DVB Logo
Home
Lead Story
အဝေးရောက်သူတ​​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၆)
DVB
·
October 16, 2026
အဝေးရောက်သူတ​​ဦးမှ တက်ကြွလှုပ်ရှားသူ လူငယ်သို့ ပေးစာများ (၆)
Donate to DVB

သွေးစည်းညီညွတ်မှုဆိုတာ

သို့  ချစ်ခင်ရတဲ့ တက်ကြွလူငယ်

လွတ်လပ်မှုဆီကို လျှောက်လှမ်းနေကြတဲ့ ကျမတို့ရဲ့ ဒီခရီးရှည်ကြီးမှာ အမြဲတမ်း ရင်ဝယ်ပိုက်ထားရမဲ့ အရေးအကြီးဆုံး အမှန်တရားတွေထဲက တခုကတော့ ကိုယ်ဟာ ကိုယ့်ထက်များစွာ ပိုမိုကြီးမားတဲ့ အရာတခုရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်တယ်ဆိုတာပါပဲ။ တက်ကြွလှုပ်ရှားမှုဆိုတာ သူ့ရဲ့သဘောသဘာဝ အရကိုက စုပေါင်းလျှောက်လှမ်းရတဲ့ ခရီးတခုသာ ဖြစ်ပါတယ်။ ဘယ်သူကမှ တော်လှန်ရေးတရပ်ကို တဦးတယောက်တည်း မတည်ဆောက်နိုင်ပါဘူး၊ နိုင်အောင်လည်း မတိုက်နိုင်ပါဘူး။ ဒါပေမဲ့ စာနာစိတ်နဲ့ အစပြုပြီး စုပေါင်းဆောင်ရွက်မှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ ဖြစ်လာတဲ့ အချိန်အထိ ရင့်ကျက်လာတဲ့ သွေးစည်းညီညွတ်မှုမျိုး၊ အများဆုံး ထိခိုက်ခံစားရသူတွေ ကိုယ်တိုင် ဦးဆောင်ပြီး တာဝန်တွေကိုရော ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကိုပါ အားလုံးအတူ မျှဝေ ခံယူလိုစိတ်ရှိရှိနဲ့ ဆက်လက်လုပ်ဆောင်သွားနိုင်တဲ့ သွေးစည်းညီညွတ်မှုမျိုး၊ ဒီလို စစ်မှန်တဲ့ သွေးစည်းညီညွတ်မှု ရရှိ‌အောင် ကတိကဝတ်ပြု အားစိုက်လုပ်ဆောင်သွားကြမယ်ဆိုရင် ကျမတို့ဟာ အောင်မြင်မှုကို အမှန်တကယ် အတူတကွ ရယူနိုင်ပါတယ်။

စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုဆိုတာ ပရဟိတအလုပ်တခု မဟုတ်သလို သနားစိတ်နဲ့လုပ်ရတဲ့ အရာတခုလည်း မဟုတ်ပါဘူး။ စစ်မှန်တဲ့ စာနာစိတ်ဟာ နှလုံးသားနှစ်ခု ဆုံတွေ့တော့မှ ဖြစ်ပေါ်လာတဲ့ အရာတခုဖြစ်ပြီး ကျမတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေဟာ အပြန်အလှန် ချိတ်ဆက်နေတယ်လို့ စမြင်လာချိန် ဖြစ်ပါတယ်။ ဒီလို အခိုက်အတန့်တွေမှာ ကျမအနေနဲ့ သင်တို့အတွက် ဆုံးဖြတ်ချက်ကို ချပေးရမယ်လို့ မ​တွေးပါဘူး။ ဒီအစား သင်တို့နဲ့အတူ ရပ်တည်ဖို့ သင်တို့ကို ဘယ်လို အကောင်းဆုံး ပံ့ပိုးရမလဲဆိုတာ မေးနိုင်ဖို့အတွက် လိုအပ်တဲ့အချိန်မှာ အရောက်လာနိုင်ဖို့ပဲ ကြိုးစားပါတယ်။

