DVB Logo
Home
Lead Story
နိုင်ငံတကာအကူအညီများသည် စစ်အုပ်စုကို ပံ့ပိုးမှုမဖြစ်​​စေဘဲ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုကိုသာ အားဖြစ်​စေရမည်
DVB
·
November 7, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အောက်တိုဘာလအတွင်း ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အစည်းအဝေးများ ကာလအတွင်း၊ ကမ္ဘာ့ဘဏ်မှ အကြီးတန်း တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မိမိတို့၏ စိုးရိမ်ပူပန်မှုများကို တင်ပြပြီး တောင်းဆိုချက်များကို ထုတ်ဖော်ပြောကြားခဲ့သည့် မြန်မာအရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားလှယ်အဖွဲ့တွင် မိမိလည်း ပါဝင်ခဲ့သည်။

ဤသို့ တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Ajay Banga နှင့် စီမံခန့်ခွဲမှု ဒါရိုက်တာ Anna Bjerde တို့ထံ တိုက်ရိုက်တင်ပြ တောင်းဆိုမှုများ၊ အမှုဆောင်ဒါရိုက်တာများ၏ ရုံးများနှင့် သီးသန့်တွေ့ဆုံမှုများအပြင် မိမိတို့၏ သတင်းထုတ်ပြန်ချက်တို့ ပါဝင်သည်။

အထူးသဖြင့် စစ်အုပ်စုထိန်းချုပ်မှု ပြင်ပရှိ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် ဘဏ်များအား တောင်းဆိုခဲ့သည်။ ထို့အပြင် စစ်အုပ်စု ထိန်းချုပ်ထားသော စနစ်များ မှတဆင့် ရန်ပုံငွေထောက်ပံ့နေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြပြီး၊ နိုင်ငံတကာအကူအညီများကို အသုံးချကာ စစ်အုပ်စုက တရားဝင်မှုရရှိရန် ကြိုးပမ်းမှုမှန်သမျှကို ဘဏ်များအနေဖြင့် ပြတ်ပြတ်သားသား ငြင်းပယ်ဆန့်ကျင်ရန်လည်း တောင်းဆိုခဲ့ကြသည်။

ဘန်ကောက်ဆွေးနွေးပွဲများအပြီးအာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် သီးခြားပြုလုပ်ခဲ့သည့် အွန်လိုင်း အစည်းအဝေး၌လည်း အဆိုပါ စိုးရိမ်ပူပန်မှုများကိုပင် ထပ်မံထောက်ပြ ဆွေးနွေးခဲ့ကြသည်။

မိမိတို့သည် ဘဏ်များထံမှ အကူအညီ သွားရောက် တောင်းခံခဲ့ခြင်း မဟုတ်ပါ။ ဘဏ်များအနေဖြင့် ၎င်းတို့၏ တာဝန်နှင့် လုပ်ငန်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်သာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခဲ့ဖူးသည့် သမိုင်းကြောင်း

၂၀၂၁ ခုနှစ် မတိုင်မီနှစ်များက ဘဏ်များသည် နေပြည်တော်ရှိ အာဏာပိုင်များနှင့် လက်တွဲကာ မိမိတို့ နိုင်ငံတွင် အကြီးအကျယ် လုပ်ငန်းဆောင်ရွက်ခဲ့ကြစဉ် ဖြစ်ပျက်ခဲ့သည့် အရာများကို မြန်မာနိုင်ငံ၏ လူထုအသိုက်အဝန်းက ထင်ထင်ရှားရှား မှတ်မိနေကြဆဲ ဖြစ်သည်။

အကယ်၍ ဘဏ်များအနေဖြင့် မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်း များက ညှိနှိုင်းဆွေးနွေးပွဲများတွင် တန်းတူရည်တူ ပါဝင်ခွင့်ရရှိရန် ယခုလို အခိုင်အမာ တောင်းဆိုနေကြသည့်  အ​ကြောင်းရင်းကို နားလည်လိုပါက ၎င်းတို့၏ ယခင်က လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများကို ပြန်လည် လေ့လာ သင့်သည်။

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာချိန်က ၎င်း၏ ပထမဆုံး စီမံကိန်းမှာ လူထုဗဟိုပြု ဖွံ့ဖြိုးရေးစီမံကိန်း (CDD) ဖြစ်သည်။ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိသည့် ထောက်ပံ့ငွေဖြင့် စတင်ခဲ့သည်။ နောက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန မှတဆင့် ထောင်နှင့်ချီသော ကျေးရွာများအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပမာဏ ချေးငွေအစီအစဉ်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ စီမံကိန်း၏ အမည်က လူထုအသိုက်အဝန်း၏ ကိုယ်ပိုင် ထိန်းချုပ်ခွင့်ကို ကတိကဝတ် ပြုခဲ့သည်။

