မှုထမ်း သင်တန်းကျောင်းသို့ ပို့ဆောင်။ ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းကနေ စစ်မှုထမ်း အပတ်စဉ် ၅ ဆင်းလာတဲ့ ကွိုင်စက်ရုံလုပ်သားတဦးက သထုံမှာ တာဝန်ကျနေစဉ် PDF ထံ အလင်းဝင်ရုံတင်မက PDF ရဲဘော် ဆက်လုပ်နေကြောင်း မီဒီယာတချို့ရဲ့ ဖော်ပြချက်အရ သိခဲ့ရ။ စစ်မှုထမ်းတပ်သား ဖြစ်သွားတဲ့ ကျန် ကွိုင်စက်ရုံလုပ်သား ၂၂ ဦးကတော့ ဒီနေ့ထိတိုင် သေသလား ရှင်သလား မသိရပေမဲ့ ဆက်မတွေးရဲစရာ အခြေအနေ။

စစ်မှုထမ်းထဲ ပြန်ပေးဆွဲခံရတယ်ဆိုတာ သေမင်းဆီကနေ ဖိတ်စာရလိုက်သလိုပဲမို့ စစ်မှုထမ်းဆိုရင် လူငယ်တွေ ကြောက်ကြရတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ် ပြန်ပေးသမားတွေက လက်ရဲဇက်ရဲ ဖြစ်နေတာမို့ ကံဆိုးသူတချို့လည်း ပြန်ပေးလက်ချက်နဲ့ ဘဝပျက်ကြရတယ်။

“ကျနော့်သူငယ်ချင်း ဇွန်လတုန်းက တောင်ဒဂုံမှာ လမ်းလျှောက်လာနေတုန်း အဆွဲခံလိုက်ရတယ်။ တကြိမ် ဖုန်းရပြီးတော့ သေသလား ရှင်သလား အဆက်အသွယ် မရတော့ဘူး။ အဲဒီကတည်းက ပေါ်တာကို ကျနော် သွေးပျက်နေတာ” လို့ ရန်ကုန်မြို့သား ကုမ္ပဏီဝန်ထမ်းတဦးက ဆိုတယ်။

ညနေ အလုပ်ဆင်းပြီဆို ကားမှတ်တိုင်ဆီ မြန်မြန်လျှောက်၊ ချွေးသံတရဲရဲနဲ့ လိုင်းကားပေါ် အလုအယက် ပြေးတက်။ မကြာသေးတဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ ပထမပတ်အတွင်း ရန်ကုန်မှာ ပြန်ပေးဆွဲတာတွေ သိပ်များနေလေတော့ ၆ နာရီလောက်မှ အလုပ်ပြီးတဲ့ရက်ဆို ကုမ္ပဏီမှာပဲ အိပ်လိုက်တော့တယ်လို့ ဆိုတယ်။

“ကုမ္ပဏီမှာ အိပ်တဲ့နေ့ဆို ညစာ မြန်မြန်ဆင်းဝယ်၊ နောက်ဆုံးပြန်တဲ့လူကို အပြင်ကနေ တံခါးသော့ခတ်ခိုင်းပြီး ညရောက်ရင်လည်း အခန်းတခန်းထဲပဲ မီးဖွင့်ပြီး အထဲမှာ ဘယ်သူမှ မရှိသလိုနဲ့ နေရတယ်။ ဧည့်စာရင်းလာစစ်ရင် အဖမ်းခံရမှာ ကြောက်တာကိုး” လို့ သူက ဆက်ပြောတယ်။

အရင်တုန်းက ရန်ကုန်ဆိုတာ အိပ်မက်ထဲမှာပဲ ရှိတော့တယ်။ ည ၇ နာရီကျော်၊ ၈ နာရီအထိ လူတရုန်းရုန်း၊ ကားတဝီဝီနဲ့ ရန်ကုန်မြို့တွင်းဆိုတာ ဘဝကူးသွားခဲ့ပြီလို့ ပြောရင် ဘယ်မှားမလဲ။ ည ၆ နာရီခွဲဆိုရင် ရန်ကုန်မြို့တွင်းမှာ လိုင်းကားရဖို့ရာ မသေချာ။ ၆ နာရီလောက်ကတည်းက ရန်ကုန်မြို့တွင်းမှာ လူတွေ ခပ်ကျဲကျဲ။

“အခု ကုမ္ပဏီတွေတောင် ဝန်ထမ်းတွေ ပေါ်တာဆွဲခံရမှာစိုးလို့ အလုပ်ချိန်ကို မနက် ၈၊ ညနေ ၄ နာရီ လုပ်နေကြပြီ” တဲ့။ ပြီးတော့ ညနေခင်း တိုးဝှေ့စီးရတဲ့ လိုင်းကားပေါ် ဝင်လာတဲ့ ဖုန်းခပ်များများဟာ မိသားစုဝင်တွေက စိတ်မချလို့ ဘယ်ရောက်နေပြီလဲလို့ ဖုန်းဆက်မေးသံတွေနဲ့ သတိရှိဖို့ သတိပေးသံတွေ တဝီဝီ။

အလုပ်သွား အလုပ်ပြန် ကျီးကန်းတောင်းမှောက် သတိရှိရှိ။ ညနေစောင်းလာရင် ရန်ကုန်ဟာ သရဲစီးခံနေရသလို အထိတ်တလန့်မျက်နှာတွေနဲ့ သုတ်သုတ်ပြာပြာ ခြေလှမ်းတွေနဲ့။ ရန်ကုန်မှာ ရန်ကုန်ဟာ ရန်တွေမကုန်သေးတော့ အသက်ငင်နေသလို အသက်လုရှူနေရသလိုနဲ့  လက်သီးဆုပ်ကိုတော့ မဖြည် မနက်ဖြန်တွေဆီလည်း ငေးလျက်။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013