
VOA သတင်းဌာနကို ထရမ့်ပ်အစိုးရအနေနဲ့ ဘယ်ဥပဒေနဲ့ ပြန်လည်ပတ်နေတယ်ဆိုတာတင်ပြဖို့ ဝါရှင်တန်ဒီစီခရိုင်တရားသူကြီး ရွိုက်စ်လန်းဘတ်သ် ဒေသစံတော်ချိန် စက်တင်ဘာ ၁၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ နှစ်ဖက်ကြားနာပွဲမှာ အစိုးရရှေ့နေက VOA သတင်းဌာနကို ဘာသာစကား ၈ မျိုးနဲ့ ပြန်လည်ပတ်နေပြီး ဝန်ထမ်း ၁၀၀ ကျော်ပြန်ခေါ်ထားပြီးဖြစ်တယ်လို့ လျှောက်လဲထားတာပါ။
VOA ဝန်ထမ်း ၁,၀၀၀ ကျော် မတ် ၂၃ ရက်ကစပြီး လုပ်ငန်းခွင်ပြန်ဝင်ရမယ်ဆိုတဲ့ တရားသူကြီး လမ်းဘတ်သ် ထုတ်ပြန်ထားတဲ့အမိန့်ကို အယူခံတရားရုံးက ဒေသစံတော်ချိန် ဧပြီ ၁ ရက်မှာ ယာယီ ဆိုင်းငံ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တရားရုံးမှတ်တမ်းတွေနဲ့ဖြစ်စဉ်တွေအရ VOA ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်မဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အစိုးရက နည်းလမ်းပေါင်းစုံနဲ့ အချိန်ဆွဲတဲ့သဘော သက်ရောက် နေတာပါ။
အချိန် ၅ လကျော်ကြာတဲ့အထိ ထရမ့်ပ်အစိုးရဟာ VOA ဝန်ထမ်း ၁,၀၀၀ ကျော်ထဲက ၁၀၀ ကျော် ကိုပဲ လုပ်ငန်းခွင်ထဲပြန်ခေါ်ထားပြီး လုပ်ငန်းလည်ပတ်နေတယ်လို့ တရားရုံးဘက်ကို တင်ပြထားတာ ဖြစ်ပါတယ်။
VOA မြန်မာပိုင်း၊ သတင်းတင်ဆက်သူ မအင်ကြင်းနိုင် က “တရားသူကြီးအမိန့်မှာ အဓိက ထွက်လာတာကတော့ အစိုးရက ဘာသာစကား ၈ ခုကိုပြန်လည်ပတ်နေပြီတို့ ဘာတို့ဆိုပါတော့။ အခုလက်ရှိအစိုးရက VOA ကို ပြန်လည်ပတ်နေတာဟာ ဘယ်ဥပဒေနဲ့အညီ လုပ်နေတာလဲဆိုတာ သူက မေးခွန်းပြန်ထုတ်ထားတာ။ အဲဒီမေးခွန်းကို နှစ်ဖက်လျှောက်လဲရမယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ အစိုးရဘက်ကနောက်ဆုံးထားပြီးတော့ VOA ကို သူတို့ပြန်လည်ပတ်နေပါတယ်ဆိုတာ ဘယ်ဥပဒေနဲ့အညီဆိုတာ တရားရုံးကိုတင်ပြရမယ်။ VOA ဝန်ထမ်းတွေဘက်က နိုဝင်ဘာ ၂ ရက်နေ့မှာ ပြန်ပြီးချေပရမယ်။ ပြီးရင် အစိုးရဘက်က ပြန်ချေပမယ်။ အဲဒီလို စာတွေနဲ့အပြန်အလှန် တင်ပြချေပပြီးရင်တော့ တရားသူကြီးက ကြားနာပွဲထပ်လုပ်ပြီးတော့ ဆုံးဖြတ်မယ် ဆိုတာမျိုးပေါ့” လို့ ပြောပါတယ်။
VOA ဝန်ထမ်းတွေဘက်က USAGM ကို စွဲဆိုထားတဲ့အမှု ၃ ခုထဲက ပထမအမှုကတော့ ဝန်ထမ်း တွေကို လုပ်ငန်းခွင်ကနေ ရပ်နားခဲ့တာဟာ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး အလုပ်သမားဥပဒေကို လည်း အစိုးရက ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒုတိယအမှုကတော့ VOA ယန္တရားတခုလုံးကို ထရမ့်ပ်အစိုးရက ပိတ်သိမ်းတာဟာ ဥပဒေနဲ့ မညီတာ ကြောင့် တရားမဝင်ဘူးဆိုပြီး VOA ဒါရိုက်တာ အေဗရာမိုဝဇ်က စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
တတိယအမှုကတော့ သမ္မတထရမ့်ပ်ရဲ့ ညွှန်ကြားချက်တွေအတိုင်းဆောင်ရွက်ခဲ့တဲ့ USAGM တာဝန်ရှိသူတွေရဲ့လုပ်ရပ်ဟာ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းလွတ်လပ်ခွင့်၊ တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ ကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ထမ်းတွေက ၂၀၂၆ ခုနှစ်၊ မတ် ၂၃ ရက်မှာ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ (USAGM) အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံး ဖြစ်အောင်ထားဖို့ ညွှန်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့ တာပါ။
ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် USAGM ထိပ်တန်းရာထူးနေရာတွေကို လူစားထိုးတာ၊ VOA ဝန်ထမ်းအများအပြားကို အလုပ်ကထုတ်ပယ်ကြောင်း စာပို့တာ၊ အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းတာ စတာတွေကို အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဝန်ထမ်းတွေဘက်က တရားစွဲ ဆိုခဲ့တာ ဖြစ်ပါတယ်။











