
ထိုင်းမြောက်ပိုင်း၊ လမ်းဖွန်းမြို့မှာ စက်တင်ဘာ ၂၇ ရက် မနေ့ညက ဘာသာရေးပွဲတော်တခု ကျင်းပနေစဉ် မီးရှူးမီးပန်းက မီးစတွေ မိုးပျံပူဖောင်းပေါ် လွင့်စင်ကျရောက်ပေါက်ကွဲလို့ လူ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။
မနေ့ည ၈ နာရီလောက်က လမ်းဖွန်းမြို့ ဝပ်ခန့်လောင်းဘုန်းကြီးကျောင်းအနီး ဆဖန်းထာ့နန်းတံတားမှာ “ဝိကျစ်လမ်းဖွန်း” အမည်ရ ဘာသာရေးပွဲတော် ကျင်းပနေစဉ် မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့တာပါ။
အဆိုပါ မီးရှူးမီးပန်းက ထွက်တဲ့ မီးပွားတွေဟာ ပွဲခင်းထဲ လှည့်လည်ရောင်းချနေတဲ့ မိုးပျံပူဖောင်းပေါ် လွင့်စဉ်ပေါက်ကွဲကာ မီးလုံးကြီးတွေ ထွက်ပေါ်လာတာကြောင့် ပွဲခင်းတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီး ထိတ်လန့်တကြား ထွက်ပြေးကြသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကနဦး စစ်ဆေးတွေ့ရှိချက်အရ မီးလောင်ဒဏ်ရာရသူ ၆ ယောက်ရှိပြီး သူတို့ကို လမ်းဖွန်းရုမ့်ကျိုင် လူမှုကူညီရေးအသင်းက ရှေးဦးသူနာပြုစုကာ နီးစပ်ရာဆေးရုံကို ပို့ပေးခဲ့ပါတယ်။
မီးရှူးမီးပန်း ဖောက်နေတဲ့အချိန် ပွဲခင်းထဲမှာ မိုးပျံပူဖောင်းလှည့်လည်ရောင်းချနေတဲ့ ဈေးသည် ၂ ယောက်၊ ၃ ယောက် တွေ့ရှိတယ်၊ မိုးပျံပူဖောင်း ဆိုတာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေ ထည့်သွင်းထားတာကြောင့် မီးပွားတွေနဲ့ ထိတွေ့တဲ့အခါ ပေါက်ကွဲမှု ဖြစ်ပြီး မီးလုံးတွေ ပေါ်လာတာ ဖြစ်တယ်လို့ ပရိသတ်တယောက်က ပြောပါတယ်။
သူ့ရဲ့လက်မောင်းမှာလည်း မီးလောင်ဒဏ်ရာရပြီး အင်္ကျီကိုပါ လောင်သွားတာကြောင့် ချက်ချင်း ချွတ်ပစ်ခဲ့ရတယ်၊ အဲဒီနောက် ဆေးရုံမှာ ဒဏ်ရာတွေ ဆေးသွားထည့်ခဲ့ရတယ်လို့လည်း ပွဲခင်းထဲရှိ ပရိသတ်တယောက်က သတင်းထောက်ကို ပြောပါတယ်။
Source: ChiangMai News










