DVB Logo
Home
Lead Story
တော်လှန်မျိုးစေ့
DVB
·
August 23, 2026
တော်လှန်မျိုးစေ့
Donate to DVB

သို့

ချစ်ခင်ရတဲ့ တက်ကြွလူငယ်

ကျမဘဝမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတခု ရှိပါတယ်။ အဲ့တာကတော့ ဘယ်အရာကိုမဆို အပြောင်းအလဲ မလုပ်ခင် ဒီအရာ ဘာကြောင့်အစကတည်းက ရှိနေခဲ့တာလဲဆိုတာကို အရင်ဆုံး မေးခွန်းထုတ်ဖို့လိုတယ် ဆိုတာပါပဲ။ ဒီသင်ခန်းစာဟာ ကျမရဲ့ တက်ကြွလှုပ်ရှားသူ ဘဝအပေါ် လွှမ်းမိုးမှု ကြီးမားခဲ့ပါတယ်။ မတရားမှုကို ဆန့်ကျင်တဲ့ လုပ်ရပ်တိုင်းဟာ ဒီလိုမေးခွန်းကို မေးရဲတဲ့ သတ္တိကပဲ စတင်ခဲ့ပါတယ်။ ဒါဟာ တော်လှန်မျိုးစေ့ပါပဲ။ 

ကျမ မှတ်မိနေပါသေးတယ်။ ကျမအသက် ၁၄ နှစ်လောက်ကပါ။ ရွှေတိဂုံစေတီတော်မှာ အမျိုးသမီးတွေ တက်ခွင့်မရှိတဲ့ စေတီအထက်ပစ္စယံကနေ အမျိုးသားတွေ ဆင်းလာကြတာကို စေတီရင်ပြင်ကနေ ကျမ ထိုင်ကြည့်နေခဲ့ပါတယ်။

သမီးတို့လည်း တက်ရ​အောင်လို့ အမေ့ကိုမေးတော့ မိန်းကလေးတွေမို့ တက်ခွင့်မရှိဘူးလို့ ပြန်ပြောပါတယ်။ ဘာဖြစ်လို့လဲ။ ​မေးခွန်းထုတ်လိုက်တယ်။

အမေ့ဆီက စိတ်ကျေနပ်စရာ အဖြေမရခဲ့ပဲ တိုက်ရိုက်တမျိုး သွယ်ဝိုက်ပြီးတဖုံနဲ့ နှုတ်ဆိတ်နေဖို့သာ ကျမကို ပြန်ပြောခဲ့ပါတယ်။ ရာသီသွေး ဆင်းတာကြောင့် ညစ်ညမ်းတယ်ဆိုပြီး အနှိမ်ခံရတဲ့ ကျမတို့ရဲ့ အမျိုးသမီး ခန္ဓာကိုယ်အတွက် ရှက်ရွံ့မှု ခံစားရဖို့နဲ့ အမျိုးသား ခန္ဓာကိုယ်တွေမှာပဲ ရှိတယ်လို့ ယုံကြည်အောင် သွန်သင်ခံထားရတဲ့ "ဘုန်းကံ" ဆိုတဲ့အရာ ကျမတို့ရဲ့ အမျိုးသမီး ခန္ဓာကိုယ်မှာ မရှိတာကို နောင်တရဖို့ အမေက ကျမကို ပြောခဲ့ပါတယ်။

ကျမက အလျှော့မပေးခဲ့ပါဘူး။ ဓမ္မတာသွေး မဆင်းတော့တဲ့ ဘုရားတရားလုပ်နေတဲ့ သက်ကြီးရွယ်အို သီလရှင်တွေကရော၊ အရက်သမား ယောက်ျားသားတွေ မုဒိမ်းကောင်တွေကရောလို့ အမေ့ကို ထပ်မေးခဲ့ပါတယ်။

