
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ မနက်ဖြန် အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ မလေးရှားနိုင်ငံကို သွားမယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အနေနဲ့ သွားရောက်မှာဖြစ်ပြီး ၃ ရက် ကြာမြင့်မယ်လို့လည်း သိရပါတယ်။
နေပြည်တော်က သမ္မတရုံးနဲ့နီးစပ်သူ သတင်းရင်းမြစ်တယောက်က “မနက်ဖြန် သွားမယ်။ ၃ ရက်ကြာမယ်လို့တော့ သိရတယ်။ ဘယ်အချိန် ထွက်မယ်ဆိုတာတော့ ဒီနေ့ညမှ သိရမယ်” လို့ DVB ကို ပြောပါတယ်။
အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။
ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း မနက်ဖြန် အောက်တိုဘာ ၇ ရက်မှာ အလုပ်မဆင်းကြဘဲ အာဏာရှင် မင်းအောင်လှိုင်ကို သပိတ်မှောက်ဆန္ဒပြကြဖို့ နှိုးဆော်မှုတွေလည်း ရှိနေပါတယ်။
အာဏာရှင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မလေးရှားခရီးစဉ်အတွင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ တွေ့ဆုံပြီး မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
ဒါ့အပြင် မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအရေးနဲ့ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေကိုပြန်ခေါ်ဖို့ စတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြဖို့ ရှိတယ်လို့ သိရပါတယ်။
အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ သမ္မတရာထူး ရယူပြီးချိန်ကစပြီး နိုင်ငံတကာခရီးစဉ်တွေ အဖြစ် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့ကို သွားရောက်ထားတာ တွေ့ရပါတယ်။










