DVB Logo
Home
Lead Story
အဝေးရောက်သူတ​​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၃) 
DVB
·
September 4, 2026
အဝေးရောက်သူတ​​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၃) 
Donate to DVB

စည်းရုံးလှုံ့ဆော်ရေး လမ်းကြောင်းပေါ် စတင်ခြေချခြင်း

သို့    ချစ်ခင်ရတဲ့ တက်ကြွလူငယ်

ကျမရဲ့ ဆယ်စုနှစ်ချီကြာ တက်ကြွလှုပ်ရှားမှုခရီးကို အဓိကလွှမ်းမိုးထားခဲ့တဲ့ အရာကတော့ ထိရောက်မှုရှိတဲ့ စည်းရုံးလှုံ့ဆော်ရေး အနုပညာပါပဲ။ စည်းရုံးလှုံ့ဆော်ရေးအလုပ်ကို စလုပ်တုန်းက ကျမ စနစ်တကျ သင်တန်းမတက်ခဲ့ရပါဘူး။ ကိုယ်ပေးချင်တဲ့ သတင်းစကားကိုလည်း ဖြောင့်တန်းအောင် မပေးနိုင်ခဲ့ပါဘူးလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကြီးကို သိစေချင်တဲ့စိတ်တခုတည်းနဲ့ စလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကတော့ ကျမရဲ့ ကိုယ်ပိုင်ဘဝ အတွေ့အကြုံတွေအကြောင်းနဲ့ ကျမတို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေအကြောင်း ပြန်လည်ဝေမျှပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုကို အများအာရုံစိုက်လာအောင် ပံ့ပိုးကူညီလာအောင် လုပ်ဆောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့် အစောပိုင်းနှစ်ထဲမှာ အမေရိကန်နိုင်ငံက ကျမကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့ပါတယ်။ အမေရိကန်သံရုံးက ကျမကို ဘယ်မှာနေချင်လဲလို့မေးတော့ ဝါရှင်တန်မြို့လို့ ကျမ ပြန်ဖြေခဲ့ပါတယ်။ မူဝါဒတွေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာနဲ့ နီးရာမှာနေဖို့ လိုအပ်တယ်လို့ ကျမရဲ့ မသိစိတ်က စေ့ဆော်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ လွတ်မြောက်ဖို့ ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူ၊ စည်းရုံးလှုံ့ဆော်သူတဦးဖြစ်တဲ့ ကျမရဲ့ ဘဝတခုလုံးအပေါ် သက်ရောက်မှု ကြီးမားတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာ ကျမ အမေရိကမှာ အခြေချဖို့ စပွန်ဆာပေးခဲ့တဲ့ ခရစ်ယာန်အသင်းတော်က သူတို့ရဲ့ အသင်းသူ အသင်းသားတွေကို ဟောပြောပေးဖို့ ကျမကို ဖိတ်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ Free Burma Coalition တို့နဲ့အတူ မြောက်အမေရိကတလွှားရှိ လူမှုအသိုက်အဝန်းတွေနဲ့ တက္ကသိုလ်တွေကိုပါ သွားရောက်ကာ ဟောပြောခွင့် ရခဲ့ပါတယ်။ ကျမ ဒီလိုစကားပြောခွင့်ရတိုင်း ရဲရင့်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေအကြောင်း၊ ဆယ်စုနှစ်များစွာတိုင် သူတို့ရဲ့ ဘိုးဘွားပိုင် မြေတွေပေါ်မှာ ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တွန်းလှန်လာခဲ့တဲ့ လူနည်းစု တိုင်းရင်းသားလူမျိုးစုတွေအကြောင်း ထည့်သွင်းဟောပြောခဲ့ပါတယ်။ အလားတူပဲ ကျမတို့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေဟာ ဒီမိုကရေစီကို ဘယ်လောက်ထိ လေးလေးနက်နက် လိုလားကြသူတွေ ဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်စနစ်အောက်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ဖို့ ဘယ်လောက်ထိ လိုလားကြသူတွေဖြစ်ကြောင်း အလေးပေး တင်ပြခဲ့ပါတယ်။ ပြီးရင် တခြား ကျောင်းသား တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့နဲ့ သူတို့ကို အမေရိကမှာ အခြေချနိုင်အောင် အကူအညီပေးဖို့ စသဖြင့် အမေရိကန် ပြည်သူတွေက ကျမတို့ကို လက်တွေ့ကျကျ ကူညီနိုင်တဲ့ နည်းလမ်းတွေကို အမြဲချပြခဲ့ပြီး ကျမတို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုလည်း အားပေးပံ့ပိုးကူညီဖို့ အမေရိကန် အစိုးရကို အမြဲတိုက်တွန်းခဲ့ပါတယ်။