သွေးစည်းညီညွတ်မှုဆိုတာကို မကြာခဏဆိုသလို “နင်တို့ကို စာနာပါတယ်၊ ဒါကြောင့် နင်တို့အတွက် ငါ ဒါလုပ်ပေးမယ်” ဆိုတဲ့ အခွင့်​အရေး ရရှိထားပြီးသား အခံ၊ အထိုင် နေရာကနေ ကမ်းလှမ်းကြလေ့ ရှိပါတယ်။ စိတ်မကောင်းစရာက ဒီချဉ်းကပ်ပုံဟာ ကျမတို့ကိုယ်တိုင်က ဖြိုချဖို့ ကြိုးစားနေတဲ့ အာဏာဟန်ချက်မညီမှုကို ပိုပြီးသာ အားကောင်းသွားစေပါတယ်။ စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုဆိုတာ လက်ဆောင်ပစ္စည်းတခုလို ပေးကမ်းရတဲ့အရာ မဟုတ်ပါဘူး။ အတူတည်ဆောက်ရတဲ့အရာ ဖြစ်ပါတယ်။ ဒီလို အတူတကွ ကြိုးပမ်းလုပ်ဆောင်ကြတဲ့အခါ တိုက်ရိုက် အများဆုံး ထိခိုက်ခံစားရသူတွေက ရှေ့ကနေ ဦးဆောင်မောင်းနှင်သူတွေ ဖြစ်ကိုဖြစ်နေရပါမယ်။ ပြီးရင် သူတို့နောက်မှာ ပံ့ပိုးသူတွေ ရှိဖို့လိုပြီး ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို မျှဝေခံယူပေးနိုင်ရပါမယ်။ ဘယ်သူဦး​ဆောင်ပြီး ဘယ်သူ ပံ့ပိုးဝန်းရံ ဆိုတဲ့ ဒီအခန်းကဏ္ဍတွေဟာ ပုံသေမဟုတ်ပါဘူး။ ရေရှည်မှာ မတူညီတဲ့ လှုပ်ရှားမှုတွေထဲက လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူတွေနဲ့ အကာအကွယ်ပေးနေသူတွေဟာ ဒီရုန်းကန်မှုမှာ လိုအပ်လာလို့ တဦးကိုတဦး အကူအညီ တောင်းခံကြတဲ့အခါ ဦး​ဆောင်မောင်းနှင်သူနဲ့ နောက်က လိုက်ပါပံ့ပိုးသူတွေဟာ နေရာချင်းပြောင်းပြန် အလဲအလှယ် ဖြစ်သွားပါတယ်။

ကျမတို့လိုမျိုး လှုပ်ရှားမှုတွေမှာ သင်ဟာ လူမှုအသိုက်အဝန်း အများအပြားက လူတွေနဲ့ လက်တွဲလုပ်ဆောင်ရပါလိမ့်မယ်။ ဒီလူမှုအသိုက်အဝန်း တခုစီတိုင်းဟာ သမိုင်းကြောင်းတွေ၊ နာကျင်မှုတွေ၊ မျှော်မှန်းချက်တွေနဲ့ တိုက်ပွဲတွေ ကိုယ်စီရှိကြပါတယ်။ သင် ရယူတည်ဆောက်သွားနိုင်တဲ့ အရေးအကြီးဆုံး ကျွမ်းကျင်မှုတခုက စာနာမှု၊ သွေးစည်းညီညွတ်မှု ကနေတဆင့် တဦးနဲ့တဦး ဒါမှမဟုတ် လှုပ်ရှားမှုတခုနဲ့တခုရဲ့ ဒုက္ခဆင်းရဲတွေ ဒါမှမဟုတ် ရင်းနှီးပေးဆပ်မှုတွေကို နှိုင်းယှဉ်မှုမလုပ်ဘဲ ကျမတို့ရဲ့ ရုန်းကန်မှုတွေအားလုံး တခုနဲ့တခု ဘယ်လိုချိတ်ဆက်နေကြလဲ ဆိုတာကို မြင်အောင်ကြည့်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုတခု တည်ဆောက်ဖို့ရာ သင့်ရဲ့ တဦးချင်းမာနနဲ့ အတ္တတွေကိုလည်း အားလုံးနဲ့ဆိုင်တဲ့ ဘုံပန်းတိုင်နဲ့ ပြန်လည်ချိန်ထိုးပြီး ဟန်ချက်ညီအောင်ထိန်းဖို့ လိုအပ်ပါလိမ့်မယ်။