သို့သော် မိမိ ပူးတွဲတည်ထောင်ခဲ့သည့် IFI Watch Myanmar ၏ နှစ်ပေါင်းများစွာ စောင့်ကြည့် လေ့လာမှုများအရ ဒေသခံပြည်သူများ အမှန်တကယ် ကြုံတွေ့ခဲ့ရသည့် အရာများမှာ ပွင့်လင်းမြင်သာမှု မရှိသော ကန်ထရိုက် စာချုပ်များ၊ ဘတ်ဂျက် ရန်ပုံငွေနှင့် အမှန်တကယ် သုံးစွဲမှုကြား ကွဲလွဲနေခြင်းများ၊ အဂတိလိုက်စားမှုနှင့် ရန်ပုံငွေ အလွဲသုံးစားမှုများ၊ ထောက်ပံ့ငွေများကို ညွှန်ကြားသည့်အတိုင်း မသုံးစွဲပါက ရွာသားများအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများနှင့် စီမံကိန်းက ကူညီမည်ဟု ဆိုထားသော ပြည်သူများကို ချန်လှပ်ထားသည့် စီမံကိန်း ကာလသတ်မှတ်ချက်များသာ ဖြစ်ကြောင်း တွေ့ရှိရသည်။ 

ထိုပြဿနာများကို မဖြေရှင်းဘဲ ထားပါက စီမံကိန်းသည် ၎င်းအ​နေနှင့် ပြောင်းလဲပစ်ရန် ရည်ရွယ်ထားသည့် အဂတိလိုက်စားမှုနှင့် အခွင့်ထူးခံ အထက်တန်းလွှာများ၏ လွှမ်းမိုး ချုပ်ကိုင်မှုတို့ကို ပိုမိုအားကောင်း စေလိမ့်မည်ဟု စောင့်ကြည့်လေ့လာသူများက သတိပေးခဲ့သည်။ 

ကရင်ပြည်နယ်ကို ဖြတ်သန်းသွားသည့် အာရှအဝေးပြေးလမ်းမကြီး (Asian Highway) လည်း အလားတူပင် ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ မဟာမဲခေါင်ဒေသခွဲ အစီအစဉ်က ထိုလမ်းမကြီးကို အရှေ့-အနောက် စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်း တခုအဖြစ် အားပေးမြှင့်တင်ခဲ့ သော်လည်း ယင်းလမ်းမကြီးသည် စစ်မီးတောက်လောင်နေသည့် စစ်ပွဲဇုန်ကို ဖြတ်သန်းသွားနေသည်။

၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော မြဝတီ-ကော့ကရိတ် လမ်းပိုင်းအတွက် ထိုင်းနိုင်ငံက ဘဏ္ဍာငွေ ထောက်ပံ့ခဲ့ပြီး၊ ADB က အိန္ဒု-ကော့ကရိတ် လမ်းပိုင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ ပံ့ပိုးပေးခဲ့သည်။

စီမံကိန်းရလဒ်ကို ကရင်အဖွဲ့အစည်းများက “လှပသော စကားလုံးများနှင့် အကျည်းတန် ရုပ်ဆိုးသော လုပ်ရပ်များ” ဟု အမည်ပေးထားသော အစီရင်ခံစာတွင် မှတ်တမ်းတင်ခဲ့ပြီး အစီရင်ခံစာ၏ ခေါင်းစဉ်ကပင် အခြေအနေအားလုံးကို ထင်ဟပ်ဖော်ပြနေသည်။ စီမံကိန်းအတွက် ဒေသခံ ရွာသားများကို အသိပေးခြင်း သို့မဟုတ် ဆွေးနွေးတိုင်ပင်ခြင်း လုံးဝ မရှိခဲ့သလို၊ အနည်းဆုံး အိမ်ထောင်စု ၁၇ စု ပိုင်ဆိုင်သော မြေယာများသည်လည်း အတင်းအဓမ္မ သိမ်းယူခြင်း ခံခဲ့ရသည်။

မျှတသော လျော်ကြေးငွေရရှိရန် တောင်းဆိုခဲ့သူများသည် စီမံကိန်းအတွက် မြေယာသိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခံခဲ့ရပြီး ထိုက်တန်သည့် ပမာဏထက် အလွန်နည်းပါးသော ပမာဏကိုသာ မဖြစ်မနေ လက်ခံခဲ့ကြရသည်။ ထို့ပြင် ထိုလမ်းပိုင်းကို ထိန်းချုပ်ရန် လက်နက်ကိုင် အဖွဲ့အစည်း ငါးခုကြား အပြိုင်အဆိုင် ဖြစ်ပွားနေသော်လည်း ပဋိပက္ခဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက် (Conflict Impact Assessment) တစုံတရာမျှ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

