
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာမှာ ဇွန် ၉ ရက် မနက်က အမှတ် ၄ ရပ်ကွက်ရှိ ဆိုလာဓာတ်အားပေး မီနီဂရစ်ဘက်ထရီသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဘက်ထရီ အများအပြား ရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီမနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ဘက်ထရီတွေ အပူလွန်ကဲရာကတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အလျား ၂၄ ပေ၊ အနံ ၁၂ ပေခန့်ရှိ ဆိုလာမီနီဂရစ် ဘက်ထရီသိုလှောင်ရုံ မီးလောင်မှု စတင်ဖြစ်ပွားကာ ဘက်ထရီအိုး ၅၄ အိုးပါ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာ ပါဝင်တဲ့ ဒေသခံတယောက်က “မီးလောင်မှုဖြစ်တဲ့ ဆိုလာဓာတ်အားပေး ဘက်ထရီသိုလှောင်ရုံက ပုဂ္ဂလိက ဓာတ်အားပေးရုံပါ။ မီးလောင်ချိန် တနာရီနီးပါးလောက် ကြာပါတယ်။ ဓာတ်အားပေးရုံ မီးလောင်မှုက ရွာအတွက် တကယ့်ဆုံးရှုံးနစ်နာမှုကြီးပါပဲ” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုမရှိခဲ့ဘဲ ငွေကျပ်သိန်း ၂၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို စက်ဆန်းနယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံ ရွာသူရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ကာ မနက် ၁၀ နာရီခွဲမှာ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။











