
စစ်ကိုင်းတိုင်းမှာ ရေကြီးရေလျှံလို့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေရချိန် မြင်းမူနဲ့ မုံရွာမြို့နယ်တို့မှာ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရေမကြီးခင် တပတ်လောက်ကစပြီး မြင်းမူမြို့နယ် ထီးဆောင်ရွာ၊ တော်ချောင်းဦးက ရဲကင်းနဲ့ မုံရွာမြို့နယ်က ကျောက္ကာရွာတို့မှာ အင်အား ၅၀၀ လောက် ဖြည့်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “သူတို့ ၃ နေရာမှာ အင်အားဖြည့်တင်းထားတာ။ ရေမကြီးခင် တပတ်လောက်ကတည်းက။ စစ်ကြောင်းက ထီးဆောင်းမှာရပ်နေတာ တလကျော်ရှိပြီ။ ရာသီဥတုကြောင့် မထိုးသေးတာဖြစ်မယ်။ ကျောက္ကာဘက်မှာလည်း ဗျူဟာမှူး လဲထားတယ်။ အခုက ရေကြီးနေတော့ ပတ်ပတ်လည် အင်အားဖြည့်နေတာ” လို့ DVB ကို ပြောပါတယ်။
မူးမြစ်ရေကြီးတာကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်အများအပြားမှာ ရေဘေးသင့်နေပြီး ကူညီကယ်ဆယ်ရေး လုပ်နေရချိန် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်ပြီး အဲဒီစစ်ကြောင်းတွေဟာ မြင်းမူနဲ့ အရာတော်မြို့နယ်ဘက်က ဦးတည်လာနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ လက်ရှိမှာတော့ တောချောင်းဦး ရဲကင်းစခန်းမှာ အင်အားဖြည့်ပြီး ထီးဆောင်းရွာနဲ့ ကျောက္ကာရွာ ရွှေဂူနီဘုရားဝန်းထဲမှာ တပ်စွဲနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ပျူစောထီးတွေ ပြည်သူ့စစ်တွေ အများစုပါတယ်။ သူတို့ အင်အားဖြည့်တင်းတဲ့ နေရာတွေက ရေမကြီးဘူး၊ မူးမြစ်နဲ့ဝေးတဲ့ နေရာတွေ။ ကြားတဲ့သတင်းတွေက အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး ဝင်မယ်လို့ သိထားရတယ်။ အခုဆို အဲဒီနေရာ ၃ ခုပေါင်းရင် အင်အား ၅၀၀ လောက်ရှိနေပြီ” လို့ ပြောပါတယ်။
မြင်းမူအရှေ့ခြမ်းမှာ လက်ရှိ ရေကြီးရေလျှံနေပြီး မိုးများနေသလို တော်လှန်ရေး ရဲဘော်တွေဟာလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေရချိန် ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့အထိ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ရေကြီးနေပြီး မူးမြစ်ကမ်းတလျှောက် ကျေးရွာ ၁၇ ရွာကျော်က လူဦးရေ ၁၀,၀၀၀ ကျော် ရေဘေးသင့်နေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ဒီပဲယင်း၊ ကောလင်း၊ ဝက်လက်နဲ့ မြင်းမူအရှေ့ခြမ်းမြို့နယ်တို့မှာ ရေကြီးရေလျှံ ဖြစ်နေပါတယ်။