၂၀၁၅ ခုနှစ် ဇူလိုင်လ တိုက်ပွဲများ စတင်ဖြစ်ပွားသည့်အခါ ရွာသား ၁,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး ခဲ့ကြရပြီး၊ နှစ်ဦးမှာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သတင်းများက ဆိုသည်။ ထို့နောက် လမ်းတလျှောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သဖြင့် သနေမူး ကျေးရွာရှိ နေအိမ်များ မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ADB က ဘဏ္ဍာငွေ ထောက်ပံ့သည့် လမ်းပိုင်းတွင် ပြန်လည်နေရာချ ထားရေး အစီအစဉ််များကြောင့် လူ ဦးရေ ၅၀၀ ဝန်းကျင်ခန့်အပေါ် သက်ရောက်မှုရှိခဲ့ပြီး၊ ထိုအစီအစဉ် များသည် မလုံလောက်သည့်အပြင် ဘဏ်၏ အတင်းအဓမ္မ ပြန်လည် နေရာချထားခြင်းဆိုင်ရာ  ဘေးကင်းလုံခြုံရေး မူဝါဒများ (safeguards) ကိုပင် ချိုးဖောက်ထားခြင်းဖြစ်ကြောင်း ကရင်အဖွဲ့အစည်းများက ထောက်ပြခဲ့ကြ သည်။

ထို့ပြင် တနင်္သာရီကမ်းရိုးတန်းရှိ ထားဝယ်ဒေသတွင်လည်း အလားတူ ကြုံတွေ့ခဲ့ရသည်။ ထိုနေရာတွင် ထိုင်းနိုင်ငံသည် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို တည်ဆောက်ခဲ့ပြီး၊ ၎င်းသည် မဲခေါင်ဒေသတလျှောက် ADB က အားပေးမြှင့်တင်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေး ပုံစံ၏ ပင်မ စီမံကိန်းကြီး (flagship) တခု ဖြစ်ခဲ့သည်။

ထားဝယ်ဖွံ့ဖြိုးရေးအသင်းက စီမံကိန်းနယ်မြေအတွင်း ပါဝင်နေသော ကျေးရွာ ၁၉ ရွာမှ ပြည်သူ ၃၂,၂၇၉ ဦးအပြင် စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘုရားစေတီ ၂၃ ဆူ တို့ကို စာရင်းကောက်ယူ ဖော်ထုတ်နိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အကြိုသတင်း အချက်အလက်ပေးခြင်း သို့မဟုတ် သဘောတူညီချက်ရယူခြင်း လုံးဝမရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် မြေယာရှင်းလင်းမှုများကို စတင်ခဲ့သည်။ လယ်ယာမြေများကို မျှတသော လျော်ကြေးငွေ မပေးဘဲ ရှင်းလင်းသိမ်းယူခဲ့သဖြင့် မိသားစု အများအပြားသည် ပြန်လည် နေရာချထားရေး အိမ်ယာများသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိုစီမံကိန်းသည် ထားဝယ်ဒေသခံ ပြည်သူများ၏ လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိ အတည်ပြုခဲ့သည်။

ဒေသခံလူထုက ဘဏ်များ၏ တာဝန်ယူမှု တာဝန်ခံမှုစနစ်ကို အသုံးပြုရန် ကြိုးပမ်းခဲ့ကြစဉ် ထိုအကာအကွယ်ပေးရေး အစီအမံသည် မည်မျှအထိ အားနည်းကြောင်း သိရှိခဲ့ရသည်။ ရန်ကုန်မြို့ပြင်ရှိ မှော်ဘီတွင် နိုင်ငံတကာငွေကြေး ကော်ပိုရေးရှင်း (IFC) သည် မြန်မာ့ဩဘာ လုပ်ငန်းအုပ်စု၏ စိုက်ပျိုးရေးသုံး ဓါတုပစ္စည်း စက်ရုံများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ထုတ်ချေးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အဆိပ်သင့် စွန့်ပစ်ရေများ၊ အန္တရာယ်ရှိသော မြေအောက်ရေ ညစ်ညမ်းမှုများ၊ လေထုညစ်ညမ်းမှုများ၊ ကျေးရွာချင်းဆက်လမ်းများ ပိတ်ဆို့ခံရမှုနှင့် တိုင်ပင် ဆွေးနွေးမှု လုံးဝမရှိခြင်းတို့နှင့် ပတ်သက်၍ ရွာသားများသည် IFC ၏ လိုက်နာဆောင်ရွက်မှုဆိုင်ရာ အကြံပေး အွမ်ဘတ်စ်မန်းရုံး (Compliance Advisor Ombudsman - CAO) ထံ တိုင်ကြားခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် CAO က IFC သည် ၎င်း၏ ကိုယ်ပိုင် ရေရှည်တည်တံ့ခိုင်မြဲရေး မူဝါဒဘောင် (sustainability framework) ကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိ အတည်ပြုခဲ့ သည်။

