
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကနေ စစ်အာဏာရှင်တပ်က လက်နက်ကြီးတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာ ဇွန်လကုန်ပိုင်းကတည်းက စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နေရာကနေ ဇူလိုင် ၁၃ ရက်ကစပြီး လက်နက်ကြီး ပြန်လည်ပစ်ခတ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒေသခံ အမျိုးသားတယောက်က “စစ်တွေမှာ ရက်အတန်ကြာ ပစ်ခတ်မှုတွေ ငြိမ်သက်နေတာကနေ မနေ့က ပြန်လည် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်။ စစ်တွေမှာရှိတဲ့ အမှတ် ၁၂ ရဲတပ်ရင်းဘက်က ပစ်ခတ်တိုက်ခိုက်ပြီး ရန်စမှုတွေ ပြုလုပ်နေတာ”လို့ ပြောပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နှစ်ဖက် တပ်ဆိုင်ထားကြတာ တနှစ်ခွဲအထိ ကြာမြင့်လာကြပြီဖြစ်ပြီး စစ်ရေးအရ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းတွေ အဓိက အသုံးပြုပြီး တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ် ဝါဘိုကျွန်းကို အဓိက ထိန်းချုပ်ထားတာဖြစ်ပြီး စစ်အာဏာရှင်တပ်ကတော့ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံချောင်းရဲ့ တောင်ဘက်ခြမ်းရှိ ကျေးရွာတွေကို အခြေပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်တွေနယ်စပ်မှာရှိတဲ့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က “ဇူလိုင်လ ၁၃ ရက်နေ့က စပြီး လက်နက်ကြီးပစ်ခတ်သံတွေ ပြန်ကြားလာရတယ်။ ဘယ်ကိုပစ်တယ် ဆိုတာတော့ အတိအကျ မသိဘူး။ တိုက်ပွဲတွေ ငြိမ်သက်နေတာ လဝက်လောက်ရှိပြီး အခု ပြန်ပြီး ကြားလာရတာ”လို့ ပြောပါတယ်။
စစ်တွေမြို့နယ်မှာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသကွပ်ကွဲမှုဌာနချုပ် စစ်တွေနဲ့ ၄ မိုင်ဝန်းကျင် အကွာအဝေးအထိ တိုက်ပွဲဧရိယာ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့အနက် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားနေကြပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က လက်ကျန်စစ်မျက်နှာတွေအပြင် ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည်နယ်တို့က စစ်မျက်နှာတွေမှာလည်း စစ်အာဏာရှင်တပ်တွေကို တိုက်ခိုက်နေပါတယ်။










