
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က ထိုင်းရောက် မြန်မာလူမှုအသိုက်အဝန်း ဆုံစည်းရာနေရာတခု၊ မြန်မာအစားအသောက်တွေ စုံစုံလင်လင် ရောင်းချပေးရာ နေရာတခုဖြစ်တဲ့ Memories of Chiang Mai မှာ မြန်မာ့သီတင်းကျွတ်လပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို အောက်တိုဘာ ၂၆ ရက်ညက ပြုလုပ်ခဲ့ပါတယ်။
ပွဲစီစဉ်သူတွေက ထိုင်းနိုင်ငံနဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံတွေဟာ ဆင်တူကြပြီး မြန်မာလူမျိုးတွေရဲ့ သီတင်းကျွတ်ပွဲတော်ကို ထိုင်းလူမျိုးတွေလည်း ပျော်ရွှင်နှစ်သက်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
မြန်မာတွေရဲ့ သီတင်းကျွတ်ပွဲတော်ဆိုပေမဲ့ ထိုင်းလူမျိုးတွေနဲ့ တခြားနိုင်ငံက ဘယ်သူမဆို လာရောက်ဆင်နွှဲကြဖို့ကိုလည်း ဖိတ်ခေါ်ထားခဲ့သလို၊ လာရောက်ဆင်နွှဲခဲ့ကြတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ပြောပါတယ်။
ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ချင်းမိုင်မြို့ကို ရောက်ရှိနေတာ ၄ နှစ်ကျော်ကြာပြီတဲ့ ဝီလျံက "နိုင်ငံရပ်ခြား ရောက်ရှိပြီးတော့မှ ကိုယ့်ရိုးရာဓလေ့ကို ပြန်ပြီးတော့ ဖော်ထုတ်ကြတဲ့အခါမှာ ကြုံဖူးတယ်ရှိအောင် လာကြည့်ဦးမယ်ဆိုပြီးတော့ လာခဲ့တာပါ။ အရမ်းလည်း ပျော်ဖို့ကောင်းတယ်၊ အရမ်းလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်" လို့ ပြောပါတယ်။
Memories of Chiang Mai ရဲ့ ဝိမုတ္တိ အနုပညာဥယျာဉ်မှာ လက်မှုပစ္စည်းတွေ ရောင်းချနေတဲ့ အိုချစ်ရာ ဆိုင်ခန်းကလည်း အလှူဒါန ပြုခဲ့ပါတယ်။
ဆိုင်ခန်းနံပါတ် ၂၀ ဖြစ်တဲ့ အဆိုပါဆိုင်ကနေ ချည်သား ပိုက်ဆံအိတ်၊ ချည်သား လက်ကိုင်ပုဝါနဲ့ တီရှပ်အင်္ကျီ ၁၀၀ ကျော်ကို လက်ဆောင်ပစ္စည်းအဖြစ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အိုချစ်ရာ ဆိုင်ရှင် မဇာလီက "ပြောရရင် ပထမဆုံးအကြိမ်ပဲ စိတ်ထဲမှာ ပျော်တယ်လို့ ခံစားလိုက်ရတာ။ လူတွေအများကြီး မြင်ရတယ်၊ ပြီးတော့ တန်းစီပြီးတော့ နိဗ္ဗာန်ဈေးကတ်လေးတွေ ဝေကြတယ်၊ ပြီးတော့ စားကြတယ်။ ဆိုင်တွေအကုန်လုံးကလည်း ပါဝင်ပြီးတော့ သူတို့ တတ်နိုင်တဲ့ မဲအရေအတွက် ၂,၀၀၀ ကျော်ဆိုတော့ နည်းတဲ့အား မဟုတ်ဘူးပေါ့နော်။ အဲ့တော့ လူပေါင်း အများကြီး ဘယ်လောက် လာမလဲဆိုတာ တွေးလို့ရတယ်။ အဲ့တော့ ပျော်ပျော်ရွှင်ရွှင် သီတင်းကျွတ်လေးကို အကုန်လုံး အတူတူ ပါဝင်ဆင်နွှဲလိုက်ရတော့ မြန်မာပြည်ကို ပြန်ချင်တဲ့ လွမ်းတဲ့စိတ်လေးကို တော်တော်လေး သက်သာသွားတယ်။ ပြီးတော့ အားလုံး အတူတူ ပါဝင်ပျော်ရွှင်ရလို့လည်း အရမ်းစိတ်ထဲမှာ ပျော်ပါတယ်" လို့ ပြောပြပါတယ်။
Memories of Chiang Mai မှာ ပြုလုပ်တဲ့ သီတင်းကျွတ်လပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်မှာ ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို သီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။