IFC သည် စက်ရုံများ၏ သက်ရောက်မှုများကို ဆန်းစစ်အကဲဖြတ်ရန်၊ ထိခိုက်နစ်နာသည့် ဒေသခံပြည်သူများကို ဖော်ထုတ်ရန်နှင့် စီမံကိန်းကို လုံလောက်စွာ စောင့်ကြည့်ကြီးကြပ်ရန် ပျက်ကွက်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အတည်ပြုခဲ့သော စီမံခန့်ခွဲမှု ဆောင်ရွက်ချက် အစီအစဉ် (management action plan) တွင်လည်း ထိခိုက်နစ်နာသည့် ဒေသခံ ပြည်သူများအတွက် စီမံကိန်း အဆင့် ကုစားဖြေရှင်းပေးမှု တစုံတရာ ပါဝင်ခဲ့ခြင်း မရှိပေ။

၂၀၁၇ ခုနှစ် ဇွန်လတွင် IFC သည် မန္တလေးတိုင်းဒေသကြီးရှိ ရွှေတောင်ဘိလပ်မြေ စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅ သန်း တန်ဖိုးရှိ ချေးငွေများနှင့် ယာယီအစုရှယ်ယာများ ထောက်ပံ့မှုကို မြန်မာအရပ်ဘက် အဖွဲ့အစည်း ၁၇၄ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ကာ ငြင်းဆန်ရန် တိုက်တွန်းခဲ့သော် လည်း အတည်ပြုပေးခဲ့သည်။

ရွာသားများ၏ ပြောကြားချက်အရ လယ်ယာမြေများကို ကြိုတင်အသိပေးခြင်း မရှိဘဲ ဘူဒိုဇာဖြင့် ရှင်းလင်းဖျက်ဆီးခဲ့ပြီး၊ လျော်ကြေးငွေများကိုလည်း ကိစ္စရပ်များ ပြီးဆုံးသွားသည့် နောက်ပိုင်းမှသာ ပေးအပ်ခဲ့ကာ တိုင်ပင်ဆွေးနွေးပွဲများကိုလည်း ဟန်ပြအဆင့်မျှသာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စီမံကိန်းများနှင့် ဘဏ်များ မတူညီကြသော်လည်း ဖြစ်စဉ်ပုံစံများမှာမူ အမြဲတမ်း အတူတူပင် ဖြစ်သည်။ အဓိပ္ပါယ် ပြည့်ဝသော လွတ်လပ်မှု၊ ကြိုတင်ဆောင်ရွက်မှုနှင့် သိရှိနားလည်မှုအပေါ် အခြေခံသော သဘောတူညီမှု မရှိခဲ့ချေ။ တိုင်ပင်ဆွေးနွေးပွဲများကို ဆုံးဖြတ်ချက်များ ချမှတ်ပြီးမှသာ ကျင်းပခဲ့ကြသည် သို့မဟုတ် လုံးဝ ချန်လှပ်ထားခဲ့ကြသည်။

ဘေးကင်းလုံခြုံရေး မူဝါဒများသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့တွင် ပျက်ကွက်ခဲ့သည်။  ဒေသခံလူထုကို သဘောထားအမြင်များကို နားထောင်ပေးရမည့် အခွင့်အရေး ရှိသူများအဖြစ် မရှုမြင်ဘဲ ရှင်းထုတ်ရမည့် အတားအဆီးများ အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။

မိမိတို့အ​နေဖြင့် ဤသို့​သော ပျက်ကွက်မှုများနှင့် ပတ်သက်၍ အောက်တိုဘာလတွင် ဘဏ်များနှင့် တိုက်ရိုက်တွေ့ဆုံကာ မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မိမိတို့ တင်ပြခဲ့သည့် မေးခွန်းများကိုမူ ယနေ့ထိတိုင် အဖြေရှာ ဖြေရှင်းပေးခြင်း မရှိသေးပေ။

ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုဖြစ်သော်လည်း ပြီးပြည့်စုံသော ဖြေရှင်းမှုမဟုတ်