ကျမ အမေရိကမှာ ရှိနေချိန် ဘယ်စာသင်ခန်းမှာမှ မရနိုင်တဲ့ ဗဟုသုတတွေနဲ့ အခွင့်အလမ်းတွေကို ကျမ ရရှိခဲ့ပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International-AI) က တက်ကြွလှုပ်ရှားသူတွေ၊ ခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တွေ၊ ပြည်ပရောက် တိဘက်လူမှုအသိုက်အဝန်းတွေ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ စတဲ့သူတွေ အားလုံးဟာ သူတို့ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှု၊ သွေးစည်းညီညွတ်မှု၊ ဗျူဟာမြောက် လုပ်ဆောင်မှုနဲ့ ရဲရင့်မှုတွေအကြောင်း ကျမကို သင်ကြားပြသခဲ့ကြသူတွေ ဖြစ်ပါတယ်။ အာဏာပါဝါ ရှိသူတွေရှေ့မှာ အမှန်တရားအတိုင်း ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုရဲရမယ် ဆိုတာကို သူတို့က ကျမကို အမြဲ ပြန်လည်သတိရစေပါတယ်။

ကျမ လျှောက်လှမ်းခဲ့တဲ့ စည်းရုံးလှုံ့ဆော်ရေး ခရီးလမ်းရဲ့ အစောပိုင်း နေ့ရက်တွေအကြောင်းကို တခြားပေးစာတခုမှာ ဖော်ပြထားပြီး အဲဒီစာထဲမှာလည်း ကျမ သင်ယူခဲ့ရတာတွေအကြောင်း၊ ကျမကို ချစ်ခြင်းမေတ္တာတွေနဲ့ ပံ့ပိုးကူညီမှုတွေပေးပြီး အမြာက်အမြား သင်ကြားပြသပေးခဲ့ကြတဲ့ မတူကွဲပြားတဲ့ လူမှုအသိုက်အဝန်းတွေအကြောင်း ဖော်ပြထားပါတယ်။ အမေရိကမှာ ရခဲ့တဲ့ အတွေ့အကြုံတွေအပေါ် ကျမရဲ့ အလေးထား တန်ဖိုးထားစိတ်ကာ ကျမဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တွေကို အကြိမ်ကြိမ် ကျော်ဖြတ်နိုင်အောင် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အဲဒီအကြောင်း အသေးစိတ်ကို အခုပေးစာရဲ့ နောက်ဆက်တွဲအဖြစ် ထုတ်ဝေသွားမဲ့ "အဝေးရောက်သူတဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၄)" မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ခုချိန်မှာတော့ ကျမရဲ့ အတွေ့အကြုံတွေကို နွေဦးတော်လှန်ရေးက လူငယ် တက်ကြွလှုပ်ရှားသူတွေဆီ ပြန်လည်ဝေမျှနိုင်ဖို့ အဓိက လုပ်ဆောင်နေပါတယ်။ လက်ရှိအချိန်ဟာ မျိုးဆက်သစ်တွေအနေနဲ့ သူတို့လျှောက်လှမ်းမဲ့ စည်းရုံးလှုံ့ဆော်ရေး ခရီးလမ်းကို ပိုမိုလေးနက်မှုရှိအောင် လုပ်ဆောင်ရမဲ့ အချိန်လို့ ကျမ မြင်ပါတယ်။ အရပ်သားအယောင်‌ဆောင် တရားမဝင် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလကို ရောက်လာပေမဲ့ တကယ်တမ်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျမတို့ ရင်ဆိုင်လာခဲ့ရတဲ့ ရာဇဝတ်ကောင် စစ်အုပ်စုကိုပဲ ခုခေတ်မှာ ထပ်ပြီးရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီစစ်တပ်ဟာ ခေါင်းဆောင်တွေပဲ ပြောင်းသွားတာ ဖြစ်ပါတယ်။ ခုချိန်ဆိုရင် ဒီစစ်အုပ်စုဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအရ အများကြီး အားနည်းသွားပေမဲ့ လုပ်ရပ်တွေကတော့ ပိုပြီး လက်ရဲဇက်ရဲ ရှိလာပြီး ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကြောင့် သူတို့လက်တွေလည်း ပိုပြီး သွေးစွန်းလာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံတကာ ဥပဒေတွေအရ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲခံထားရသူတွေလည်း ဖြစ်ပါတယ်။