ဒါပေမဲ့ တူညီတဲ့ အ​​ဖြေသာ ရခဲ့ပါတယ်။ သက်ကြီးသီလရှင်တွေလဲ အမျိုးသမီးဖြစ်လို့ တက်လို့မရဘူး၊ မုဒိမ်းကောင်တွေကတော့ ယောက်ျားဖြစ်တာကြောင့် တက်လို့ရတယ်လို့ ဆိုပါတယ်။

ဒီလို မေးခွန်းတွေမေးလို့ ယုံကြည်မှု​တွေကို မေးခွန်းထုတ်လို့ ငရဲကျမယ်လို့ အဆူခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျမကတော့ မေးခွန်းထုတ်တာကို ဘယ်တုန်းကမှ မရပ်ခဲ့ပါဘူး။ ကျမတို့ဟာ မတရားမှုတခုကို တွေ့တဲ့အခါ အမြဲမေးခွန်းထုတ်ဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးသင့်တယ်၊ တယောက်နဲ့တယောက်လည်း အားပေးသင့်တယ်လို့ ကျမ ယူဆပါတယ်။ ဒါဟာ အပြောင်းအလဲဖြစ်လာဖို့ တခုတည်းသော လမ်းစဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားမှုဆိုတာ ရှင်းရှင်းလင်းလင်း မြင်တတ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ငယ်ဘဝကတည်းက အသားကျလာခဲ့တဲ့ အလိမ်အညာတွေကို ပြန်လည်ခြေဖျက်ခြင်း ဖြစ်ပါတယ်။ တခါတလေ ဒီအလိမ်အညာတွေဟာ ကိုယ်ချစ်ခင်ရသူတွေ၊ ယုံကြည်ရသူတွေ၊ လေးစားအားကျရ သူတွေဆီကတောင် လာတတ်ပါတယ်။ 

ဘယ်အရာတွေက ဘာကြောင့် ဒီလိုဖြစ်နေရတာလဲလို့ အမြဲမပြတ် မေးခွန်းထုတ်တာ၊ ပြီးရင် မတရားမှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဖြစ်ပေါ်လာအောင် အားပေးနေတဲ့ အခြေအနေကို ဆန့်ကျင်မေးခွန်းထုတ်တာ စတာတွေဟာ တော်လှန်မှု အဆန်ဆုံး လုပ်ရပ်တွေထဲက တခုပါပဲ။

၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ကျမ စပြီးပါဝင်လာတဲ့အခါ လူမှုအသိုက်အဝန်းရဲ့ နေရာတိုင်းမှာ မတရားမှုတွေကို စနစ်တကျ ဘယ်လို သွတ်သွင်းထားလဲဆိုတာ ခြုံပြီး မြင်တတ်လာခဲ့ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေကအစ အများအထွတ်အမြတ်ထားတဲ့ နေရာတွေမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအလယ်၊ အာဏာရှိသူတွေနဲ့ ပတ်သက်ပြီးတော့ဖြစ်စေ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်စေ နှုတ်ဆိတ်တတ်ကြတဲ့ အလေ့အထတွေအဆုံး ကျမတို့ရဲ့ လူမှုအသိုက်အဝန်းထဲမှာ အမြစ်တွယ်နေတဲ့ မတရားမှုတွေကို စတင်မြင်တွေ့ခဲ့ရပါတယ်။ 

နှုတ်ဆိတ်မှုဟာ ကြံရာပါမှု မြောက်တယ်လို့ လေးလေးနက်နက် ခံယူထားတာကြောင့် ကျောင်းသားဆန္ဒပြပွဲတွေမှာ ကျမ စတင် ပါဝင်လာခဲ့တာပါ။