ထိုသမိုင်း​ကြောင်းကြောင့်ပင် အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း အပြောင်းအလဲက အရေးပါ​နေပြီး မိမိတို့မှ ယခုလို ကာကွယ်ပြောဆို နေရခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ကမ္ဘာ့ဘဏ်သည် Myanmar Community Support Project၊ Myanmar Community Livelihood Assistance Project၊ Myanmar Strengthening Community Resilience Project နှင့် Myanmar Health Assistance and Nutrition Support Project များအပါအဝင် မြန်မာနိုင်ငံ စီမံကိန်းများ အတွက် တတိယ အဖွဲ့အစည်းများမှ တဆင့် အမေရိကန်ဒေါ်လာ ၂၀၇ သန်းခန့်  ပံ့ပိုးကူညီခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃ သန်းတန် အရေးပေါ် ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးနောက်၊ ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန် အကြီးမားဆုံးသော ထောက်ပံ့ငွေကို အတည်ပြုပေးခဲ့သည့်အပြင် ငလျင်ဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်ရေးအတွက်လည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို ပြန်လည် ခွဲဝေ လျာထားပေးခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ဘဏ်နှစ်ခုလုံးမှ လူသားချင်း စာနာထောက်ထားမှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေး စီမံကိန်း ၆ ခုကို အတည်ပြုပေးခဲ့ပြီး၊ ယင်းစီမံကိန်းများ အားလုံးကို ကုလသမဂ္ဂအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကဲ့သို့သော တတိယ အဖွဲ့အစည်းများမှတဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တတိယ အဖွဲ့အစည်းများမှတဆင့် အကောင်အထည်ဖော်သည့် နည်းလမ်းသည် ပုံစံဟောင်းမှ ခွဲထွက်နိုင်ခဲ့သော မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ အကြောင်းမှာ ယင်းသည် စစ်အုပ်စု ထိန်းချုပ်ထားသော စနစ်များအတွင်းသို့ ငွေကြေးစီးဆင်းမှုကို ဟန့်တားပေးသည်ဟု ဆိုသောကြောင့် ဖြစ်သည်။

သို့သော်လည်း အမှန်တကယ်တွင် ICRC ကဲ့သို့သော တတိယအဖွဲ့အစည်း များသည် သမိုင်းအဆက်ဆက် စစ်တပ်၏ လုံခြုံရေးယန္တရားအဖြစ် အသုံးတော်ခံခဲ့သော အဖွဲ့အစည်းတခု ဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကဲ့သို့ စစ်အုပ်စု ထိန်းချုပ် ထားသည့် ယန္တရားများကိုသာ လုံးဝ မှီခိုအားထားနေရခြင်းမှာ အမှန်တရား ဖြစ်သည်။ 

ရန်ပုံငွေများကို တတိယ အဖွဲ့အစည်းများမှတဆင့် လွှဲပြောင်းပေးပို့ခြင်းသည် နည်းလမ်းယန္တရား တရပ်သာလျှင် ဖြစ်ပြီး၊ ဘေးကင်းလုံခြုံရေး အကာအကွယ်​ပေးသည့် မူဝါဒ မဟုတ်ပါ။ ယင်းသည် ဘဏ်များနှင့်မိမိတို့ တွေ့ဆုံ ဆွေးနွေးစဉ်က ဘဏ်များဘက်က ချန်လှပ်ထားခဲ့သည့် ဟာကွက် တခုဖြစ်ပြီး၊ ဤဆောင်းပါးသည် ထိုဟာကွက်ကို ထောက်ပြထားခြင်း ဖြစ်သည်။

ပုံစံဟောင်းကို ပြန်သွားခြင်းသည် ရာဇဝတ်ကောင် စစ်အုပ်စုကို တရားဝင်မှုပေးရာ ရောက်လိမ့်မည်

မိမိအနေဖြင့် ရှင်းလင်းစွာ သတိပေးလိုသည်မှာ လက်ရှိ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံ မဟုတ်တော့ပါ။ ဤသတိပေးချက်သည် ဘဏ်များကို ချဉ်းကပ်ခဲ့သော မိမိတို့ဘက်က အထူး အဓိကထား ပြောလိုသော စကားဖြစ်သည်။ 

တရားမဝင် ရာဇဝတ်ကောင် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်ခြောက်လှန့်မှု စစ်ဆင်ရေးများ စဉ်ဆက်မပျက် လုပ်ဆောင်နေလျက် ရှိသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ ပြည်တွင်းနေရပ် စွန့်ခွာရသူ ဦးရေ ၄ သန်းကျော် စံချိန်တင် မြင့်တက်လာခဲ့ပြီး၊ စစ်အုပ်စု၏ သတင်းအချက်အလက် ပိတ်ဆို့ထားမှုများနှင့် သွားလာခွင့် ကန့်သတ်ချက်များကြောင့် အမှန်တကယ် စာရင်းမှာ ထိုထက်မက ပိုမိုများပြားနိုင်သည်။

