
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတကြောင်း နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက စတင်ပြီး ဝင်ရောက်လာတာကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ရွှေအောင်သာကျေးရွာဘက်ကနေ အောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ထွက်ခွာလာတာဖြစ်ပြီး လက်ရှိမှာတော့ ကျားခဲကျေးရွာနဲ့ ရွာဟောင်းအကြားကို ရောက်ရှိနေပြီလို့ ဒေသခံတွေဆိုပါတယ်။
ဒေသခံတယောက်က “နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းလောက်ကစပြီး စစ်ကြောင်းက ထီးလင်းမြို့ထဲကို ဝင်ဖို့ ပြင်ဆင်လာတာပါ။ စစ်အင်အား ၅၀၀ လောက်အထိ များပြားတာကြောင့် ရွာသူရွာသားတွေ မနေရဲကြဘဲ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ထီးလင်းမြို့ပေါ်ကို အဓိက ဦးတည်လှုပ်ရှားနေတာဖြစ်ပေမဲ့ ဘယ်ဒေသကို ဦးတည်ပြီး စစ်ကြောင်းထိုးမှာလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကျားခဲကျေးရွာနဲ့ အောင်းကျေးရွာတို့က ဒေသခံပြည်သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေကြရတာပါ။
လက်ရှိအချိန်မှာတော့ အဆိုပါ စစ်ကြောင်းရဲ့ လှုပ်ရှားမှုတွေကြောင့် ထီးလင်းမြို့တဝိုက် စစ်ရေးတင်းမာနေပြီး ရုတ်တရက် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။