စည်းရုံးလှုံ့ဆော်ရေး လုပ်လာခဲ့တဲ့ ကျမရဲ့ ဘဝခရီးတလျှောက်မှာ ကျမတို့ဟာ လှုပ်ရှားမှုတွေ ဖော်ဆောင်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာ ဥပဒေအရ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ပိုပြီး ဆိုးရွားတာက ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံ ပွင့်လင်းလာတော့ ကျမတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ခေါင်းဆောင်တွေက ‘ပြီးခဲ့တာတွေလည်း ပြီးပါစေတော့’ လို့ အလွယ်တကူ ပြောခဲ့ကြတော့ ကျမရဲ့ နှလုံးသားနဲ့ သွေးသားထဲအထိ တုန်လှုပ်ချောက်ချားခဲ့ရပါတယ်။

ကျမကတော့ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ နိုင်ငံရေး ရေချိန်ကိုကြည့်ပြီး ချမှတ်ရတဲ့ ဆုံးဖြတ်ချက်တခု ဘယ်တော့မှ ဖြစ်လို့မရဘူးလို့ ယုံကြည်ပါတယ်။ ကျူးလွန်ခံရသူတွေနဲ့ ရှင်သန်လွတ်မြောက်လာသူတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် အဆုံးသတ်အဖြေကို ဘယ်ခေါင်းဆောင်မှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ ကျမတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျမတို့ရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်က ပြန်လည်တားဆီး ပိတ်ပင်ပြီး စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ဖုံးဖိပေးဖို့ ကြိုးစားနေသလို လုပ်ဆောင်နေကြတာကို ကြည့်နေရတာဟာ ကျမဘဝရဲ့ အခက်ခဲဆုံး အတွေ့အကြုံတွေပါပဲ။

ဒါပေမဲ့ ၂၀၁၇ မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဟာ နိုင်ငံတကာရဲ့ ရပ်တည်ချက်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ အရင်ကလိုပဲ မြန်မာစစ်တပ်ကို ပြည်တွင်းဥပဒေတွေ ပြင်ဖို့နဲ့ ရာဇဝတ်မှု ကျူးလွန်နေတဲ့ သူတို့ရဲ့ အမူအကျင့်တွေကို ပြင်ဖို့လောက်သာ အကြံပြုတာမျိုးထက် နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူတွေ တာဝန်ယူမှု တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်ဖို့ ပြောင်းလဲလုပ်ဆောင်လာခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ဒီရာဇဝတ်ကောင် စစ်တပ်ဟာ ပြေးပုန်းစရာနေရာ မရှိတော့ပါဘူး။

ကျမ ပါဝင်တည်ထောင်ခဲ့တဲ့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) နဲ့ ကျမတို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ အခြားသော စိတ်တူကိုယ်တူ လူ့အခွင့်အရေးအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရာထူး၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ကို ထူထောင်ဖို့နဲ့ ဒီယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နှစ်ပေါင်းများစွာ သုတေသန မှတ်တမ်းတင်မှုတွေနဲ့အတူ အချက်အလက်အခြေခံတဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ ကျမတို့ရဲ့ ဒီလို တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေဟာ နောက်ဆုံးမှာ အရာထင်ခဲ့တယ်လို့ ဆိုရပါမယ်။ ခုချိန်မှာ ကမ္ဘာကြီးက မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် တပ်မတော်တခု ဒါမှမဟုတ် အစိုးရတခု မဟုတ်ဘူး ဆိုတာကို မြင်တွေ့လာနေပါပြီ။ ဒီစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အခြားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ လက်နက်ကိုင် ရာဇဝတ်ကောင် အဖွဲ့တခုသာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ အပါအဝင် စစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံအချို့ဟာ စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် ပါဝင်ပံ့ပိုး ကူညီနေကြပြီး စစ်အုပ်စုက အာဆီယံနဲ့ ကုလသမဂ္ဂတို့လို နိုင်ငံတကာ စင်မြင့်ထက်မှာ တရားဝင်မှု ရလာအောင် ကူညီပေးနေကြပါတယ်။ ခုချိန်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်လာအောင် လုပ်ဆောင်ဖို့နဲ့ စစ်တပ်က နိုင်ငံတကာမှာ တရားဝင်မှု မရအောင် တားဆီးဖို့ အခြားသော ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ဘယ်လိုမျိုး ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးမှာလဲ ဆိုတဲ့အချက်က အဓိကကျတဲ့ မေးခွန်းတခု ဖြစ်လာနေပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ရှေ့လတွေထဲမှာ အမိန့်ချဖို့ ရှိနေပါတယ်။ လောလောဆယ်မှာတော့ စစ်အုပ်စုဟာ နိုင်ငံတကာမှာ တရားဝင်မှုရဖို့ စည်းရုံးလှုံ့ဆော်မှုတွေကို ပိုပြီးတော့ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လာနေပါတယ်။ သူတို့ကို လော်ဘီလုပ်ပေးနေသူတွေဟာ တချို့မူဝါဒတွေ ပြောင်းလဲလာအောင်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးလာအောင်နဲ့ နိုင်ငံတကာဆီက ငွေကြေးအရင်းအနှီးတွေ ပြန်ရနိုင်အောင် ကြိုးစားနေကြပါတယ်။ သူတို့ဟာ မင်းအောင်လှိုင်ကို ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ အာဆီယံမှာ နေရာပြန်ရလာအောင် တက်တက်ကြွကြွ တွန်းအားပေးနေကြပါတယ်။