ကျမ နယ်စပ်ကိုရောက်တော့ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ခံစား​နေရတဲ့ မွန်၊ ကရင် လူမှုအသိုက်အဝန်းက ပြည်သူတွေနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ဒီစစ်တပ်ဟာ ဒီမိုကရေစီအရေး အတွက် ကျမတို့ ကျောင်းသားကျောင်းသူတွေ ကိုယ်တိုင်ကလည်း ဆန့်ကျင်တော်လှန်လာခဲ့တဲ့ စစ်တပ်ပဲ ဖြစ်ပါတယ်။ သူတို့နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ကျမ အရင်က မေးခွန်းထုတ်ခဲ့တဲ့ ‘ဘာကြောင့်လဲ’ ဆိုတဲ့ မေးခွန်းပေါင်းများစွာအတွက် အဖြေရဲ့ နောက်ထပ်အလွှာ တခုကို သိမြင်နားလည်လာခဲ့ပါတယ်။

ကျမတို့နိုင်ငံထဲမှာရှိတဲ့ မတရားမှုတွေဟာ နိုင်ငံရေးပြဿနာ တခုတည်း မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးစုအရေးလည်း ပါပါတယ်။ မတရားမှုတွေကို အဖွဲ့အစည်းအလိုက် အစီအစဉ် တကျရော၊ စနစ်တကျရော ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ကျမဘဝမှာ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ကျမဟာ လူများစုဝင်တဦး ဖြစ်နေခြင်းကြောင့် အခွင့်ထူးရနေခဲ့တာတွေ ရှိ​နေခဲ့တယ်ဆိုတာကိုလည်း ပထမဆုံး စပြီး သဘောပေါက်လာခဲ့ပါတယ်။

မျိုးရိုးအရ ကျမဟာ ဗမာ၊ ရှမ်းနဲ့ မွန် သွေးစပ်နေတဲ့သူ ဖြစ်ပေမဲ့ လူမှုရေး အဆင့်အတန်းအရတော့ ပညာရေး အခွင့်အလမ်းကောင်းတဲ့ မြို့ပြကနေလာတဲ့ လူများစု ဗမာ ဗုဒ္ဓဘာသာ အမျိုးသမီးတဦးဖြစ်ပြီး ဒီလိုအဆင့်အတန်း သတ်မှတ်ချက်တွေက ကျမကို လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေနဲ့ ကျေးလက်ဒေသက အမျိုးသမီးတွေ မရနိုင်တဲ့ အကာအကွယ်နဲ့ အခွင့်ထူးတွေ ရစေခဲ့ပါတယ်။ 

ကျမတို့အားလုံးဟာ ဖိနှိပ်တဲ့ စစ်အုပ်ချုပ်မှုအောက်မှာ နေကြရတာချင်း တူပါတယ်။ ပြီးရင် သေချာတာက ကျမကိုယ်တိုင်လည်း အမျိုးသမီး တယောက်အနေနဲ့ စိန်ခေါ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ချင်း၊ ကရင်၊ တအောင်း၊ ရိုဟင်ဂျာနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေ ကြုံတွေ့ခဲ့ရတဲ့ အလွှာလိုက်ရှိနေတဲ့ ဖိနှိပ်မှုတွေအကြောင်းနဲ့ ဒီလူမှုအသိုက်အဝန်းတွေက ဒီအမျိုးသမီးတွေ ကြုံတွေ့နေခဲ့ရတဲ့ အလွှာလိုက်ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေ အကြောင်းကို အရင်က နားမလည်ခဲ့ပါဘူး။ 

မတရားမှုတွေကို ရင်ဆိုင်ဖြတ်​ကျော် ရှင်သန်လွတ်​မြောက်ခဲ့သူတွေရဲ့ အသံကို နားထောင်ပေးရင်း သူတို့နဲ့အတူ ရပ်တည်ပေးတော့မှသာ မြန်မာစစ်တပ်က ဘယ်လိုဘယ်ပုံ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတယ်ဆိုတဲ့ အကြောင်းနဲ့ ကျမတို့ရဲ့ လူ့အသိုက်အဝန်းကို သူတို့က ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားတယ် ဆိုတဲ့အကြောင်း အပြည့်အဝ နားလည်လာခဲ့ပါတယ်။

