DVB Logo
Home
မြန်မာသတင်း

မလေးရှားတွင် တရားမဝင်လုပ်သားများကို ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေ၊  မြန်မာနိုင်ငံသား ၁၀၀ ခန့် ဖမ်းဆီးခံရ

DVB
·
November 27, 2026
Photo: Malaysia Immigration 
Photo: Malaysia Immigration 
Donate to DVB

မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖမ်းဆီးတဲ့ အော်ပရာစီ စစ်ဆင်ရေးတွေ နေ့စဉ်ရက်ဆက် ရှိလာတာနဲ့အမျှ မလေးရှားရောက် မြန်မာလုပ်သား တွေဟာ အလုပ်ကို ကောင်းစွာ မလုပ်နိုင်တော့တဲ့အပြင် ညဘက် စိတ်ချစွာ မအိပ်ရဲတော့တဲ့အထိ နေ့ရောညပါ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရတယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။  

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်၊ ရှားအလမ်မြို့၊ တာမန်ဆရီမူဒါ စီးပွားရေးဇုန် အနီးမှာ အော်ပရာစီ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံသား ၉၉  ယောက် အပါအဝင် နိုင်ငံခြားသား ၄၈၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာ Ops Mega စစ်ဆင်ရေး အမည်နဲ့ မလေးရှား အာဏာပိုင်အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းပြီး အင်အား ၂၅၄ ယောက်နဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၂ ယောက်၊ နီပေါနိုင်ငံသား ၁၁၅ ယောက်၊ မြန်မာနိုင်ငံသား ၉၉ ယောက်၊ အိန္ဒိယနိုင်ငံသား ၆၅ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၄၃ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၁၁ ယောက်နဲ့ သီရိလင်္ကာနိုင်ငံသား ၄ ယောက် ပါဝင်နေပါတယ်။

လက်ရှိမှာလည်း မလေးရှားရဲ့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အလားတူဘဲ အခုရက်ပိုင်းအတွင်းမှာလည်း ဆီလန်ဂေါပြည်နယ်၊ ဆူဂိုင်းပလို့ အတွင်းမှာလည်း နေ့စဉ် ရက်ဆက်ဖမ်းဆီးနေတယ်လို့ မလေးရှားရောက်မြန်မာတွေဆီက သိရပါတယ်။

ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါမကျန် ဖမ်းဆီးနေပြီး အလုပ်ကို ကောင်းစွာ မလုပ်နိုင်တော့တဲ့ အပြင် ညဘက် စိတ်ချစွာမအိပ်ရဲတော့တဲ့အထိ နေ့ရောညပါ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရတဲ့ အခြေအနေကို မလေးရှားရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

“အခုအချိန်ကတော့ ဘယ်မှသွားလို့မရဘူး။ မနေ့ညကတော့ တော်တော်လည်း များတယ် ဖမ်းထားတာလေ။ အဲဒီမှာလည်း တော်တော်ပါသွားကြတယ်၊ မိန်းမတွေရော ယောက်ျားတွေရော ကလေးတွေရောအစ အကုန်ပါသွားကြတာ။ အခြေအနေက မကောင်းဘူး၊ ၃ ၊ ၄ ရက် ရှိပြီ ကျနော်တို့လည်း သတိထားနေရတယ်။ မနေ့ညက ကျနော်တို့ဘက်ခြမ်းမှာဆို တော်တော်ဆိုးတယ်၊ ကိုယ်က ပတ်စပို့စ် မရှိတဲ့အခါကျတော့ ညဆိုရင်လည်း စိတ်ချလက်ချ မအိပ်ရဲဘူး။ အောက်လည်း မဆင်းရဲဘူးပေါ့၊ အပေါ်ကနေပြီးမှ လှမ်းကြည့်တာ။ ကျနော့်နေရာ တခုပဲကျန်ခဲ့တာလေ။ စိတ်အခြေအနေကတော့ မကောင်းဘူးပေါ့ဗျာ ဘယ်လိုပြောရမလဲ။ အလုပ်ထဲမှာလည်း ဟိုဘက်ကြည့် ဒီဘက်ကြည့်၊ ညဆိုရင်လည်း စိတ်ချလက်ချ မအိပ်ရဲဘူး ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ ရှိတာပေါ့ဗျာ။”