တဖက်မှာတော့ မင်းအောင်လှိုင်ရဲ့ ရာဇဝတ်ဂိုဏ်းဟာ နိုင်ငံတကာ အကူအညီတွေကို ပိတ်ပင်တာ၊ ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်သဖွယ် အသုံးပြုတာ၊ အင်တာနက် ပိတ်ပင်တာ၊ ရေဘေးသင့် ပြည်သူတွေ အကူအညီမရနိုင်အောင် တားဆီးတာ၊ ပြည်သူတွေကို စုပေါင်းဒဏ်ခတ်တဲ့အနေနဲ့ ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်တာ စတာတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ စစ်အုပ်စုရဲ့ ပြည်ပမဟာမိတ်တွေက သူတို့ ဒီလိုရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နိုင်အောင် ပါဝင်ပံ့ပိုး ကူညီပေးနေကြချိန်မှာ အခြားသူတွေကတော့ နိုင်ငံတကာ ကတိကဝတ်တွေအရ မြန်မာပြည်သူတွေကို ကာကွယ်ရမဲ့ သူတို့ရဲ့တာဝန်ကို ဖြည့်ဆည်းဖို့ ပျင်းရိနေကြ ဒါမှမဟုတ် အလေးမထားဘဲ နေနေကြပါတယ်။

စည်းရုံးလှုံ့ဆော်ရေးအတွက် ရှေ့လျှောက် ကျမတို့ ဆက်လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ မင်းအောင်လှိုင်ဟာ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို ပို့ဆောင်ရမဲ့ စစ်ရာဇဝတ်ကောင်တဦးသာ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့သမ္မတ မဟုတ်သလို မြန်မာနိုင်ငံ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရမဲ့ ဆွေးနွေးဘက်လည်း မဟုတ်ဘူးဆိုတာ ကမ္ဘာကြီးကို ကျမတို့ သက်သေပြရပါမယ်။

ချစ်ခင်ရတဲ့ တက်ကြွလူငယ်..

ခုချိန်ဟာ စည်းရုံးလှုံ့ဆော်ရေးကို တိုးမြှင့်လုပ်ဆောင်ရမဲ့အချိန် ဖြစ်ပါတယ်။ ကျမတို့ဟာ အမှန်တရားကို ဆက်ပြီး ထုတ်ဖော်ပြောဆိုနေရပါမယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရာဇဝတ်ဂိုဏ်းက ကျူးလွန်ထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အများသိအောင် ဖွင့်ချရပါမယ်။ ကျမတို့ရဲ့ ပြည်သူတွေ၊ ထိခိုက်နစ်နာနေတဲ့ လူမှုအသိုက်အဝန်းတွေ၊ ထောင်ထဲရောက်နေတဲ့ မိတ်ဆွေတွေနဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူတွေရဲ့ အသံတွေကို အများကြားသိလာအောင် ပြန်လည်ထုတ်ဖော်ပေးပါ။ ရာဇဝတ်ကောင် စစ်တပ်ကို အပြီးတိုင်ဖြိုချဖို့၊ သင်တို့ရဲ့ အနာဂတ်အတွက်နဲ့ နောင်လာမဲ့ မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းတဲ့ အနာဂတ်သစ်တခု တည်ဆောက်နိုင်ဖို့အတွက်ဆိုတဲ့ ဘုံရည်မှန်းချက်တွေ အထမြောက်လာစေဖို့ မြန်မာနိုင်ငံက မျိုးဆက်သစ် လူငယ်တွေဟာ ဘယ်လောက်ထိ ကြီးမားလှတဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ရင်းနှီးပေးဆပ်မှုတွေ ပြုလုပ်နေကြကြောင်း ကမ္ဘာကြီးသိအောင် သင်တို့ ကိုယ်တိုင် ပြောပြကြပါ။

