DVB Logo
Home
မြန်မာသတင်း
VOA ဒါရိုက်တာ အေဗရာမိုဝဇ်ကို ရာထူးက ထုတ်ပယ်ခဲ့မှု ဥပဒေနှင့်မညီဟု တရားရုံးဆုံးဖြတ်
သုတချမ်းသာ
·
November 12, 2026
ဝါရှင်တန်ဒီစီအယူခံတရားရုံး။ (Photo: သုတချမ်းသာ)
ဝါရှင်တန်ဒီစီအယူခံတရားရုံး။ (Photo: သုတချမ်းသာ)
Donate to DVB

Voice Of America (VOA) ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝဇ်ကို သမ္မတထရမ့်ပ် အစိုးရက ရာထူးကနေ ဖယ်ရှားခဲ့တာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ဝါရှင်တန်ဒီစီ အယူခံတရားရုံးက နိုဝင်ဘာ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အချိန် တနှစ်ကျော် အမှုရင်ဆိုင်ပြီး အနိုင်ရခဲ့တဲ့ VOA ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝဇ်ကို သမ္မတထရမ့်ပ် အစိုးရလက်အောက်ခံ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ (USAGM) ဦးဆောင်သူဟောင်း ကယ်ရီလိခ်က ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

VOA ဝန်ထမ်းတွေဘက်က စွဲဆိုထားတဲ့ အမှုတွေထဲမှာ VOA ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝဇ်နဲ့ ပတ်သက်တဲ့အမှုကို အသာစီးရယူနိုင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေဘက်က စွဲဆိုထားတဲ့အမှု ၂ ခု ဆက်လက်ဆုံးဖြတ်ဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။

လက်ကျန်အမှု ၂ ခုကတော့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကနေ ရပ်နားခဲ့တာဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ အလုပ်သမားဥပဒေတွေကို အစိုးရက ချိုးဖောက်တာဖြစ်ကြောင်း ဝန်ထမ်းတွေဘက်က စွဲဆိုထားတဲ့အမှုနဲ့ USAGM တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ လွှတ်တော်က VOA အတွက် ပြဋ္ဌာန်းထားတဲ့ သတင်းလွတ်လပ်ခွင့်၊ တည်းဖြတ်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ ကျင့်ဝတ်နဲ့အညီ ရပ်တည်ခွင့်တွေကို ချိုးဖောက်ခဲ့ကြောင်း စွဲဆိုထားတဲ့အမှုတွေ ဖြစ်ပါတယ်။

၂၀၂၅ မတ်လကစပြီး သမ္မတထရမ့်ပ် အစိုးရက VOA ဝန်ထမ်း ၁,၀၀၀ ကျော်ကို လစာနဲ့ခွင့်ပေးပြီး လုပ်ငန်းခွင်ကနေ ဖယ်ရှားခဲ့တာပါ။

တရားရုံးက ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ ဘာသာစကား ၈ မျိုးအတွက် ဝန်ထမ်း ၁၀၀ ကျော်ကိုပဲ အစိုးရက လုပ်ငန်းခွင်ကို ပြန်ခေါ်ခဲ့ပါတယ်။

VOA မြန်မာပိုင်း သတင်းတင်ဆက်သူ မအင်ကြင်းနိုင်က “အခု အယူခံတရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်ကို ကြည့်မယ်ဆိုရင် VOA ဒါရိုက်တာကို အနိုင်ပေးလိုက်တာ ဆိုတာထက်ကို ဒီ အမေရိကန်ပြည်ထောင်စုမှာ VOA က လုပ်နေတဲ့ နိုင်ငံတကာ အသံလွှင့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရှိရင် လွှတ်တော်ကနေ ပြဋ္ဌာန်းထားတဲ့ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်၊ သတင်းတည်းဖြတ်ခွင့် ဒါတွေနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အကာအကွယ်ပေးထားတယ် ဆိုတာကို အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်က ခိုင်ခိုင်မာမာ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျမတို့ VOA ဝန်ထမ်းတွေအနေနဲ့ အခု ကျမတို့ လုပ်ငန်းခွင်တွေ ပြန်ဝင်ရေး တရားရုံးမှာ ရင်ဆိုင်နေရတဲ့ ကျမတို့အမှုတွေအတွက်လည်း  အလွန်အင်မတန်မှ အားတက်မိတယ်။ ကျမတို့ နောက်ထပ် အလားအလာတွေ ကောင်းလာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်ရှင့်” လို့‌ ပြောပါတယ်။

VOA ဝန်ထမ်းတွေဘက်က စွဲဆိုထားတဲ့အမှုတွေ အားလုံးကို အောက်ခြေတရားရုံးတွေက ဝန်ထမ်းတွေဘက်က ရပ်တည်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ပေမဲ့ အစိုးရဘက်က အယူခံအဆင့်ဆင့် တက်ပြီး အချိန်ဆွဲခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ကြားကာလရွေးကောက်ပွဲအလွန်မှာ လွှတ်တော် ၂ ရပ်စလုံးကို ဒီမိုကရက်ပါတီက စိုးမိုးနိုင်ခဲ့ပြီးနောက် တရားရုံးဘက်က အရင်ကထက် ပိုပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချလာတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေအရ အစိုးရဘက်က တရားနိုင်ရေးမှာ အခြေအနေ မကောင်းတော့ပေမဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ အယူခံဆက်တက်တာ၊ တရားရုံးချုပ်အထိ ဆက်တက်ပြီး အမှုကို ဆွဲဆန့်တာမျိုး လုပ်ပိုင်ခွင့်ရှိနေသေးတာ ဖြစ်ပါတယ်။