ပဋိပက္ခဖြစ်နေဆဲ နိုင်ငံတခုတွင် စီမံကိန်းများကို စစ်အုပ်စုက ခွင့်ပြုထားသူများနှင့်သာ ရေးဆွဲခြင်း၊ စစ်အုပ်စုက ချမှတ်ထားသော ဘောင်အတွင်းကသာ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်း၊ နဂိုဆက်ဆံ​ရေးသို့ ပြန်လည်ရောက်ရှိ​ရေးကို ဖွံ့ဖြိုးတိုးတက်မှုအဖြစ် သဘောထားခြင်း စသည့် ချဉ်းကပ်ပုံများဖြင့် ယခင်ပုံစံဟောင်းသို့ ပြန်သွားခြင်းသည် မည်သို့မျှ ကြားနေဆန်သည့် လုပ်ဆောင်ချက် မဟုတ်နိုင်ပါ။

၎င်းသည် ၂၀၂၀ ပြည့်နှစ် မတိုင်မီကာလ ဖြစ်ပေါ်ခဲ့သော ပုံစံများကို ပိုမိုဆိုးရွားသော အခြေအနေများ အောက်တွင် နောက်တကြိမ် ထပ်မံ ဖြစ်ပေါ်စေလိမ့်မည်။ ဤလုပ်ရပ်များသည် စစ်အုပ်စုကို အရင်းအမြစ်များ ပေးကမ်းရာ ရောက်စေမည်ဖြစ်ပြီး၊ အဆိုးဆုံးမှာ တရားဝင်မှုကို ရရှိစေမည် ဖြစ်ကာ ထိုတရားဝင်မှုကို ရရှိရန်အတွက်ပင် စစ်အုပ်စုသည် ကျေးရွာများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများကို ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဘဏ်များသည် ဤကိစ္စနှင့်ပတ်သက်၍ ရှုပ်ထွေးသယောင် ဟန်ဆောင် မနေသင့်ပါ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့် ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုခံရသည့် အန္တရာယ်မြင့်မားသော နိုင်ငံများစာရင်းတွင် ဆက်လက် ထည့်သွင်းထားခဲ့သည်။

FATF သည် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ငွေကြေးစီးဆင်းမှုများအပေါ် အထူးစိစစ်ကြည့်ရှုမှုများ ဆက်လက်ပြုလုပ်ရန် ညွှန်ကြားထားပြီး၊ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ တိုးတက်မှု တစုံတရာမရှိပါက တုံ့ပြန်အရေးယူမည့် အစီအမံများကို ထည့်သွင်းစဉ်းစားမည်ဟု သတိပေးထားသည်။

စစ်အုပ်စုလက်အောက် ငွေကြေးစနစ်သည် ငွေမည်းများကို တရားဥပဒေနှင့်အညီ ထိန်းချုပ်စိစစ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်စိတ်ချ၍ မရနိုင်ပေ။ ဤအချက်သည် မြန်မာနိုင်ငံအ​နေဖြင့် ၂၀၂၂ ခုနှစ်  အောက်တိုဘာလ ကတည်းက ထိုစာရင်းထဲတွင် ပါဝင်နေခဲ့ရခြင်း၏ တခုတည်းသော အကြောင်းရင်းဖြစ်သည်။

အကယ်၍ ကမ္ဘာ့ငွေကြေးစောင့်ကြည့်ရေးအဖွဲ့က စစ်အုပ်စုနှင့် ဆက်စပ်နေသည့် ငွေကြေးများကို အမြင့်ဆုံးအဆင့် စိစစ်စုံစမ်းရန် လိုအပ်သည်ဟု သတ်မှတ်ထားပါက ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့အနေဖြင့် ထိုထက်နိမ့်ကျသော စံချိန်စံညွှန်းများကို ကျင့်သုံး၍ မရနိုင်ပေ။

FATF ၏ သတိပေးချက်က တဖက်၊ စစ်အုပ်စုနှင့် ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ဦးတည်နေခြင်းက တဖက်ရှိနေရာဤနှစ်ဖက်လုံးက တချိန်တည်းတွင် မှန်ကန်နေနိုင်သည့် ခိုင်မာသော ဘဏ်လုပ်ငန်း ဆိုင်ရာ မူဝါဒမျိုးဟူ၍ မရှိနိုင်ပါ။