အတ္တဆိုတဲ့အရာက သိမ်မွေ့ပြီး မာယာများပါတယ်။ အတ္တစိတ်ဟာ တဖက်မှာ တကယ့် အရေးအကြီးဆုံး အချိန်တွေမှာ ကျမတို့ကို ရပ်တည်ရဲအောင် ထုတ်ဖော်ပြောဆိုရဲအောင် ယုံကြည်မှုပေးပါတယ်။ ဒါ​ပေမဲ့ တဖက်မှာလည်း ကိုယ့်အမြင်တွေကို အတင်းအကျပ် ဖက်တွယ်ထားတာမျိုး​တွေ ဖြစ်စေပြီး နောက်ဆုံးမှာ ကျမတို့မှာရှိတဲ့ အလားအလာကောင်းတွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ ကျဉ်းမြောင်းတဲ့ နံရံတွေ ဖြစ်လာပါတယ်။ မကြာခဏဆိုသလိုပဲ ကျမတို့ဟာ သတိမထားမိလိုက်ဘဲ ကျမတို့ရဲ့ အသက်အရွယ်၊ ရာထူးနေရာ၊ လူမှုစီးပွား အဆင့်အတန်း၊ ပညာရေးနဲ့ အတွေ့အကြုံ အစရှိတဲ့ ကျမတို့ အနီးအနားဝန်းကျင်မှာရော ကျမတို့ တကိုယ်ရည် ရှိနေပြီးသား အာဏာအရင်းအမြစ်တွေရဲ့ တိတ်တဆိတ် လွှမ်းမိုးပုံဖော်ခြင်း ခံထားရတဲ့ ကိုယ့်အတ္တတွေကို အခြေခံပြီး လုပ်ဆောင်ကြလေ့ရှိပါတယ်။ အတ္တတွေ ဖုံးလွှမ်းသွားပြီ ဆိုတာနဲ့ ကျမတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုစဉ်းစားလိုက်တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်လိုက်တာမျိုးကို အလိုလို လုပ်မိသွားပါတယ်။ အပြန်အလှန် သွေးစည်းညီညွတ်မှုအားဖြင့် အားလုံးနဲ့ တတန်းတည်း ရပ်တည်ရမဲ့အစား “ငါတို့” ဆိုတဲ့ စကားလုံးဟာ “ငါ” လို့ ပြောင်းသွားပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဇာတ်လမ်းက ကျမတို့ တစိတ်တပိုင်း ပါဝင်နေတဲ့ ပိုမိုကြီးမားတဲ့ လှုပ်ရှားမှုကြီးအကြောင်း မဟုတ်တော့ဘဲ ကိုယ့်အကြောင်းချည်းသာ ဖြစ်သွားပါတော့တယ်။

ဒါကြောင့် တခြားသူတွေ အထူးသဖြင့် အများဆုံး ထိခိုက်ခံစားရသူတွေက ရှေ့ကနေ ဦးဆောင်နိုင်အောင် သတိမူစိတ်ထားပြီး ကိုယ်က နောက်ဆုတ်​နေပေးဖို့ ကျမကိုယ်ကျမ အမြဲတမ်း သတိ​ပေးပါတယ်။ ကျမနဲ့ ကျမရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့ အ​နေနဲ့ ဒီလို အများဆုံး ထိခိုက်ခံစားရသူတွေရဲ့ အသံနဲ့ သူတို့လူမှုအသိုက်အဝန်းရဲ့ အသံကို ထုတ်ဖော်ပေးဖို့ လုပ်​ဆောင်ကြရာမှာ ကျမတို့ရဲ့ အခန်းကဏ္ဍက သူတို့အတွက် ကိုယ်စားပြုပြီး ပြောပေးဖို့ မဟုတ်ပါဘူး။ အဲဒီအစား ကျမတို့က သူတို့အတွက် နေရာဖန်တီးပေးဖို့၊ အခွင့်အလမ်းတွေကို ​ဖော်ထုတ်ပေးဖို့၊ အကြံဉာဏ်နဲ့ အတွေ့အကြုံတွေကို ဝေမျှပေးဖို့နဲ့ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး သူတို့ရဲ့အသံတွေကို ကိုယ်တိုင် ထုတ်ဖော်နိုင်အောင် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးဖို့သာ ဖြစ်ပါတယ်။

