
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေ အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။
သံရုံးပေါင်း ၃၉ ခုလောက်နဲ့ ညှိနှိုင်းဆောင်ရွက်ရင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက်ဟာ လျှို့ဝှက်စောင့်ကြည့်ထောက်လှမ်းတာ၊ ကင်းလှည့်တာ၊ ဒရုန်းတွေသုံးတာ၊ ယာဉ်တန်းတွေက လုံခြုံရေးလိုက်ပါစောင့်ရှောက်တာတို့ကတဆင့် အစည်းအဝေးကျင်းပရာနေရာ၊ ကိုယ်စားလှယ်တွေတည်းခိုမဲ့ဟိုတယ်တွေနဲ့ ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာတွေရဲ့ လုံခြုံရေးကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့ဌာနခွဲ ကော်မရှင်နာမင်းကြီး ဖုန်ဆီယမ် မီးခန်ထောင်းက ပြောပါတယ်။
ဘန်ကောက်မြို့လယ်က အစည်းအဝေးကျင်းပတဲ့နေရာနဲ့ တရားဝင်သတ်မှတ်ထားတဲ့ ဟိုတယ် ၂၁ ခုတို့မှာ လုံခြုံရေးကို တင်းကျပ်ထားပြီးပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အစည်းအဝေးတွေကို အောက်တိုဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအခြေအနေကို ဆွေးနွေးဖို့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံက ဗဟိုဘဏ်ဥက္ကဋ္ဌတွေ၊ စီးပွားရေးမူဝါဒ ချမှတ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်တွေ အပါအဝင် ပါဝင်တက်ရောက်သူ ၁၅,၀၀၀ ကျော် စုစည်းပါဝင်ကြမှာ ဖြစ်ပါတယ်။
Source: Reuters











