
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် တောင်သူတယောက် သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
ဇူလိုင် ၁၃ ရက်ညနေက လယ်ယာလုပ်ငန်းလုပ်ဖို့ ထွက်သွားတဲ့ အသက် ၄၀ ကျော်အရွယ် ဦးသန်းလွင်ဟာ သဲဖြူကျေးရွာအပြင်ဘက် လယ်ကွင်းထဲမှာ မြေမြှုပ်မိုင်း တက်နင်းမိတာကြောင့် အခင်းဖြစ်နေရာမှာ ဆုံးသွားတာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “သူပိုင်တဲ့ လယ်ကွင်းထဲ ဆင်းလာရင်းဖြစ်တာ။ ကိုယ်ခန္ခာအနှံ့ ဒဏ်ရာတွေနဲ့ တခါတည်း သေဆုံးသွားတယ်။ အရင်လည်း သွားလာနေကျလမ်းပဲ” လို့ ပြောပါတယ်။
သေဆုံးသူဟာ သဲဖြူကျေးရွာကဖြစ်ပြီး မြေမြှုပ်မိုင်း ပေါက်ကွဲတဲ့နေရာဟာ ပြီးခဲ့တဲ့ဇွန် ၁၁ ရက် လောက်ကနေ လကုန်ပိုင်းအထိ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ယာယီစခန်းချ ခံစစ်ပြင်ခဲ့တဲ့နေရာ ဖြစ်ပြီး အရပ်သားတွေ ထင်းခုတ်၊ လယ်ယာလုပ်ဖို့ ဖြတ်သန်းသွားလာတဲ့ နေရာလို့ သိရပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်နေတဲ့ နေရာကို သွားလာတာမလုပ်ကြဖို့ ဒေသခံတွေ အချင်းချင်း သတိပေးနေကြပြီး မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်ရတာကြောင့် လယ်ယာလုပ်ငန်းခွင်တွေကို မသွားရဲတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။










