
လစ်ဗျားနိုင်ငံ၊ မစ်ရာတာမြို့မှာ အဆိပ်ရှိတဲ့ ငါးပူတင်းမျိုးရင်းထဲက ငါးတွေကို တတ်နိုင်သမျှ များများဖမ်းဆီးနိုင်ရေးအတွက် လူတွေကို အားပေးဖို့ ငါးဖမ်းပြိုင် ကျင်းပခဲ့ပါတယ်။
ဒါဟာ နိုင်ငံရဲ့ကမ်းရိုးတန်းတလျှောက် မြေထဲပင်လယ်မှာ ကျူးကျော်ငါးမျိုးစိတ်တွေ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ပြိုင်ပွဲကော်မတီ အကြီးအကဲ ခါလစ်အယ်လ်-နာကွီဇီက ပြိုင်ပွဲဝင်တွေဟာ ငွေရောင်ပါးစောင်ငါးလို့ လည်း လူသိများတဲ့ ငါး ၄၉၁ ကောင်ကို ဖမ်းမိခဲ့ပြီး စုစုပေါင်းအလေးချိန် ၃၃၅ ကီလိုဂရမ်ရှိတယ်လို့ ပြောပါတယ်။
ဖမ်းမိတဲ့ ငါးတွေကို အမှိုက်စွန့်ပစ်ရာနေရာဆီ ယူသွားပြီး မစ်ရာတာမြို့ စည်ပင်ဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ဖျက်ဆီးခဲ့ပါတယ်။
ပြိုင်ပွဲကို ကြီးကြပ်တဲ့ လစ်ဗျားရေကြောင်း အာဏာပိုင်တွေက ငါးပူတင်းမျိုးရင်းဝင် ငါးဟာ လူသား တွေအတွက် အဆိပ်ဖြစ်စေရုံသာမက မြေထဲပင်လယ်ထဲက ရေနေဂေဟစနစ်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အခြေစိုက်တဲ့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအပေါ် အခြေခံပြီး ဆိုက်ပရပ်စ် သိပ္ပံ စာပေနဲ့ အနုပညာတက္ကသိုလ်က စုစည်းထားတဲ့ မကြာသေးမီက စစ်တမ်းတခုအရ မြေထဲပင်လယ်ဆီ ၂ ပတ်တကြိမ် မျိုးစိတ်အသစ်တခု ဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အတွင်း ဥရောပပတ်ဝန်းကျင်အေဂျင်စီရဲ့ တခြားလေ့လာမှုတရပ်မှာ မြေထဲ ပင်လယ်အတွင်း ဌာနေမဟုတ်တဲ့ မျိုးစိတ်ပေါင်း ၁,၀၀၀ ကျော် ရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။
ပင်လယ်နီအပြင်ဘက် အပူပိုင်းဒေသကနေ အသစ်ရောက်လာတဲ့ သတ္တဝါတွေဟာ ဌာနေမျိုးစိတ် တွေကို ရွှေ့ပြောင်းရင်း အစားအစာကွင်းဆက်တွေကို ပြန်ပုံဖော်ရင်း ငါးလုပ်ငန်းကို ခြိမ်းခြောက် နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လူသားတွေအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်သင့်တဲ့ အသားစားငါးဟာ တခြားငါး တွေကို တိုက်ခိုက်ပြီး ရေဘဝဲဖမ်းမိမှု လျော့သွားတဲ့ သတင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။
ဒီငါးဟာ ခြိမ်းခြောက် ခံရတယ်လို့ ခံစားရတဲ့အခါ သူ့ခန္ဓာကိုယ်ကို ဖောင်းကားနိုင်စွမ်းတယ်လို့လည်း လူသိများပါတယ်။
Source:Reuters











