
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်ခြမ်းတလျှောက် ယင်းမာပင်ခရိုင်ထဲက ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်တွေက လမ်းပိုင်းတွေကို စစ်အာဏာရှင်တပ်က အင်အားသုံး ထိန်းချုပ်နေပါတယ်။
စစ်အာဏာရှင်တပ်တွေက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းနေရာက တလျော်ကျင်း၊ ချောင်းမ၊ အောင်မင်္ဂလာ၊ ၂၆ မိုင်၊ ၃၄ မိုင်၊ သင့်ကန်၊ ယာကြီး၊ တာဝါတိုင် နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေ ချထားပြီး ကနီ-ချောင်းမ လမ်းမှာလည်း ချောင်းမမှာ တဂိတ်၊ မုဌောမှာ တဂိတ် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းဟာ မန္တလေးကနေ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနယ်စပ်အထိ ကုန်စည်လမ်းကြောင်းအတွက် အရေးပါသလို စစ်ရေးဗျူဟာအရလည်း အရေးပါတာကြောင့် စစ်အာဏာရှင်တပ်တွေက လမ်းပိုင်းတွေကို တစချင်းစီတိုးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကနီနယ်ထဲကို အင်အား ၅၀၀ ပါ စစ်ကြောင်း ၃ ခု ထပ်မံဝင်ရောက်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီဒေသခံတယောက်က “ပြည်သူလူထုကျရင်တော့ သူတို့နဲ့ ထိပ်တိုက်တွေ့ရင်ကြ ပြေးရင်တော့ ပစ်တယ်။ မပြေးဘဲနဲ့ သူတို့က ရပ်ဆိုတဲ့အချိန် ရပ်နေလို့ ဘာလုပ်ခဲ့တာလဲဆို အမှန်အတိုင်း ပြောရင်တော့ လွှတ်ပေးတယ်။ ၂၆ မိုင်ရဲ့ အနောက်ဘေးနားလေးက ဗောဓိမြိုင်နားက သစ်စက်တွေ၊ အဲဒီနားက အိမ်တွေက ပစ္စည်းပစ္စယတွေမှန်ရင် အကုန်ယူကြတာပဲ။ ၃၆ မိုင်ကလည်း သစ်သားတွေ ဘာတွေကို ဘန်ကာဆောက်ဖို့ရာ ဆိုပြီးတော့ ကားကြီး ကားငယ်နဲ့ တိုက်ပြီးတော့ အဲဒီနားကရှိတဲ့ အိမ်တွေက ပစ္စည်းကတော့ အကုန်ယူကြတာ။ ချောင်းမလမ်းပေါ်လည်း သူတို့က ဟိုတနေ့ကတောင်မှ ဒီဘက်ကို အင်အား ၂၀၀ လောက် ၂၆ မိုင်မှာ လာချတယ်။ သူတို့ကတော့ ဆုတ်လိုက် တက်လိုက်ပါပဲ။ ပြေးရတာပေါ့ ကျနော်တို့ ကနီတောင်ပိုင်းက လူမှန်သမျှက ယာကြီးလည်း ၄ ရွာစလုံး တယောက်မှမရှိဘူး။ တောင်ပေါက်၊ တလင်း၊ သင့်ကန်၊ အင်တိုင်း၊ ဇီးပင်တွင်း၊ အောင်မင်္ဂလာ အကုန်ပြေးရတယ်။ မရှိဘူး၊ လူကတော့ တယောက်မှမရှိဘူး။ အဆင်ပြေတယ်လို့ကတော့ မရှိဘူး၊ ဘယ်သူမှ ထောက်ပံ့တဲ့လူက မရှိတော့လေ” လို့ ပြောပါတယ်။
မုံရွာမြို့အနောက်ဘက် ယင်းမာပင်-ပုလဲ-ဂန့်ဂေါ လမ်းပိုင်းကတော့ မန္တလေး-မုံရွာကနေတဆင့် မကွေးနဲ့ ချင်းပြည်တောင်ပိုင်း မင်းတပ်-မတူပီဘက်အထိ ပေါက်တဲ့လမ်း ဖြစ်ပါတယ်။
