
မြန်မာဒုက္ခသည် ကိစ္စနဲ့ ပတ်သက်လို့ မလေးရှားအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် နိုင်ငံတကာက ဝေဖန်နေကြပေမဲ့ မလေးရှားအနေနဲ့ သံတမန်ရေးရာ နည်းလမ်းကိုပဲ ရွေးချယ်ခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ ဝေဖန်ပြစ်တင်ခဲ့ကြပေမဲ့လည်း မြန်မာဘက်က မူဝါဒတွေ ပြောင်းလဲလာတာမျိုး မရှိခဲ့တာကြောင့် အခုလို သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လိုအပ်တာလို့လည်း သူက ပြောပါတယ်။
ဝန်ကြီးချုပ်အန်ဝါ က “ကျနော် မြန်မာသမ္မတ (စစ်အာဏာရှင်မင်းအောင်လှိုင်) ကို ဖိတ်တုန်းက ဘာရည်ရွယ်ချက်နဲ့ ဖိတ်ခဲ့တာလဲ။ မူဝါဒတွေကို လျှော့ပေါ့ပေးဖို့ အရင်တွေ့ဆုံပွဲ ၂ ကြိမ်လုံးမှာလည်း တိုက်တွန်းခဲ့ပါတယ်။ နှစ်ပေါင်း ၂၀၊ ၃၀ လောက် မကျေမနပ်ဖြစ်ခဲ့ကြတယ်၊ ဝေဖန်ခဲ့ကြတယ်၊ ဒါပေမဲ့ ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး။ မူဝါဒပိုင်းလည်း ဘာမှ ပြောင်းလဲမလာခဲ့ပါဘူး” လို့ ပြောပါတယ်။
ဒါ့ပြင် “ရခိုင်ပြည်နယ်မှာရှိတဲ့ လူတွေရော၊ ရိုဟင်ဂျာတွေပါ ဆက်ပြီး ဒုက္ခရောက်နေကြရပါတယ်။ လူ ၂ သိန်းလောက် မလေးရှားကို ထွက်ပြေးလာကြလို့ ကျနော်တို့အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ရပါတယ်။ ဒီအခြေအနေတွေအပေါ် မလေး အသိုက်အဝန်း အပါအဝင် ပြည်သူတွေလည်း ပိုပြီး စိတ်ပျက် ဒေါသထွက်လာကြပါတယ်” လို့လည်း အန်ဝါက ဆက်ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်က စီရီပါဒါနာ ဝင်းအတွင်း ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ထင်ရှားတဲ့ အင်ဒိုနီးရှား ဓမ္မကထိက ဒေါက်တာ အဗ္ဗဒူ ဆားမတ် ဘာတူဘာရာနဲ့အတူ တက်ရောက်စဉ် မလေးရှားဝန်ကြီးချုပ် အန်ဝါ က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါဟာ မလေးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည်တွေအပေါ် ရပ်တည်ချက်နဲ့ သူတို့ရဲ့ မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့ ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘေးကင်းလုံခြုံစိတ်ချရတဲ့ အခြေအနေမရှိသေးတာကြောင့် မလေးရှားနိုင်ငံက ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့ နေတာကို ရပ်တန့်ဖို့ မြန်မာနဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းတွေက အပြင်းအထန် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ကတော့ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ပြန်ရောက်လာပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ “၁၁ မျဉ်းစောင်း” ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုး ၄၀၀ ကျော်ကတော့ ပြန်လွတ်မြောက်လာတာ မရှိသေးဘဲ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Source: Bernama