နိုင်ငံတကာ မဟာမိတ်တွေ အလှူရှင်တွေဆိုလည်း အလားတူပါပဲ။ သူတို့ဟာ နားထောင်တာကို ပိုလုပ်သင့်ပြီး သူတို့ဖြစ်ချင်တာ​​တွေ သွတ်သွင်းတာမျိုး​ကို လျှော့လုပ်သင့်ပါတယ်။ သူတို့ရဲ့ ရပ်တည်မှုက ဘယ်လိုပဲဖြစ်နေပါစေ သူတို့အနေနဲ့ မြန်မာပြည်သူတွေနဲ့ သွေးစည်းညီညွတ်မှု ပြသချင်တယ်ဆိုရင် အခြေခံအကျဆုံး လုပ်ရမဲ့ အဆင့်တခုက အများဆုံး ထိခိုက်ခံစားရသူတွေနဲ့ အသံထုတ်ဖော်​ပြောနိုင်စွမ်း အနည်းဆုံး ဖြစ်နေသူတွေကို နားထောင်ပေးခြင်းနဲ့ သူတို့နဲ့အတူ ရပ်တည်ပေးခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ ထိခိုက်ခံစားရတဲ့ လူမှုအသိုက်အဝန်းတွေကို ဦးဆောင်တာထက် ဒါမှမဟုတ် သူတို့ဖြစ်ချင်တာတွေကို သွတ်သွင်းတာထက် ဒီလူမှုအသိုက်အဝန်းတွေရဲ့ ကိုယ်ပိုင်အစွမ်းအစကို ယုံကြည်ပြီး သူတို့နောက်က လိုက်ရပါမယ်။ သူတို့ဟာ မြေပြင်က အသံတွေကို ယုံကြည်ပေးရမယ်၊ ဘာတွေလိုအပ်လဲ မေးရမယ်၊ ပြီးရင် လွှမ်းမိုးချုပ်ကိုင်မှု မပါဘဲ ပံ့ပိုးကူညီရပါမယ်။ စနစ်တကျ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ထိခိုက်ခံစားနေရတဲ့ လူမှုအသိုက်အဝန်းတွေ ရှာဖွေနေကြတဲ့၊ ကြိုးပမ်းတည်ဆောက်နေတဲ့ သွေးစည်းညွတ်မှုဟာ ဒီလိုမျိုး တရားမျှတမှုအပေါ် အခြေတည်ထားတဲ့ စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ သွေးစည်းညီညွတ်မှုဆိုတာ တရားသေတွက်ထားလို့ရတဲ့ အရာတော့ မဟုတ်ပါဘူး။ တချို့အုပ်စုတွေက ရပ်တည်ချက် ခိုင်မာနေကြချိန်မှာ တချို့ကတော့ ဝေဖန်မှုတွေနဲ့ လွတ်ပေမဲ့ မတရားမှုကို ရင်ဆိုင်ဖို့ ပျက်ကွက်စေတဲ့ “ကြားနေ​ရေး” ဆိုတဲ့ အလွယ်လိုက်တဲ့ ရပ်တည်ချက် နောက်ကွယ်မှာ ပုန်းနေကြပါတယ်။ ဒါမျိုးကိုတော့ ကျမက မူမရှိတဲ့လုပ်ရပ်လို့ သတ်မှတ်ပါတယ်။ ဒီထက် ပိုဆိုးတာကတော့ မူကို သစ္စာဖောက်လိုက်ခြင်းပါပဲ။ ကျမတို့ရဲ့ လူ့အခွင့်အရေး အသိုက်အဝန်းထဲမှာတောင်မှ တချို့က ဘက်လိုက်ပြီး တဖက်ယိမ်းကြပါတယ်။ အားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ရမယ်ဆိုတဲ့ အခါမျိုးမှာ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေလိုမျိုး လူမှုအသိုက်အဝန်းတွေကို ခွဲခြားဆက်ဆံကြပါတယ်။

စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုဆိုတာက အချုပ်အခြာအာဏာ၊ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်မှုတွေက ကျမတို့ကို သွေးကွဲစေနိုင်ပေမဲ့ ဒီအတားအဆီးတွေအောက်မှာ ကျမတို့အားလုံးဟာ တူညီတဲ့ လူသားဆန်မှု ရှိကြတယ် ဆိုတာကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ပါတယ်။ ကျမတို့အားလုံးက ချိတ်ဆက်နေကြပြီး လူမှုအသိုက်အဝန်းတခုက မလွတ်လပ်ရင် ကျမတို့ တယောက်မှ မလွတ်လပ်နိုင်ပါဘူး။ လူမှုအသိုက်အဝန်းတခုက အခွင့်အရေးတွေ ငြင်းဆန်ခံရရင် နောက်ထပ် အသိုက်အဝန်းတခုကလည်း နောက်နေ့မှာ အလားတူ ကြုံရနိုင်ပါတယ်။

