
ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်တွေ ရွှေကူမြို့ထဲ ပြန်ဆုတ်ဝင်သွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက ရွှေကူမြို့နယ်ထဲ KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်အာဏာရှင်တပ်တွေက စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့အတွက် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။
ကချင်ရှေ့တန်းသတင်းရင်းမြစ်တယောက်က “၁၀ ရက်နေ့က တပြိုင်တည်း ထိုးလာတာ။ စစ်ကြောင်း ၂ ကြောင်းခွဲပြီး။ ငဘတ်ကြီးဘက် အထိုင်တပ်စခန်းကနေ KIA ထိန်းချုပ်ထားတဲ့ ပလောင်တောင်နဲ့ ဇင်းဘုံဘက်ကို တက်လာတာက တကြောင်း။ ရွှေကူမြို့ထဲကနေ ရွှေကူ-ငအိုး ကားလမ်းဘက်ကို တက်လာတာက တကြောင်း။ ၂ ကြောင်းလုံးကို ကျနော်တို့ ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရွှေကူဘက် ပြန်ဝင်သွားတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ကျေးရွာတွေနဲ့ လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အပြင် ရွှေကူ-ငအိုးကားလမ်းပိုင်း၊ ရွှေကူ-ဗန်းမော်ကားလမ်းပိုင်းတွေကိုပါ ထိန်းချုပ်နိုင်ဖို့ ဇွန်လပိုင်းကနေ ဩဂုတ်လဆန်းပိုင်းအထိ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ရွှေကူမြို့နယ်ကနေ အပြင်းအထန်ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင် တပ်တွေကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခုခံခဲ့တာကြောင့် စစ်အာဏာရှင်တပ်တွေ ရှေ့ဆက်မတိုးနိုင်ဘဲ စစ်ကြောင်းအားလုံး ရွှေကူမြို့ထဲ ပြန်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာလအထိ ရွှေကူမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဇွန်လက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ ရွှေကူ–ငအိုးလမ်းကြောင်းဟာ နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်း တခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ ၆ လပိုင်းကနေ ၈ လပိုင်းအထိက တိုက်ပွဲအပြင်းထန်ဆုံးအချိန်ဖြစ်ခဲ့တယ်။ အဲ့ဒီနောက် စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာတော့ တိုက်ပွဲနည်းနည်းငြိမ်နေတာ။ အောက်တိုဘာလက ပြန်စပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ တိုက်ပွဲတွေဖြစ်တုန်းက စစ်တပ်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ထိုးစစ်ဆင်လို့ စာသင်ကျောင်းပြီးတော့ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့တယ်။ အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့တယ်။”
ရွှေကူ-ငအိုးလမ်းမကြီးကို KIO/KIA က ပိတ်ထားပြီး အသုံးမပြုကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလက အသိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ်ဘက်က ထိန်းချုပ်ထားတဲ့ ရွှေကူ–ငအိုးလမ်းမကြီးဟာ စစ်ရေးအရလည်း အရေးပါတဲ့ လမ်းကြောင်းဖြစ်ပြီး ငအိုးကနေ ရွှေကူအထိ ဆက်သွယ်ပေးထားသလို ရွှေကူကနေတဆင့် ဗန်းမော်ဘက်ကို ဆက်သွားနိုင်တဲ့ အဓိကလမ်းကြောင်းလို့ သိရပါတယ်။
ရွှေကူမြို့နယ်ဟာ ကချင်ပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းကို ဆက်သွယ်ထားတဲ့နယ်မြေဖြစ်သလို ဗန်းမော်မြို့ဘက်ကို ကုန်းလမ်း၊ ရေလမ်းကနေ စစ်ကူနဲ့ ရိက္ခာပို့ဆောင်နိုင်တဲ့ လမ်းကြောင်းပေါ်မှာလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ရွှေကူမြို့နယ်အတွင်းထိန်းချုပ်နိုင်ရေးဟာ ဗန်းမော်ဘက် စစ်ရေးလှုပ်ရှားမှုအတွက် အရေးပါတဲ့အတွက် နှစ်ဖက်တပ်တွေကြား လမ်းကြောင်းထိန်းချုပ်နိုင်ရေး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။











