DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းပြီးကြောင်း ထောက်ခံစာရမည်ဆိုပြီး အုပ်ကြီးအချို့ ငွေရလမ်း ဖန်တီးလာ
DVB
·
September 16, 2026
Photo: ပြည်သူ့စစ်မှုထမ်းများစုစည်းရာ
Photo: ပြည်သူ့စစ်မှုထမ်းများစုစည်းရာ
Donate to DVB

ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်မှုထမ်း မဲပေါက်သူတွေကို ငွေပေးရင် စစ်မှုထမ်းပြီးကြောင်း ထောက်ခံစာထုတ်ပေးမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့က ပြောဆိုတယ်လို့ ကြုံရသူ မြို့ခံတချို့က ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “သူတို့တောင်းတဲ့ငွေ မပေးရင် လူရှာပေး၊ ငွေပေးပြီးရင်တော့ သူတို့က စစ်မှုထမ်းပြီးကြောင်း စာထုတ်ပေးမယ် ပြောတယ်။ အဲဒီစာက ၆ နှစ် အကျုံးဝင်တယ်လို့ ပြောတာ၊ ဒါပေမဲ့ လမ်းမှာ သွားလာရင်း ပေါ်တာ ဘာညာပါရင်တော့ အာမမခံဘူး” လို့ ပြောပါတယ်။

ယခင်က စစ်မှုထမ်း မဲပေါက်တဲ့သူတွေကို စစ်မှုမထမ်းရအောင် ငွေတောင်းခံရာမှာ ငွေမရပါက နည်းမျိုးစုံနဲ့ မိသားစုဝင်တွေကို ပြောဆိုခြိမ်းခြောက် ဖိအားပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အခုအခါမှာ စစ်မှုထမ်းပြီးကြောင်း စာထုတ်ပေးမယ်ဆိုပြီး လူထုကို မက်လုံးပေးလာတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

ရန်ကုန်တိုင်း အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်း မဲစာရင်းပေါက်တာအပြင် အဓမ္မ ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတာကြောင့် လူငယ်တွေနဲ့ မိသားစုဝင်တွေဟာ ထိတ်လန့်နေကြရပါတယ်။

စစ်မှုထမ်းဖို့ ရှောင်လွှဲနိုင်ရန် လူစားထိုးဖို့ အုပ်ချုပ်ရေးမှူးတွေကို ငွေပေးပေမဲ့ အဲဒီလူငယ် ပေါ်တာဆွဲမခံရအောင် အာမခံချက်တော့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကလည်း မပေးဘူးလို့ ကြုံတွေ့ရသူ မိသားစုဝင်တချို့က ပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတယောက်က “အခုက အဲဒီစာက ဘယ်လို အာမခံချက်ရှိလည်း သေချာလည်း မေးလို့မရဘူး။ ဘယ်သူက တာဝန်ခံပေးမှာလဲ ဆိုတာလည်း မသိဘူး။ နောက်တခုက လမ်းသွားလာလို့ ဖမ်းခံရရင် ဒီစာပြလို့ လွှတ်ပေးမှာလား ဆိုတော့လည်း ဘယ်သူမှ အာမမခံတာကို ပိုက်ဆံက ပေးပြီးလည်း မပြီးသွားဘူး။ ဒီပေါ်တာဆွဲ မတရားလုပ်နေတဲ့ ကောင်တွေကို အပြတ်မဖြတ်နိုင်ရင် အလကားပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်အစိုးရခန့် အုပ်ချုပ်ရေးမှူးတွေက လစဉ် စစ်မှုထမ်းကြေးအဖြစ် ငွေကျပ် ၁၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ရန်ကုန်မှာ အိမ်ပေါက်စေ့ ငွေကောက်နေပြီး စစ်မှုထမ်း အကျုံးဝင်အရွယ် လူငယ်ရှိတဲ့ အိမ်တွေက ပိုပေးရလေ့ရှိပါတယ်။

စစ်တပ်အသိုက်အဝန်းနဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်း ဥပဒေအရတော့ ဘယ်သူမှ မလွှတ်ဘူး။ အခုဟာကတော့ တဖက်လှည့်နဲ့ လုပ်စားတာပေါ့။ အဲဒီလိုလုပ်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူလို့ ရတယ်။ ဒါပေမဲ့ အောက်ခြေမှာကတော့ စစ်တပ်အရာရှိတွေနဲ့ အုပ်ကြီးတွေ ပေါင်းပြီး အဂတိကျူးလွန်နေတဲ့ အနေအထားပါ” လို့ မှတ်ချက်ပေးပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က စတင်ခဲ့ပြီး စစ်မှုထမ်း အကျုံးဝင်သူတွေကို တရားဝင် ဆင့်ခေါ်တာထက် မြေပြင်မှာ လူကုန်ကူးသလို လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာပိုင်တွေက မတရားဖမ်းဆီးပြီး ငွေညှစ် ရောင်းစားနေတာတွေ ရန်ကုန်မှာ အများအပြားရှိနေတာကြောင့် မြို့ခံတွေဟာ နေ့စဉ် ထိတ်လန့်နေရတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။

ဒီလို ငွေညှစ်တောင်းခံနေသူတွေကို ဖမ်းဆီးအရေးယူနေတယ်လို့ စစ်အာဏာရှင်အစိုးရက ပြောထားပေမဲ့ လက်တွေ့မှာ ဖမ်းဆီးနေတဲ့အဖွဲ့တွေဟာ ရန်ကုန်ရဲ့ မြို့နယ်တိုင်းမှာ အများအပြားရှိနေဆဲ ဖြစ်နေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က လူသစ်စုဆောင်းတဲ့ စစ်မှုထမ်းအပတ်စဉ်က အခုဆိုရင် အပတ်စဥ်ေ ၂၈ အထိ ရှိလာနေပြီး လူရရှိမှုနည်းလာတာတွေကြောင့် လူသစ်ရဖို့ကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်လာနေတယ်လို့ စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။

ပေါ်တာဆွဲဖမ်းဆီးမှုနဲ့ အဓမ္မစစ်မှုထမ်းစေဖို့ မဲပေါက်တယ်ဆိုတဲ့ ဖိအားပေးမှုတွေကို ရန်ကုန်မြို့က ဆင်ခြေဖုံးမြို့နယ်တွေမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါး မိသားစုတွေက လူငယ်တွေ အဓိက ကြုံနေရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013