ကျမ ဒီလို ပိုပြီးသိလာလေလေ လွှမ်းမိုးမှုကြီးတဲ့ လူများစုဝင်ဖြစ်ခြင်းကနေ ရနေတဲ့ ကျမမှာရှိတဲ့ အခွင့်ထူး​တွေကို အသုံးချပြီး တန်းတူမှု၊ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ ဖိနှိပ်ခံ ဖယ်ကြဉ်ခံနေရတဲ့ လူမှုအသိုက်အဝန်းတွေနဲ့အတူ ရပ်တည်ပေးဖို့နဲ့ သူတို့ကို ပံ့ပိုးကူညီဖို့ ကျမရဲ့ ကတိကဝတ်တွေ ပိုပြီးခိုင်မာလာ လေလေပဲ​ ဖြစ်ပါတယ်။  

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံ ပွင့်လင်းလာတဲ့အခါ အကြောင်းနှစ်ခုကြောင့် ကျမ မြန်မာနိုင်ငံကို အပြီးပြန်မသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပထမအ​ကြောင်းရင်းက​တော့ စစ်တပ်ကို ကျမ မယုံဘူး။ ဒုတိယအ​ကြောင်းရင်းကတော့ တိုင်းရင်းသားလူမျိုးစုတွေ မလွတ်မြောက်သေးမချင်း ကျမအတွက်ကတော့ ဒီတိုက်ပွဲက မပြီးသေးဘူးလို့ တထစ်ချ ယုံကြည်ထားတာကြောင့် ဖြစ်ပါတယ်။ 

ကျမအတွက်ကတော့ အင်အားကြီးတဲ့ လှုပ်ရှားမှုရဲ့ အဓိကအနှစ်သာရဟာ အတူတကွ စုပေါင်း တိုက်ပွဲဝင်ခြင်းနဲ့ တဦးနဲ့တဦး အခိုင်အမာ အပြန်အလှန် ရပ်တည်ပေးခြင်းလို့ ခံယူထားပါတယ်။ 

ကျမတို့ အားလုံးဟာ ဖိနှိပ်ခံနေရသူတွေ အနိုင်ကျင့်ခံနေရသူတွေ ဖြစ်တယ်ဆိုတာရယ် ကျမတို့မှာ စနစ်ကြီးကနေ ရနေတဲ့ မတူညီတဲ့ မညီမျှတဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်ထူးတွေလည်း ရှိနေကြတယ်ဆိုတာရယ်ကို အသိအမှတ်ပြု ရပါမယ်။

ပြီးရင် ဒီလို မတူညီတဲ့ အာဏာပါဝါနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီး ကျမတို့ဟာ တန်းတူမှု၊ သာတူညီမျှမှု၊ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုကနေ ဆင်းသက်လာပြီး လွှမ်းခြုံမှု၊ အများပါဝင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အခြေခံတဲ့ စနစ်သစ်တခုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

လူမှုတရားမျှတမှုဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေကို လုပ်ဆောင်ကြတဲ့အခါ ကျမတို့ဟာ ‘ဘာကြောင့်လဲ’ ဆိုတဲ့ မေးခွန်းကို ထပ်ခါထပ်ခါ မေးနေဖို့ လိုအပ်ပါတယ်။ 

ကျမတို့အပေါ် တခြားသူတွေ ကျူးလွန်နေတဲ့ မတရားမှုတွေ အကြောင်းကို ကျမတို့ ပြောကြပါတယ်။ ဒီလိုပဲ ရည်ရွယ်ပြီးဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်စေ၊ သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ကျမတို့ကိုယ်တိုင်က အခြားသူတွေအပေါ် ကျူးလွန်ကောင်း ကျူးလွန်နေနိုင်တဲ့ မတရားမှုတွေ အကြောင်းကိုလဲ သိမြင်နားလည် သတိထားနိုင်ဖို့ လိုအပ်ပါတယ်။ 

