DVB Logo
Home
နိုင်ငံတကာ
လစ်ဗျားနိုင်ငံ၌ အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သဖြင့် အလွန်စိုးရိမ်ဟု ကုလပြော 
DVB
·
June 7, 2026
Photo: REUTERS/Ayman al-Sahili
Photo: REUTERS/Ayman al-Sahili
Donate to DVB

လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ UNHCR နဲ့ UNSMIL ကုလသမဂ္ဂ အေဂျင်စီရုံးတွေအပြင်ဘက်မှာ ဒီအပတ်အတွင်း အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့လို့ အလွန်စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ဇွန် ၅ ရက် နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒါဟာ လူမှုကွန်ရက်ကတဆင့် ကုလသမဂ္ဂလုပ်ငန်းတွေအပေါ် သတင်းမှားတွေ ဖြန့်ဝေလှုံ့ဆော်ခဲ့ကြလို့ ဖြစ်ပြီး၊ ဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂရုံး အဆောက်အအုံတွေကို တိုက်ခိုက်ခြိမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

လစ်ဗျားမှာ သတင်းမှားတုံ့ပြန်ဖို့ စိန်ခေါ်မှုကြီးဖြစ်နေလို့ လူမှုကွန်ရက်ပလတ်ဖောင်းတွေ ပူးပေါင်းပေးဖို့လည်း သူက တောင်းဆိုထားပါတယ်။

ဇွန် ၄ ရက်က လစ်ဗျားဆန္ဒပြသူ ရာနဲ့ချီဟာ ဥရောပကို သွားဖို့နဲ့ အလုပ်ရှာဖို့ ရောက်နေတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ဆန့်ကျင်တဲ့အနေနဲ့ UNHCR ရုံးကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြပြီး၊ ဒါဟာ မကြာသေးခင်က ဆန္ဒပြပွဲတွေထဲမှာ အကြီးဆုံးပါ။

လစ်ဗျားပြည်သူတချို့ကတော့ ၁၅ နှစ်ကြာ ပဋိပက္ခနဲ့ နိုင်ငံရေးအုပ်စုတွေ ကွဲမှုကြောင့် ဖြစ်လာတဲ့ လူမှုရေး၊ စီးပွားရေးပြဿနာတွေဟာ ဒီရွှေ့ပြောင်းအခြေချသူတွေကြောင့်လို့ အပြစ်တင်နေကြတာ ဖြစ်ပါတယ်။

တကယ်တော့ ၂၀၁၁ ခုနှစ် နေတိုးကျောထောက်နောက်ခံပြု တော်လှန်ရေးနောက်ပိုင်း ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေ (အထူးသဖြင့် ဆဟာရအောက်ပိုင်း) ကနေ ထွက်ပြေးလာသူတွေအတွက် လစ်ဗျားဟာ ဖြတ်သန်းရာ လမ်းကြောင်းဖြစ်လာပြီး၊ အများစုက သဲကန္တာရနဲ့ မြေထဲပင်လယ်ကို အသက်စွန့် ဖြတ်ကျော်ကြရတာပါ။

ဒါ့အပြင် ရေနံအခြေပြု လစ်ဗျားစီးပွားရေးကြောင့် ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာကြပြီး လစ်ဗျားလူမျိုးတွေ မလုပ်ချင်တဲ့ သန့်ရှင်းရေးနဲ့ ဆောက်လုပ်ရေးလို အခြေခံအလုပ်တွေကို ဝင်လုပ်နေကြတာလည်း ဖြစ်ပါတယ်။

ဒီအပေါ် UNSMIL က ကြာသပတေးနေ့မှာ ရှင်းလင်းချက်ထုတ်ရာမှာ လစ်ဗျားနိုင်ငံထဲမှာ ကုလသမဂ္ဂရဲ့ ပြန်လည်အခြေချရေးအစီအစဉ် မရှိဘဲ၊ UNHCR အနေနဲ့ စစ်ဘေးရှောင်တွေကို တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းပေးတာ ဒါမှမဟုတ် ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင် ကူညီပေးတာမျိုး စတဲ့ လစ်ဗျားနိုင်ငံပြင်ပ ဖြေရှင်းနည်းလမ်းတွေနဲ့ပဲ ကူညီပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013