DVB Logo
Home
မြန်မာသတင်း
VOA အမှုအတွက် ဝန်ထမ်းများက ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးထံ ချေပလျှောက်လဲချက် တင်သွင်းမည်
DVB
·
November 8, 2026
ဝါရှင်တန်ဒီစီ ခရိုင်တရားရုံး။ (Photo : သုတချမ်းသာ)
ဝါရှင်တန်ဒီစီ ခရိုင်တရားရုံး။ (Photo : သုတချမ်းသာ)
Donate to DVB

VOA သတင်းဌာနအမှုအတွက် သမ္မတထရမ့်ပ်အစိုးရဘက်က တင်ပြချက်ကို ချေပတဲ့ VOA သတင်းဌာန ဝန်ထမ်းတွေရဲ့ လျှောက်လဲချက်ကို  ဒီဇင်ဘာလဆန်းပိုင်းမှာ ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးဆီ တင်သွင်းဖို့ ရှိနေပါတယ်။  

VOA ဝန်ထမ်း ၁,၀၀၀ ကျော် မတ် ၂၃ ရက်ကစပြီး လုပ်ငန်းခွင်ပြန်ဝင်ရမယ်ဆိုတဲ့ တရားသူကြီး  လမ်းဘတ်သ် ထုတ်ပြန်ထားတဲ့အမိန့်ကို အယူခံတရားရုံးက ဒေသစံတော်ချိန် ဧပြီ ၁ ရက်မှာ ယာယီ ဆိုင်းငံ့ခဲ့ပါတယ်။ 

စက်တင်ဘာ ၁၅ ရက်ကပြုလုပ်ခဲ့တဲ့ နှစ်ဖက်ကြားနာပွဲမှာ အစိုးရရှေ့နေက VOA သတင်းဌာနကို ဘာသာစကား ၈ မျိုးနဲ့ ပြန်လည်ပတ်နေပြီး ဝန်ထမ်း ၁၀၀ ကျော်ပြန်ခေါ်ထားပြီးဖြစ်တယ်လို့ လျှောက်လဲထားတာပါ။

အဲဒီနောက်ပိုင်းမှာ အမှုဟာ ကြန့်ကြာခဲ့ပြီး လာမဲ့ ဒီဇင်ဘာလဆန်းပိုင်းကျမှ ဝန်ထမ်းတွေဘက်က ချေပချက် တင်သွင်းဖို့ တရားရုံးချိန်းရခဲ့တာဖြစ်ပါတယ်။

VOA မြန်မာပိုင်း   သတင်းတင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “ဖက်ဒရယ်တရားသူကြီးလန်းဘတ်က သူ့ရဲ့လုပ်ပိုင်ခွင့်ပေါ့နော်။ သမ္မတထရမ့်ပ်အစိုးရအဖွဲ့ကို VOA နဲ့ပတ်သက်ပြီး နောက်ဆုံးဘာတွေ လုပ်နေလဲပေါ့လေ။  ဒါတွေကိုသူ မေးထားတာရှိတယ်။ သမ္မတထရမ့်ပ် အစိုးရဘက်ကတော့ သူတို့ တင်ပြထားတဲ့အချက်တွေအရ ဆိုရင်တော့ VOA ရဲ့လုပ်ငန်းတွေကို သူတို့ ဆောင်ရွက်နေတယ်။ သတ်မှတ်ထားတဲ့ဘာသာစကားအနည်းငယ်၊ အခုဆိုရင်တော့ ၈ ခုပေါ့။ သူတို့တွေဟာ VOA လုပ်ငန်းတွေကို ပြန်ပြီးလည်ပတ်နေတယ်။ အဲဒီအတွက် သူတို့ နောက်ထပ် တိုးချဲ့စရာလည်း မရှိတော့ဘူး ဆိုတဲ့ပုံစံမျိုးနဲ့ ဖက်ဒရယ်တရားသူကြီးကို တင်ထားတယ်။ ကျမတို့ VOA ဝန်ထမ်းတွေရဲ့ရှေ့နေက ပြန်ပြီးချေပမဲ့ဟာက ဒီဇင်ဘာအစောပိုင်း ပထမအပတ် အတွင်းမှာတော့ ဖြစ်နိုင်မယ်ထင်တယ်။ တရားသူကြီးက ကျမတို့အမှုကို ကြားနာစစ်ဆေးမလား။ ဒါမှမဟုတ် တခါတည်း ဆုံးဖြတ်မလားပေါ့။ အဲဒီလိုအဆင့်ရှိနေတယ်”လို့ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် ကြားကာလ ရွေးကောက်ပွဲအလွန် လွှတ်တော် ၂ ရပ်စလုံးမှာ ဒီမိုကရက်တွေက အသာစီးရခဲ့တဲ့အတွက် ဖက်ဒရယ်ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာ၊ ရပ်ဆိုင်းခံရတာတွေအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးသမားတွေက မှတ်ချက် ပေးထားပါတယ်။ 

အနိုင်ရခဲ့တဲ့ ဒီမိုကရက်အမတ်တွေထဲမှာ အစိုးရရဲ့အလုပ်ထုတ်တာကို ကိုယ်တိုင် ခံခဲ့ရသူ ဌာနဆိုင်ရာ အရာရှိတချို့လည်း ပါဝင်ခဲ့တာပါ။