ဒါမှသာ ကျမတို့ ကိုယ်ထဲမှာ ရှိနေတဲ့ အစွဲတွေကို ချွတ်ပြီး သူတပါးကို ထိခိုက်စေတဲ့ ကျမတို့ ကိုယ်တိုင်ရဲ့လုပ်ရပ်တွေနဲ့ အပြုအမူတွေကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သတိမူမိလာတဲ့အခါမှသာ ကျမတို့ဟာ လူမျိုးစု၊ ဂျန်ဒါ၊ လူမှုစီးပွားလူတန်းစား၊ ကိုးကွယ်ယုံကြည်မှု၊ အသက်အရွယ် ဒါမှမဟုတ် ပညာရေးအဆင့်အတန်း စသဖြင့် တခြားသူတွေအပေါ် ကြီးစိုးနေတဲ့ ကျမတို့ကိုယ်တိုင်ရဲ့ ခံယူမှုဖြစ်တည်မှု ဝိသေသလက္ခဏာတွေကနေ ရရှိနေတဲ့ အာဏာပါဝါနဲ့ လုပ်ပိုင်ခွင့်တွေကို ကျမတို့က တခြားသူတွေကို ထိထိရောက်ရောက် ဝေမျှပေးလာနိုင်မှာ ဖြစ်ပါတယ်။

“ကိုယ်မြင်ချင်တဲ့ အပြောင်းအလဲ ဖြစ်လာအောင် ကိုယ်တိုင်ကျင့်ကြံပါ” လို့ ဂန္ဒီကြီး ကပြောခဲ့တဲ့ စကားဟာ ကျမတို့ လက်တွေ့ အကောင်အထည် ဖော်နိုင်မှသာ တကယ်တမ်း စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့ အသက်ဝင်မှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ကိုယ့်မှာရှိတဲ့ အာဏာပါဝါနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီး ကိုယ်တိုင် ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ရမလဲ၊ ဘယ်အချိန်မှာတော့ နောက်ဆုတ်ပြီး တခြားသူတွေ ဦးဆောင်နိုင်အောင် ထုတ်ဖော်ပြောဆိုနိုင်အောင် နေရာပေးရမလဲ ဆိုတာတွေကို ကျမတို့ ဆန်းစစ်အကဲဖြတ်နိုင်ရပါမယ်။ ဒါဟာ စုပေါင်းအင်အားနဲ့ စုပေါင်းတော်လှန်မှုအတွက် လိုအပ်တဲ့ သွေးစည်းညီညွတ်မှုရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံမှာ အရင်ကရှိခဲ့တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ မတူပါဘူး။ ကျမတို့ရဲ့ တခေတ်တခါက ရှစ်လေးလုံး ကာလနဲ့ မတူတာက နွေဦးတော်လှန်ရေးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ အများပါဝင်မှု၊ တရားမျှတမှုနဲ့ တန်းတူမှု အပေါ်ခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပုံစံဟာ ရှင်းလင်းပြီး အများပြည်သူကလည်း ဒါကို လိုလိုလားလား လက်ခံထားကြပါတယ်။

အရင်က တကြိမ်တခါမှ မရှိခဲ့ဖူးတဲ့ ပိုမိုအရောင်အသွေးစုံလင်တဲ့ ကိုယ်စားပြုမှုနဲ့အတူ၊ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားလူမျိုးစု၊ ဘာသာရေး လူနည်းစုနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBTQIA+) အသိုက်အဝန်းတွေရဲ့ ဦးဆောင်မှုတွေနဲ့အတူ ဒီလူထုလှုပ်ရှားမှုကြီးဟာ “စစ်တပ်က ဘယ်တော့မှ အုပ်ချုပ်ခွင့် မရစေရဘူး” လို့ စုပေါင်းကြွေးကြော်ထားပြီးသားပါ။