အယူခံတရားရုံးမှာ စုစုပေါင်း တရားသူကြီး ၁၁ ယောက်ရှိပြီး ၃ ဦးစီပါတဲ့ အလှည့်ကျအဖွဲ့တွေက စီရင်ချက်တွေ ချနေတာ ဖြစ်ပါတယ်။

VOA ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝဇ်ကို တရားသူကြီး ၃ ယောက်ပါ အဖွဲ့က အနိုင်ပေးလိုက်ပေမဲ့ တရားသူကြီးအားလုံးပါဝင်တဲ့ စီရင်ချက်မျိုးကို အစိုးရဘက်က ဆက်ပြီး အယူခံတက်ခွင့် ရှိနေသေးတာ ဖြစ်ပါတယ်။

VOA မြန်မာပိုင်း သတင်းတင်ဆက်သူ မခင်ဖြူထွေးက “အစိုးရကို စွဲဆိုထားတဲ့ တခြား ဆက်စပ်အမှုတွေ အတွက်ပါ လမ်းပွင့်သွားတယ်လို့ ပြောလို့ရတယ်။ VOA ဝန်ထမ်းတွေ စုပေါင်းစွဲဆိုထားတဲ့ အမှုတွေ၊ နောက် ထောက်ပံ့ငွေ ဂရန့်နဲ့လည်ပတ်နေတဲ့ Radio Free Asia (RFA) တို့၊ Radio Free Europe (RFE) တို့လိုမျိုး အဖွဲ့တွေကနေ စွဲထားတဲ့အမှုတွေအတွက်ပါ အနိုင်ရဖို့အတွက် အရှိန်အဟုန်တခု ဖြစ်သွားတာပေါ့နော်။ ဒါပေမဲ့ တဖက်မှာလည်း အစိုးရက သူတို့ရဲ့အရှုံးကို လက်မခံဘဲနဲ့ အယူခံဆက်ဝင်မယ်ဆိုလည်း ဝင်လို့ရသေးတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ အမိန့်ကို တာဝန်ကျတရားသူကြီး ၃ ယောက်က တညီတညွတ်တည်း ချခဲ့တယ်လို့ ဆိုပေမဲ့လည်း ဒါက အယူခံတရားရုံးမှာရှိတဲ့ တရားသူကြီးအားလုံး ပါဝင်တာမဟုတ်ဘူး။ တရားသူကြီးအားလုံး ပါဝင်တဲ့အဖွဲ့က အမှုကို ပြန်ပြီး စိစစ်ပေးပါ ဆိုတာမျိုး အစိုးရဘက်က အယူခံပြန်ဝင်တာမျိုးလည်း လုပ်ကောင်းလုပ်နိုင်တယ်။ အယူခံတရားရုံးမှာက တရားသူကြီးက စုစုပေါင်း ၁၁ ယောက်ရှိတာ ဖြစ်တယ်။ အလှည့်ကျ သူတို့ တာဝန်ကျတဲ့ တရားသူကြီးအဖွဲ့က နေပြီးတော့မှ အမှုတွေကို ဒီလိုပဲ ဆုံးဖြတ်တာဖြစ်တယ်။ မကျေနပ်တဲ့အမှုတွေ ရှိလာပြီ ဆိုရင်တော့လည်း မကျေနပ်တဲ့ဘက်ကနေပြီးတော့မှ အားလုံးပါတဲ့ စီရင်မှုမျိုး လုပ်ပေးပါ ဆိုတာမျိုး တောင်းဆိုလို့ရတယ်ဆိုတော့ အယူခံဆက်တင်လို့ ရတယ်ပေါ့။ နောက်တခုကတော့ သူတို့က အယူခံတရားရုံး ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူး။ ဒါကြောင့် တရားရုံးချုပ် Supreme Court အထိ ဆက်ပြီးတက်မယ် ဆိုတာမျိုးလည်း သူတို့ ပြင်ဆင်လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်တယ်” လို့ ပြောပါတယ်။

VOA ဟာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံတကာအသံလွှင့်လုပ်ငန်းတခု ဖြစ်ပေမဲ့ သတင်းလုပ်ငန်းဆိုင်ရာ လွတ်လပ်မှုနဲ့ အယ်ဒီတာ့အာဘော်ဆိုင်ရာ လွတ်လပ်မှုတွေကို ကွန်ဂရက်လွှတ်တော်က ဥပဒေအရ အကာအကွယ်ပေးထားတာကြောင့် အစိုးရက ကန့်သတ်တာ၊ စွက်ဖက်တာတွေ တိုက်ရိုက်လုပ်ပိုင်ခွင့် မရှိပါဘူး။

ဥပဒေပြဋ္ဌာန်းချက်တွေအရ VOA ဒါရိုက်တာ မိုက်ကယ်အေဗရာမိုဝဇ်ကို အစိုးရအဖွဲ့က တိုက်ရိုက် အလုပ်ကနေ ထုတ်ပယ်ပိုင်ခွင့် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အယူခံတရားရုံးက အခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

တကယ်လို့ ဒီအသံလွှင့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး လုပ်ချင်ရင် လွှတ်တော်ကနေတဆင့် ဥပဒေနဲ့အညီ ဆုံးဖြတ်ချက်ရယူပြီးမှ ဆောင်ရွက်နိုင်တာမျိုး ဖြစ်ပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းမှာ ရာထူးတာဝန်စယူခဲ့တဲ့ သမ္မတထရမ့်ပ် ကတော့ သူ့ရဲ့မူဝါဒတွေကို အကောင်အထည်ဖော်တဲ့လုပ်ငန်း တော်တော်များများမှာ လွှတ်တော်ရဲ့သဘောထားကို ရယူတာမျိုး မလုပ်ခဲ့ဘဲ အုပ်ချုပ်ရေးအာဏာကို အလွန်အကျွံသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013