အစိုးရဌာနတွေနဲ့ အေဂျင်စီတချို့ ပိတ်သိမ်းပြီး ဝန်ထမ်းတွေလျှော့ချတဲ့ သမ္မတထရမ့်ပ်ရဲ့မူဝါဒကို အီလွန်မက်စ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ စွမ်းဆောင်ရည်စစ်ဆေးရေးဌာန (DOGE) က အကောင်အထည် ဖော်ခဲ့တာပါ။ 

အစိုးရဘဏ္ဍာငွေ ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်တာလို့ DOGE က အကြောင်းပြချက် ပေးခဲ့ပါတယ်။

အစောပိုင်းကာလမှာ ဒေါ်လာ ၂ ထရီလီယံအထိ ဘဏ္ဍာငွေ ကုန်ကျစရိတ် လျှော့ချနိုင်မယ်လို့ အီလွန်မက်စ်က ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ ပြောဆိုချက်နဲ့ ကိုက်ညီမှုမရှိဘဲ ဘေးထွက်ဆိုးကျိုးတွေသာ များခဲ့ပါတယ်။ 

DOGE ရဲ့ဆောင်ရွက်ချက်တွေကြောင့် ဌာနနဲ့ အေဂျင်စီ ၁၅ ခုဝန်းကျင်က ဝန်ထမ်း ၃ သိန်းနီးပါး လုပ်ငန်းခွင်ကနေ ထွက်ခွာခဲ့ရတာပါ။

ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ ပြည်တွင်းလုံခြုံရေး၊ စွမ်းအင်စတဲ့ ကဏ္ဍ အသီးသီးက ဝန်ထမ်းတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

VOA ဝန်ထမ်းတယောက်က “အဲဒါတွေကိုပြန်ပြီးတော့ စိစစ်မယ်ဆိုပြီးတော့ အသစ်တက်လာမဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေက ပြောနေတယ်။ အရေးပါတဲ့ အစိုးရဌာနတွေပေါ့နော်။ စစ်ပြန်၊ စစ်မှုထမ်းဟောင်းများဌာန တို့ဘာတို့ဆိုတာ ဒီအမေရိကန်မှာ စစ်မှုထမ်းဟောင်းတွေကို အရမ်းကို ဦးစားပေးပြီးတော့ အလေးထားတယ် တန်ဖိုးထားတယ်။ စစ်ပြန်၊ စစ်မှုထမ်းဟောင်းများဌာနက ဝန်ထမ်းတွေကို ဖြုတ်ခဲ့တာဟာ တရားဝင်ရဲ့လား။ သူတို့ဖြုတ်ခဲ့သလို တကယ်လိုအပ်ရဲ့လား။ သူတို့ပြောသလို အစိုးရဘဏ္ဍာငွေတွေကုန်ကျမှု သက်သာသွားသလားဆိုတာကို အသေးစိတ် ပြန်စစ်တော့မှာ၊ ဒါကဥပမာတခုအနေနဲ့ပေါ့၊ အလားတူပဲ ဌာနတွေ အများကြီးရှိတယ်။ VOA ရှိနေတဲ့ USAGM ဌာနကြီးအပါအဝင်ပေါ့နော်။ USAGM ဆိုရင်လည်း အမေရိကန် အစိုးရအဆက်ဆက်တိုင်းက လွှတ်တော်က အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မရှိမဖြစ် လိုအပ်တဲ့ ဌာနတခုအနေနဲ့ သူတို့က သတ်မှတ်ခဲ့ကြတာ။ ဒါကြီးကို ဖြုတ်သင့်သလား။ ပြန်ပြီးတော့ တည်ဆောက်ရမလား ဆိုတာကို သူတို့ လုပ်ကြလိမ့်မယ်။ အလားအလာကတော့ လက်ရှိ အခြေအနေထက် စာရင်တော့ အများကြီး ကောင်းတယ်လို့ ပြောလို့ရတာပေါ့”လို့ ပြောပါတယ်။

လွှတ်တော်ဥပဒေပြဋ္ဌာန်းချက်တွေအရ အမေရိကန်ရဲ့ အကျိုး၊ တိုင်းပြည်ရဲ့အခြေခံစံနှုန်း၊ တန်ဖိုးတွေကို ထုတ်လွှင့်ဖို့ ရည်ရွယ်ချက်နဲ့ VOA ကို တည်ထောင်ခဲ့တာပါ။ 

လွှတ်တော်ဘက်က VOA ရဲ့ မိခင်အဖွဲ့အစည်း USAGM ကို ဥပဒေနဲ့အညီ အသိအမှတ်ပြုထားဆဲဖြစ်ပြီး လုပ်ငန်းလည်ပတ်ဖို့ ၂၀၂၆ ခုနှစ် အတွက် ဘတ်ဂျက်ငွေကိုလည်း ပုံမှန်အတိုင်းချထားပေးခဲ့ပါတယ်။

ဒီအချက်ဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ထရမ့်ပ်အစိုးရချမှတ်ထားတဲ့မူဝါဒကို လွှတ်တော်ဘက်က အသိအမှတ်မပြုဘဲ လုပ်ငန်းတွေကို အသိအမှတ် ဆက်ပြုထားတဲ့သဘော သက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013