ကျမတို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊​ အသက်မွေးဝမ်းကျောင်းမှု၊ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ တရားမဝင် ရာဇဝတ်ကောင် စစ်အုပ်စုတို့ရဲ့ တိုက်ခိုက်တာကို ဆိုးဆိုးရွားရွား ခံနေရပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကို သင်တို့နဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုပါ။ ကျမတို့ ပြည်သူတွေရဲ့ ရင်ဆိုင်အန်တုနိုင်စွမ်းနဲ့ မျှော်မှန်းချက်တွေကို အထောက်အပံ့ဖြစ်စေတဲ့ မူဝါဒတွေ ပေါ်ထွက်လာအောင် ဝိုင်းဝန်း ပုံဖော်ပေးကြပါ။

ကျမတို့ရဲ့ ပန်းတိုင်က ရှင်းပါတယ်။ မင်းအောင်လှိုင်က “မြန်မာနိုင်ငံတော် သမ္မတ” ဆိုတဲ့ ရာထူးအတုကို အသုံးပြုပြီး နိုင်ငံတကာစင်မြင့်ပေါ် တက်ခွင့်ရဖို့ ကြိုးစားနေတာကို တားဆီးဖို့ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတော်သမ္မတတဦး မဟုတ်ပါဘူး။ သူဟာ နိုင်ငံတကာက အလိုရှိနေတဲ့ ရာဇဝတ်သားတဦးဖြစ်ပြီး နိုင်ငံတကာကလည်း သူ့ကို ရာဇဝတ်သား တဦးလိုသာ ဆက်ဆံရပါမယ်။ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အသွင်ပြောင်း စစ်အုပ်စုကို ဖြစ်စေ၊ သူ့ရဲ့ အတုအယောင် အရပ်သားမျက်နှာဖုံးကို ဖြစ်စေ တရားဝင်မှု ပေးလိုက်လို့ မဖြစ်ပါဘူး။

ဒါဟာ စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်ပြီး ကျမ အဓိက အားစိုက်လုပ်ဆောင်နေတဲ့ အပိုင်းဖြစ်ပြီး ရှေ့လျှောက်လည်း ဒါကိုပဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကျမတို့ ပြည်သူတွေရဲ့ တကယ့်ဘဝ ဖြစ်စဉ်တွေအကြောင်းကို နားထောင်စေချင်တယ်၊ ပြည်သူတွေကို ကူညီပေးစေချင်တယ်၊ ပြီးရင် ဒီစစ်အုပ်စု ပြိုလဲသွားဖို့ ပါဝင်ဆောင်ရွက်ပေးစေချင်ပါတယ်။

ကျမတို့ဟာ အာရုံစူးစိုက်မှုမပျက်ဘဲ စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး အလုပ်လုပ်သွားရပါမယ်။ မတရားမှု ဒါမှမဟုတ် အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ လှုပ်ရှားမှုတိုင်းမှာ အောင်မြင်မှု ဆိုတာဟာ လူတဦးတယောက် ဒါမှမဟုတ် အစုအဖွဲ့ တခုတည်းအပေါ် ဘယ်တော့မှ မှီတည်မနေပါဘူး။ ကျမတို့ကို လမ်းကြောင်းလွဲသွားစေဖို့ တွန်းပို့နေတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ ရပ်တည်ချက် မယိုင်နဲ့သွားအောင် ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရာဇဝတ်ကောင် စစ်အုပ်စုက အသည်းအသန် လိုချင်နေတဲ့ အာဏာနဲ့ တရားဝင်မှုကို မရအောင် တားဆီးနိုင်ဖို့ ကျမတို့ အခွင့်အလမ်းတွေ ဖန်တီးရပါမယ်။ ပြီးရင် ရလာသမျှ အခွင့်အရေးကိုလည်း အမိအရ အသုံးချရပါမယ်။

သင့်ရဲ့ စည်းရုံးလှုံ့ဆော်ရေးသမားတယောက်ရဲ့ ဘဝခရီးဟာ ကျမနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ လုံးဝ ကိစ္စမရှိပါဘူး။ မိမိ ဆုပ်ကိုင်ထားတဲ့ အမှန်တရားအတိုင်း ရိုးသားဖြောင့်မှန်စွာ ရပ်တည် ပြောဆိုသွားမယ်၊ အများအကျိုးကို ငဲ့ကွက်ပြီး အလေးထား ဆောင်ရွက်သွားမယ်၊ ပြီးရင် ကိုယ့်လုပ်ရပ်တွေအတွက်လည်း တခြားသူတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိတယ်ဆိုရင်ပဲ သင်ဟာ အတော်လေး ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။        ။

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013