ပုလဲ-လည်ငေါက်-ဆားလင်းကြီး-ယင်းမာပင် လမ်းပိုင်းပေါ်က လည်ငေါက်ရွာကို အဓိက ဗဟိုပြုပြီး ယင်းမာပင်နယ်၊ ပုလဲနယ်၊ ဆားလင်းကြီးနယ်တွေကို ထိန်းချုပ်ဖို့ အာဏာရှင်တပ်တွေက အားထုတ်နေတာပါ။
ပုလဲ-လည်ငေါက် လမ်းပိုင်းဟာ ယင်းမာပင်နယ်နဲ့ ပုလဲနယ်အစပ်မှာ တည်ရှိပြီး နွေဦးတော်လှန်ရေးကာလမှာ နှစ်ဖက်လုနေရတဲ့ စစ်ရေးဗျူဟာမြောက်နေရာ ဖြစ်ပါတယ်။
ယင်းမာပင်ဒေသခံတယောက်က “ပစ္စည်းကလည်း သူတို့က တွေ့လို့က ယူတယ်။ ပုလဲနဲ့ လည်ငေါက်နဲ့ ယင်းမာပင်နဲ့ ကူးနေတာ မပြတ် ပြောလို့ရတယ်။ သူတို့ထိန်းချုပ်ထားတဲ့ပုံစံမျိုးလို သွားလာနေတာ ရှိတယ်။ အခု ပုလဲဘက်ကကျတော့ မင်းတိုင်ပင်မှာ တပ်စွဲထားတဲ့ အဖွဲ့တွေကကျတော့ ဟိုတနေ့က ငှက်ပျောတောကျေးရွာကို ဝင်တယ်။ ရိက္ခာသယ်တယ်။ လူတွေတော့ ဘာမှလုပ်မသွားဘူး၊ ကိုယ့်အိမ်ကိုယ်နေ ဆိုပြီးတော့၊ သူတို့လိုတဲ့ပစ္စည်းကတော့ အကုန်ယူသွားတယ်။ သူတို့ထိန်းချုပ်နိုင်တာကတော့ ယင်းမာပင်-ပုလဲ အကူးရယ်၊ ပုလဲကနေ ကန့်ဒေါင့်၊ အင်မထိ၊ ဇီးဖြူကုန်းပေါ့ဗျာ။ အဲဒီနားလေး ဝဲယာလောက်ပဲရှိတာပါ။ ဟို အနောက်အထိကတော့ သူတို့ မထိန်းချုပ်နိုင်သေးပါဘူး။ ယင်းမာပင်နယ် အနောက်ဘက် တည့်တည့်လောက်ကျတဲ့ ရွာတွေကတော့ ပြေးရလွှားရတာ ရှိတယ်။ ဆိုင်ကယ်တွေက ကောင်းတဲ့ဆိုင်ကယ်တွေ ယူတာဆိုတော့ ကာယကံရှင်တွေကလည်း သူတို့က လိုက်ရွေးလှည့်ဆိုတော့ လိုက်ရွေးရတာလေ။ သူတို့စစ်ကြောင်းလာနေတဲ့အချိန် မိတဲ့လူကတော့ တသိန်းပေးမှ ပြန်လွှတ်တာပေါ့။ သူတို့အမြဲတမ်းရှိတာကတော့ လည်ငေါက်ရှိတယ်။ ပုလဲဘက်မှာဆို မင်းတိုင်ပင်၊ ပုလဲ အဓိကကတော့ အဲဒီနေရာတွေ အဓိကထားတာဗျ။ မုံရွာသွားတဲ့ အိမ်စီးကားတွေ ဘာတွေဆိုရင် မထင်ရင် မထင်သလို တောင်းတာ။ သူတို့မသင်္ကာတဲ့ကားဆို ထစစ်ပြီးတော့ ချယူတာမျိုးကတော့ ရှိတယ်ဗျ” လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲက မြို့ပေါ်နေရာတွေနဲ့ လမ်းပိုင်းတချို့ကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားပေမဲ့ ကျေးလက်နေရာအများစုမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်လက် ထိန်းချုပ်ထားတာပါ။
လတ်တလောမှာ စစ်အာဏာရှင်တပ်က အင်အားသုံးပြီး လမ်းပိုင်းတွေကို ထိန်းချုပ်ထားပေမဲ့ အချိန်တိုအတွင်း စစ်ရေးအရ အပြောင်းအလဲ ပြန်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်ခရိုင်ထဲက လမ်းအစိတ်အပိုင်းတွေကိုပဲ စစ်အာဏာရှင်တပ်တွေက စိုးမိုးထားတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောက်ကျားစနစ်ကြောင့် သူတို့ရဲ့ လက်နက်နဲ့ ရိက္ခာသယ်ယူရေး အတွက် အသုံးပြုဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။