ဒါက ကျမတို့အတွက် အဆုံးအဖြတ်​ပေးမဲ့ လမ်းဆုံလမ်းခွ ဖြစ်ပါတယ်။ ကျမတို့ အချင်းချင်းကြား သွေးကွဲမှုတွေ အားပြိုင်မှုတွေကြောင့် ကျမတို့ အားနည်းသွားပြီး စစ်တပ်အနေနဲ့ သူတို့ရဲ့ ကြီးစိုးမှုအောက်မှာ ပြားပြားဝပ်လာစေဖို့ အကွက်ချထားတဲ့ ထောင်ချောက်အဟောင်းထဲကို ကျမတို့ ထပ်ဝင်ကြမလား၊ ဒါမှမဟုတ် လူများစုနဲ့ လူနည်းစု၊ အရပ်ဘက်​တော်လှန်​ရေးနဲ့ လက်နက်ကိုင်​တော်လှန်​ရေး၊ ဂျန်ဒါအားလုံး၊ တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ သရုပ်လက္ခဏာ အမျိုးမျိုးရှိသူ အားလုံးစုပေါင်းပြီး စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုနဲ့ အတူတကွ ရပ်တည်ကြမလား ဆိုတာ ရွေးချယ်နိုင်ရပါမယ်။ ကျမတို့အနေနဲ့ မစည်းလုံးနိုင်ဘူးဆိုရင် ကျမတို့ရဲ့ ဘုံရန်သူကို အားလုံး အတူတကွ အရှုံးပေးလိုက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်သွားခဲ့ရင်တော့ ကျမတို့ဟာ ကွဲပြားစုံလင်မှုကို ခွန်အားအဖြစ် စွဲကိုင်ထားတဲ့ နိုင်ငံတခု၊ လူတိုင်း လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရှိရှိ နေနိုင်တဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်မှာဖြစ်ပြီး ဒါဟာ ဘယ်စစ်အာဏာရှင် စနစ်ကမှ ဘယ်တော့မှ ဖျက်ဆီးပစ်လို့ မရနိုင်တဲ့ အရာတခု ဖြစ်ပါတယ်။

အာဏာဟာ ပြည်သူတွေလက်ထဲမှာပဲ ရှိရမယ်လို့ ကျမတို့ တကယ်ပဲ ယုံကြည်ကြတယ်ဆိုရင် ကျမတို့ ပြည်သူတွေ ကိုယ်တိုင်က အတူလက်တွဲပြီး နယ်စည်းမခြား၊ ရုန်းကန်လှုပ်ရှားမှုမခြား အတူတကွ ရပ်တည်ကြရပါမယ်။ ဒါဟာ သွေးစည်းညီညွတ်မှုရဲ့ စွမ်းအားနဲ့ အခြေခံ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုစနစ်ကို ဖြိုချဖို့ ကျမတို့ရဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ လှုပ်ရှားမှုဟာ ရှည်လျားတဲ့ ခရီးတခုဖြစ်ပြီး ရောင်နီမလာခင် အချိန်ဟာ အမှောင်မိုက်ဆုံးအချိန် ဖြစ်​ပါတယ်။ ဒီအမှောင်ထုထဲမှာ အကြောက်တရားတွေက ကျမတို့ကို ခြေချော်လက်ချော် ဖြစ်သွားစေနိုင်တယ်၊ အချင်းချင်း ပြန်လည်တိုက်ခိုက်မှု​တွေ ဖြစ်သွားစေနိုင်တယ်၊ ဒါမှမဟုတ် ရှေ့မှာ ရောင်နီလာတော့မယ်ဆိုတဲ့ ကျမတို့ရဲ့ အခြေခံယုံကြည်ချက်တွေ အပေါ်မှာ သံသယစိတ်​တွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒီလို အခိုက်အတန့်တွေမှာ ကျမတို့ဟာ တဦးလက်တဦး တင်းတင်းဆုပ်ကိုင်ပြီး အတူရှေ့ဆက် လျှောက်လှမ်းရပါမယ်။

ဒါကြောင့် ရဲရင့်မှု၊ စာနာမှုနဲ့ ရှေ့ဆက်လျှောက်ကြပါစို့။ တရားမျှတမှုဟာ အမှောင်ထုအဆုံးက ရောင်နီပါ။ ကျမတို့သာ ကိုယ့်ခံယူချက်တွေကို ဆက်ပြီးဆုပ်ကိုင်ထားမယ်၊ ကိုယ့်အမှားတွေကနေ သင်ယူသွားမယ်၊ ပြီးရင် အတူတကွ ဆက်ပြီး လျှောက်လှမ်းသွားမယ်ဆိုရင် တရားမျှတမှုကသာ အနိုင်ရပါလိမ့်မယ်။   ။

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံ တွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013