
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာကို စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေက ၁ နှစ်ကြာတဲ့အထိ ထိုးဖောက်လို့ မရတာကြောင့် DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ရွာဘက်ကို လက်နက်ကြီးပစ်ကူအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ကို တိုက်ရိုက်ကျ ရောက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြဝတီမြို့ တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါ လေဗျူဟာမကျရေးအတွက် စစ်အာဏာရှင်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး ထိုးစစ်ဆင်နေတာပါ။
စစ်တပ်စစ်ကြောင်းတွေဟာ လက်နက်ကြီးနဲ့လေကြောင်း ပစ်ကူအလွန်အကျွံသုံးပြီး လေးကေ့ ကော်မြို့သစ်၊ ရဲကုန်းဘက်ကနေ DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ကျေးရွာ သဲဖြူချောင်းဘက်နဲ့ ဖလူး၊ မင်းလက်ပံကျေးရွာဘက်ကနေ ထိုးစစ်ဆင်နေပါတယ်။
ဒါကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို တိုက်ရိုက် ကျရောက်တာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်စစ်ရေးသတင်းရင်းမြစ်တယောက်က “စကစဘက်က ပစ်တာ။ ဖလူးမင်းလက်ပံဘက်က တိုးတာထက် သဲဖြူချောင်းဘက်ခြမ်းကို ပိုတိုးတယ်။ ကျနော်တို့က ဖလူး မင်းလက်ပံမှာလည်း ရှိတယ်။ တိုက်ပွဲက ဟိုမှာလည်းဖြစ်တယ်။ ဒီမှာလည်း ဖြစ်တယ်။ သူတို့ မြေပြင်မှာတော့ အထိနာတယ်။ သူတို့ သဲဖြူချောင်းဘက်ခြမ်းကနေ ထိတွေ့မှုတွေဖြစ်တယ်။ ဖလူး မင်းလက်ပံခြမ်းမှာလည်း ရှိတယ်။ တိုက်ပွဲတော့ နေ့တိုင်းဖြစ်တယ်။ နောက်ပြီး ဒီလက်နက်ကြီးကျတာက သူတို့ ဘက်ခြမ်းက ပစ်တာ။ လက်နက်ကြီးက ကြည့်တာနဲ့ သိတာပဲ။ ကျနော်တို့ဘက်ခြမ်းကနေ မြေအနေအထားရ (ထိုင်း) ဒီဘက်ခြမ်းကနေ ပစ်တာလေ။ မယ်ဝါးခီတို့ဘာတို့ကနေ ပစ်လိုရှိရင် ထိုင်းနဲ့ တိုက်ရိုက်ဖြစ်နေတယ်။ အဲတော့ ကျော်ကျတာပေါ့။ သူတို့ကလည်း ကျနော်တို့ကို ဖိအားပေးအောင် လုပ်တာလည်း ဖြစ်မယ်။ တမင်သက်သက် ထိုင်းကိုပစ်ချပြီး ကျနော်တို့ကို ကျပ်အောင်ပေါ့”လို့ ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်က စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံ မယ့်ကိုကင်းကျေးရွာဘက်ကို ကျရောက်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းဘက်ထပ်ကျရင် ပြန်လည်တုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ် သတိပေးထားပါတယ်။
ဒါအပြင် ထိုင်းစစ်တပ်က နယ်စပ်အခြေအနေကို စောင့်ကြည့်ပြီး ပြည်သူတွေကို အလေးထား ကာကွယ်သွားမယ်လို့ ရာ့ချ်မနူးအထူးတပ်ဖွဲ့၊ တပ်ဖွဲ့မှူးက ပြောပါတယ်။
စစ်တပ်က ထိုင်းနယ်စပ်တလျှောက် ကူးသန်းသွားလာတာတွေ ပိတ်အောင် တမင်တကာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ နယ်စပ်အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။
နယ်စပ်အရေးစောင့်ကြည့်သူတယောက်က “ဒီဘက်မှာက မြေပြင်တိုက်ပွဲက တကယ်ဖြစ်နေတာ။ KNLA တိုက်လို့ ၂၇၅ ကလှမ်းထုတာတို့ ဒါမျိုးတွေ ရှိတယ်။ နောက်တချက်ကကျတော့ သူတို့ဆီက တပ်ကူတွေက မြေပြင်အထိလိုက်ကူနိုင်စွမ်းမရှိတဲ့ အခြေအနေတွေမှာ သူတို့လက်အောက်ခံဖြစ်တဲ့ သူတို့နဲ့ပလဲနံသင့်တဲ့ KNA BGF DKBA စတဲ့ သူတို့အောက်က NCA အဖွဲ့တွေကို တိုက်စေချင်တာ။ ဒီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကို။ ကရင်နယ်မြေထဲမှာ ဖြတ်သန်းသွားလာနေတာတွေကိုလည်း ပိတ်ဆို့စေချင်တယ်။ ပေါ့ပေါ့လျော့လျော့ ကိုင်တွယ်လို့ သူတို့တွေက တမင်သက်သက် ထိုင်းကိုကျပ်အောင်လို့ လှမ်းပြီးတော့ လက်နက်ကြီး ကျော်ထုတာတို့ တမင် အဲလိုတွေလုပ်လာရင် ထိုင်းက အကုန်လုံးကို ဒီဘက်မှာပိတ်မှာ။ ကူးသန်းသွားလာတာတွေကို ပိတ်အောင် တမင်တကာ ကျပ်ပြီးတော့ လုပ်တယ်လိုပဲ ယူဆတယ်”လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဖလူးကြီး၊ မင်းလက်ပံတိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း မယ့်ကိုကင်းကျေးရွာကို လက်နက်ကျည်ကျရောက်ပြီး ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေ ပျက်စီးခဲ့တဲ့အတွက် ဒေသခံတွေက ဆန္ဒပြ ကန့်ကွက်ခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက် ညနေပိုင်းက မြဝတီမြို့ တောင်ဘက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ရဲ့ အမှတ် ၉၁၅ ကျွန်းတောစခန်းကို စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး စခန်းဝန်းနဲ့ တပ် ဖွဲ့ဝင်နားနေဆောင်ဘက်ကို ကျရောက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး တပ်မိသားစုဝင် ၂၀ နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။
အောင်ခန့်











