အီဂျစ်သမ္မတ အဗ္ဗဒယ်ဖာတာအယ်လ်-စီစီဟာ မလေးရှားနိုင်ငံဆီ ၂ ရက်ကြာ ခရီးစဉ်နဲ့ အောက်တိုဘာ ၁၀ ရက်မှာ ရောက်လာပြီး ပူထရာဂျာယာမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ ခေါင်းဆောင် ၂ ယောက်စလုံးအတွက် ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်သုံးသပ်ဖို့၊ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ နယ်ပယ်သစ်တွေကို ရှာဖွေဖို့နဲ့ အပြန်အလှန် စိတ်ဝင်စားမှုရှိတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အမြင်ချင်းဖလှယ်ဖို့ အခွင့်အလမ်းတခု ဖြစ်စေခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ ၂ နိုင်ငံအကြား နှစ် ၆၀ ကျော်ကြာ သံတမန်ဆက်ဆံရေးအပြီး ၂ နိုင်ငံ ဆက်ဆံရေးကို ဗျူဟာမြောက် မိတ်ဖက်အဆင့်ကို တိုးမြှင့်ဖို့ သိသာတဲ့ ခြေလှမ်းအဖြစ် ဒီအပြန်အလှန် ဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။
အာရပ်ကမ္ဘာနဲ့ အာဖရိကဒေသတို့မှာ အီဂျစ်ဟာ အလွန်အရေးပါတဲ့ နိုင်ငံတနိုင်ငံဖြစ်လို့ အီဂျစ်နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ မလေးရှားနိုင်ငံအနေနဲ့ ကုန်သွယ်မှုနဲ့ ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုတွေကို တိုးချဲ့လုပ်ဆောင်နိုင်မဲ့ အခွင့်အလမ်းတွေနဲ့ အခန်းကဏ္ဍတခုကို အကြီးအကျယ် ရစေလိမ့်မယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောပါတယ်။
အီဂျစ်သမ္မတ အယ်လ်စီစီကတော့ ဆွေးနွေးပွဲတွေမှာ တင်းမာမှုတွေ လျှော့ချရေးနဲ့ အကျပ်အတည်း အမျိုးမျိုးအတွက် သံတမန်နည်းလမ်းနဲ့ ဖြေရှင်းရေးတို့ကို တွန်းအားပေးဆောင်ရွက်ခြင်းရဲ့ အရေးပါမှုအပေါ် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
Source: Reuters