လက်ရှိ ဘဏ်များလုပ်ဆောင်ရမည့် အရာများ

ဘဏ်များရှေ့မှောက်သို့ မိမိတို့ ယူဆောင်သွားသည့် မေးခွန်းနှင့် ထောက်ပြချက်များသည် ထို့ကြောင့်ပင် ခိုင်မာစွာ တည်ရှိနေသည်။ ယင်းသည် မြန်မာနိုင်ငံအတွင်း ဘဏ်များကိုယ်တိုင်က ချန်ထားခဲ့သော ခြေရာနှင့် သမိုင်းမှတ်တမ်းများအတွက် တိုက်ရိုက် အဖြေများဖြစ်သည်။

ပထမအချက်အနေဖြင့် ဘဏ်များသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ဒေသတွင်းနှင့် ပြည်နယ်/တိုင်းအဆင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်သူများ၊ အဖွဲ့အစည်းများနှင့် လည်းကောင်း၊​ စစ်အုပ်စုထိန်းချုပ်မှု ပြင်ပတွင် သီးခြားလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် လည်းကောင်း မဖြစ်မနေ ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။

၎င်းတို့သည် ဘဏ်များက အကူအညီများ ရောက်ရှိလိုသည်ဟု ဆိုထားသော နယ်မြေများတွင် ဆေးခန်းများ၊ ကျောင်းများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမှန်တကယ် ဦးစီးလုပ်ဆောင်နေ ကြသူများ ဖြစ်ကြသည်။

ဒုတိယအချက်အနေဖြင့် ဘဏ်များသည် မြန်မာအရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု များ မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်သည်။

ရှေ့ပြေးအသံအဖွဲ့ (PV) နှင့် ၎င်း၏ မြန်မာ CSO မဟာမိတ်များသည် ၂၀၂၆ ခုနှစ် ဧပြီလတွင် ကမ္ဘာ့ဘဏ်သို့ လိပ်မူ၍ စာရေးသားပေးပို့ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ ထိခိုက်လွယ်မှု၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုဆိုင်ရာ မဟာဗျူဟာ (Fragility, Conflict and Violence Strategy) အောက်တွင် တွေ့ဆုံဆွေးနွေးပွဲနှင့် တရားဝင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့သော် ထိုစာကို ယနေ့အထိ ကမ္ဘာ့ဘဏ်ဘက်က အကြောင်း ပြန်ကြားခြင်း မရှိသေးချေ။

ဘဏ်၏ ချဉ်းကပ်ပုံဆိုင်ရာ လိုအပ်ချက်များက ဖြေရှင်း၍မရနိုင်သော အရာများဟု မိမိတို့ မပြောပါ။ ဘဏ်များအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသော အပြုသဘောဆောင်သော၊ ဘေးကင်းလုံခြုံသော တိုင်ပင်ဆွေးနွေးမှုများကို နောက်ထပ် ကြန့်ကြာမှုမရှိဘဲ စတင်ဆောင်ရွက်ရမည်ဟုသာ မိမိတို့ ဆိုလိုခြင်း ဖြစ်သည်။ 

ပြည်သူကို ဗဟိုပြုသည်ဟု ဆိုသော မဟာဗျူဟာ တခုသည် ၎င်းက အကျိုးပြုရန် ရည်ရွယ်ထားသည့် ပြည်သူများ၏ ကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု မရှိဘဲ ရေးဆွဲ ပုံဖော်၍ မရနိုင်ပါ။

တတိယအချက်အနေဖြင့် စစ်အုပ်စု ထိန်းချုပ်ထားသော စနစ်များမှတဆင့် ဘဏ်၏ ရန်ပုံငွေများ စီးဆင်းခြင်း လုံးဝမရှိစေရပါ။ သီးခြားလွတ်လပ်သော မြန်မာအရပ်ဘက် အဖွဲ့အစည်းများအား ဝန်ဆောင်မှုပေးသည့် မိတ်ဖက်များအဖြစ်၊ တတိယအစုအဖွဲ့ စောင့်ကြည့်လေ့လာသူများအဖြစ် မဖြစ်မနေ သဘောထား၍ ဆက်ဆံရမည်။ 

"မိတ်ဖက်" ဆိုသည်မှာ တိကျသော အဓိပ္ပာယ်ရှိသည့် စကားလုံး ဖြစ်သည်။ ယင်းသည် စိန်ခေါ်မှု များသော နောက်ဆုံးမြေပြင်အဆင့်တွင်သာ စားနပ်ရိက္ခာများ ပြန်လည်ဖြန့်ဝေပေးသည့် အလုပ်ကို လုပ်ပေးရန်နှင့် လုပ်ငန်းရလဒ်များကို တင်းကျပ်သော စည်းမျဉ်းများနှင့်အညီ စစ်အုပ်စု၏ သတင်း အချက်အလက် ထောက်လှမ်းမှုကို အထောက်အကူပေးသည့် ပုံစံမျိုးဖြင့် အထက်သို့ ပြန်လည်အစီရင်ခံ တင်ပြပေးရန် ကုလသမဂ္ဂ အေဂျင်စီများက ဒေသခံအဖွဲ့တခုကို တဆင့်ခံ ကန်ထရိုက် ပြန်ပေးခြင်းကို မဆိုလိုပါ။