ဒီမျှော်မှန်းချက်အတွက် အားလုံးက ပူး​ပေါင်းပါဝင် ကတိကဝတ်ပြု အားစိုက်ဆောင်ရွက်လာခဲ့တာကြောင့် ဗဟိုချုပ်ကိုင်မှုအောက်က စစ်တပ်ရဲ့ ဖိနှိပ်မှု စနစ်ဟာလည်း ပြိုလဲလုနီးပါး ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေ အထူးသဖြင့် လူငယ်မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူတွေဟာ ပြန်လည်စုဖွဲ့ပြင်ဆင်ပြီး ဗျူဟာကျကျ မလုပ်ဆောင်နိုင်ရင် စစ်တပ်ရဲ့ ဖိနှိပ်ရေးစနစ်နဲ့ ယန္တရားတွေကို ဖြိုချဖို့ဆိုတာ လက်တွေ့​အောင်ပွဲတခုထက် အလှမ်းဝေးတဲ့ အိပ်မက်တခုပဲ ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ 

တရားမဝင် ရာဇဝတ်ကောင် စစ်အုပ်စုဟာ တဖက်မှာ အရပ်သားအသွင်ယူ ပုံသစ်ပြောင်းလိုက်ပြီး တဖက်မှာတော့ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေသလို လှည့်ကွက်အမျိုးမျိုးနဲ့ တော်လှန်ရေးကို ဖြိုခွင်းဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ပြန်အသက်သွင်းဖို့ လုပ်ဆောင်နေပါတယ်။

ကျမတို့ဟာ ဒီအတုအယောင် ရွေးကောက်ပွဲအလွန် စစ်အုပ်စုရဲ့ ခြေလှမ်းတိုင်းကို မေးခွန်းထုတ်နေရပါမယ်။ ဒီလို မေးခွန်းများများ ထုတ်လေလေ အပြောင်းအလဲအတွက် ကျမတို့ရဲ့ ရှေ့လျှောက် တက်ကြွလှုပ်ရှားမှု ခရီးလမ်းဟာ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာလေလေပါပဲ။ 

အဆက်မပြတ် မေးခွန်းထုတ်ပါ။ အဆက်မပြတ် ဆန့်ကျင်ပါ။ အသစ်အဆန်းတွေကို အဆက်အပြတ် လေ့လာသင်ယူပါ၊ သင်ယူထားတဲ့ အမှားတွေကိုလည်း ပြန်ပြီးခြေဖျက်ပါ။ စစ်တပ်ရဲ့ ဗဟိုချုပ်ကိုင်မှုအောက်က ဖိနှိပ်မှု စနစ်တခုလုံး လုံးဝပြိုကျသွားပြီး အနာဂတ်သစ်တခုကို အတူတကွ တည်ဆောက်နိုင်တဲ့အထိ ဒါတွေကို အဆက်မပြတ် လုပ်ဆောင်ပါ။ 

‘ဘာကြောင့်လဲ’ ဆိုတဲ့ မေးခွန်းရဲ့အပြောင်းအလဲ ဖော်ဆောင်ပေးနိုင်တဲ့ အစွမ်းကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ မိမိကြုံတွေ့ရတဲ့ ဖိနှိပ်မှုတွေနဲ့ မိမိမှာရှိနေတဲ့ အခွင့်ထူးတွေ နှစ်မျိုးလုံးကို အသိအမှတ်ပြုခြင်းရဲ့ အစွမ်းကိုလည်း လျှော့မတွက်ပါနဲ့။ ဒါတွေဟာ တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် မိမိ ဘယ်လိုရပ်တည်ပေးတယ်၊ ဘယ်လို တိုက်ပွဲဝင်ပေးတယ်ဆိုတဲ့ မိမိရဲ့ အခန်းကဏ္ဍကို ထုဆစ်ပုံဖော်ပေးရာမှာ စွမ်းအား ကြီးမားပါတယ်။ ။

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံ တွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013