
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကိုကာကွယ်ပေးပြီး စာနာ စောင့်ရှောက်ပေးဖို့ အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ မလေးရှားသံရုံးရှေ့မှာ မြန်မာ့ အရေးဆောင်ရွက်သူတွေက ဒေသစံတော်ချိန် အောက်တိုဘာ ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
မလေးရှားရောက် မြန်မာတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့၊ မြန်မာနိုင်ငံကို ပြန်ပို့လိုက်သူတွေရဲ့ အခြေအနေ နောက်ဆက်တွဲကိုစုံစမ်းဖို့နဲ့ စစ်အာဏာရှင်ကို ထိတွေ့ဆက်ဆံမှုပြုလုပ်တာဟာ သူတို့ကို တရားဝင် အသိအမှတ်ပြုရာရောက်စေတဲ့ အခြေအနေဖြစ်နေတာကြောင့် မလေးရှား အစိုးရက ပြန်သုံးသပ်ဖို့ စတဲ့အချက်တွေကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကို လိပ်မူပြီး မြန်မာ့အရေးဆောင်ရွက်သူတွေက အိတ်ဖွင့်စာပေးအပ်ခဲ့ပါတယ်။
Save Myanmar- USA အဖွဲ့ဝင် ဦးရင်အေးက “စက်တင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို မလေးရှားအစိုးရက မြန်မာပြည်တွင်းကို ပြန်လည်ပို့ဆောင်ခဲ့တဲ့သတင်းကြောင့် ကျနော်တို့ စိုးရိမ်ပူပန်မှုတွေဖြစ်ခဲ့ရပါတယ်။ ပြန်ပို့ခံရတဲ့သူတွေနဲ့ တွေ့ဆုံခွင့်မရခဲ့တဲ့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အဲ့ဒီအတွက် ပြန်အပို့ခံရသူတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်တဲ့အစီအမံတွေ မလေးရှားအစိုးရဆီမှာ ရှိမရှိသိချင်ပါတယ်။ ရှိတယ်ဆိုရင် အချက် အလက်တွေနဲ့ နည်းလမ်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် အန်ဝါအီဟင်က လက်ခံတွေ့ဆုံခဲ့တာကလည်း မြန်မာပြည်သူတွေ အပေါ် ထောက်ထားမှုမရှိရာရောက်ခဲ့တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက မှတ်ချက် ပေးပါတယ်။
မလေးရှားဝန်ကြီးချုပ်ဆီလိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာမှာ ပြန်အပို့ခံရသူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာတာတွေပြုလုပ်ပေးဖို့၊ နောက်ထပ် ပြန်ပို့ဖို့ အစီအစဉ်ရှိရင် UNHCR တာဝန်ရှိသူတွေနဲ့ အရင်တွေ့ဆုံခွင့်ပေးဖို့၊ ဆိုးရွားတဲ့ ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့ရနိုင်တဲ့အတွက် ပြန်လည်ပို့ဆောင်မှုတွေကို ရပ်ဆိုင်းထားဖို့စတဲ့အချက်တွေကို မလေးရှား အစိုးရက ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
တိုက်တွန်းစာအဆုံးသတ်မှာ မလေးရှားအစိုးရက ပြန်ပို့မဲ့မြန်မာပြည်သူတွေအတွက် လုံခြုံရေး အစီအစဉ်တွေ ဘယ်လိုချမှတ်ပြီး လေ့လာစောင့်ကြည့်နေတယ်ဆိုတာကို မြန်မာ့အရေး ဆောင်ရွက်သူတွေနဲ့ နိုင်ငံတကာသိအောင် တုံ့ပြန်မှုတွေပြုလုပ်ပေးဖို့ ဖော်ပြထားပါတယ်။
အိတ်ဖွင့်စာကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဆီလိပ်မူပေးပို့ခဲ့တဲ့အပြင် မိတ္တူကို မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်၊ UNHCR၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာနခွဲ) တို့ ဆီကိုလည်း ပေးပို့ထားတယ်လို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြောပါတယ်။