ဖမ်းဆီးခံရသူတွေဟာ တရားဝင် စာရွက်စာတမ်းမရှိတာ၊ ဗီဇာသက်တမ်း ကျော်လွန်နေတာနဲ့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်တွေကို စည်းကမ်းချိုးဖောက်တာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းတာလို့ ဆီလန်ဂေါ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တဖက်မှာလည်း မလေးရှားနိုင်ငံတွင်းမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားနဲ့ ပတ်စပို့စ် လုပ်ပေးခွင့်တွေကို ရပ်ဆိုင်းထားတာ ၂ နှစ်နီးပါးရှိလာနေပါပြီ။

ဒါကြောင့် မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့ မလေးရှားနိုင်ငံတွင်းမှာ တရားဝင် နေထိုင်ခွင့်အထောက်အထား မရရှိကြတော့သလို ခုလို ဖမ်းဆီးမှုတွေကို နေ့စဉ် ရက်ဆက်ကြုံ နေကြရပေမဲ့ မြန်မာပြည်ရဲ့ လုံခြုံရေးအခြေအနေကြောင့် အိမ်မပြန်ရဲကြပါဘူး။

ခုလိုဖမ်းဆီးမှုတွေ များလာတာနဲ့ပတ်သတ်ပြီး ဒါဟာ မလေးရှားရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းချုပ်မှုတွေကို ပိုမိုတင်းကျပ်လာနေတဲ့ အခြေအနေပါလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ချင်းဒုက္ခသည် Alliance Of Chin Refugees အဖွဲ့ ဥက္ကဋ္ဌ James Bawi Thang Bik က" မလေးရှားတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဖမ်းဆီးမှုတွေ တော်တော်လေး များလာတာ ကိုတွေ့ရပါတယ်။ အထူးသဖြင့် စက်ရုံတွေ၊ အလုပ်သမားအဆောင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စားသောက်ဆိုင်တွေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အများအပြား လုပ်ကိုင်နေထိုင်တဲ့ နေရာတွေမှာ အဓိက စစ်ဆေးနေတာ တွေ့ရပါတယ်။ နိုင်ငံတဝန်း လုပ်ဆောင်နေတဲ့ အခြေအနေမျိုးလို့ သုံးသပ်ပြောဆိုလို့ ရတာပေါ့နော်။ မလေးရှားအစိုးရအနေနဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ထိန်းချုပ်ဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပိုမိုတင်းကျပ်ဖို့ ကြိုးပမ်းလာတဲ့သဘောလို့ မြင်ပါတယ်။ နောက်တချက်က စက်ရုံတွေ၊ လုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင်ခန့်ထားခြင်း ရှိ၊ မရှိ စစ်ဆေးမှုတွေ ပိုလုပ်လာတာ တွေလည်း တွေ့ရတယ်။ ဒါကြောင့် လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ဒါက ခဏတာ ဖမ်းဆီးစစ်ဆေးရေး တခုတည်း မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းချုပ်မှုတွေ ပိုမိုတင်းကျပ်လာတဲ့ အခြေအနေတခုလို့ သုံးသပ်လို့ရပါတယ်"လို့ ပြောပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ပထမ ၉ လတာ ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၆၀,၈၈၉ ယောက်ကို ဖမ်းဆီးအရေးယူခဲ့ပြီး ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူတွေက ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်း တွေက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မလေးရှားနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ ရောက်ရှိ နေတဲ့ မြန်မာ လူဦးရေ ၈ သိန်း ဝန်းကျင်ရှိပြီး ဒုက္ခသည်ဦးရေကတော့ ၁၉၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကေခိုင်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013