ထိုအစား မြန်မာအရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် စီမံကိန်း ရေးဆွဲရေးတွင် ပါဝင်ခွင့်၊ အကူအညီများ ပေးအပ်ရန် စီစဉ်သည့်အခါ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးခွင့်နှင့် ရန်ပုံငွေများကို မျှတထိရောက်စွာ ရရှိခွင့်တို့ ရှိရမည် ဖြစ်သည်။

စောင့်ကြည့်စိစစ်မှုသည် လွတ်လပ်မှု ရှိရမည်ဖြစ်ပြီး အကူအညီများ ပေးအပ်ခဲ့သည့် လုပ်ငန်းစဉ် လမ်းကြောင်း တခုတည်းကပင် မိမိကိုယ်ကို ပြန်လည်စိစစ် အကဲဖြတ်သည့် ပုံစံမျိုး မဖြစ်ရပေ။

အကယ်၍ စစ်အုပ်စုက အကူအညီများကို လမ်းလွှဲရယူခြင်း၊ အခွန်ကောက်ခံခြင်း သို့မဟုတ် မိမိတို့ အကူအညီအဖြစ် လိမ်လည်အမြတ်ထုတ်ခြင်းများ ပြုလုပ်နိုင်မည်ဆိုလျှင် ဘဏ်များအနေဖြင့် နောင်လာမည့် ဘဏ္ဍာရေးရန်ပုံငွေ ထုတ်ပေးမှုမတိုင်မီ ကြိုတင်သိရှိထားရမည်ဖြစ်ပြီး၊ ရန်ပုံငွေများ ထုတ်ပေးပြီးမှ သိရှိခြင်းမျိုး မဖြစ်စေရပါ။

စတုတ္ထအချက်အနေဖြင့် ဘဏ်များသည် စစ်အုပ်စု၏ တရားဝင်မှု ရရှိရန် ကြိုးပမ်းမှုများကို ပြတ်ပြတ်သားသား ငြင်းပယ် ဆန့်ကျင်ရမည်ဖြစ်သည်။

စစ်အုပ်စုသည် အစည်းအဝေးတိုင်း၊ စီမံကိန်း စာရွက်စာတမ်းတိုင်းနှင့် အများပြည်သူဆိုင်ရာ ထုတ်ပြန် ကြေညာချက်တိုင်းကို နေပြည်တော်မှနေ၍ အချက်ပြမှု တခုအနေဖြင့် စောင့်ကြည့်နေလျက် ရှိသည်။

မြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံခြင်းသည် မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံ အကျပ်အတည်းများကို ဖန်တီးခဲ့သည့် တရားခံများဖြစ်သော စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် လုံးဝမတူပါ။ ဘဏ်များသည် ထိုကွဲပြားခြားနားချက်ကို ၎င်းတို့ ဆောင်ရွက်သမျှ ကိစ္စတိုင်းတွင် ထင်ရှားပေါ်လွင်အောင် ပြသထားရ မည် ဖြစ်သည်။

ဤဆောင်းပါးတွင် ထောက်ပြထားသော အကြောင်းအရာ အားလုံးသည် မြန်မာပြည်သူများအား အကူအညီပေးနေခြင်းကို ဆန့်ကျင်သည့် ငြင်းဆိုချက်များ မဟုတ်ပါ။ ပြည်သူများထံ အကူအညီများ ထိရောက်စွာနှင့် မှန်ကန်စွာ ရောက်ရှိစေရေးအတွက်သာ ပြောဆိုနေခြင်း ဖြစ်သည်။

အသက်ကယ် အရေးပေါ် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ခိုလှုံရာ အမိုးအကာနှင့် ပညာရေးဆိုင်ရာ အထောက်အပံ့များ လိုအပ်နေသည့် ပြည်သူများသည် ပြီးပြည့်စုံသော စနစ်တစ်ခုကို မျှော်လင့် စောင့်ဆိုင်း​နေကြခြင်းမဟုတ်ပါ။

၎င်းတို့သည် အကူအညီများက ၎င်းတို့၏ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးပြီး နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့သည့် အင်အားစုများကို ပိုမိုအားကောင်းမှု မဖြစ်​စေဘဲ ​၎င်းတို့ထံ ရောက်ရှိလာ​ရေး ကို မျှော်လင့်စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။   ။

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013