DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝါရှင်တန်တွင်ကျင်းပသည့်အခမ်းအနား၌ တောင်းဆို (ဓာတ်ပုံ)  
DVB
·
October 31, 2026
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝါရှင်တန်တွင်ကျင်းပသည့်အခမ်းအနား၌ တောင်းဆို (ဓာတ်ပုံ)  
1 / 23
Photo : သုတချမ်းသာ
Donate to DVB

နိုင်ငံတကာ နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ် လွတ်လပ်မှုအတွက် အမည်စာရင်း ဖတ်ကြားတဲ့ အခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးအတွက် အခမ်းအနားမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 

ကမ္ဘာတဝန်း နိုင်ငံအသီးသီးက အကျဉ်းသားတွေရဲ့ နာမည်တွေကို ကိုယ်စားလှယ်တွေက ဖတ်ကြားတာ၊ တဦးချင်းစီရဲ့ ဖြစ်စဉ်အကြောင်းအရာတွေကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့တော်ဝါရှင်တန်ဒီစီမှာ ဒီအသံတွေ ပဲ့တင်ထပ်စေဖို့ အခမ်းအနားကို ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီရှိ လင်ကွန်းအမှတ်တရ နေရာမှာ ကျင်းပခဲ့ပြီး October 30 Coalition အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED)တို့ ဦးဆောင်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

NED ဒုဥက္ကဋ္ဌ ဘရိုင်ယန် ဂျိုးဇက်က “ကမ္ဘာတဝန်းမှာ အကြမ်းမဖက်ဘဲ နိုင်ငံရေးအမြင်တွေအတွက် ဆောင်ရွက်ခဲ့တဲ့ သန်းနဲ့ချီတဲ့လူတွေဟာ အကျဉ်းချခံထားရတာပါ။ မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပိုကောင်းတဲ့အနာဂတ်နဲ့ သူတို့အခွင့်အရေးအတွက်တောင်းဆိုတဲ့ ပြည်သူ ၂၀,၀၀၀ ကျော် ထောင်သွင်းအကျဉ်းချခံထားရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုကောင်းတဲ့ နိုင်ငံဖြစ်လာဖို့ ကြိုးစားရင်း ထပ်မံ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ မတရား ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေကို သူတို့လိုလားတဲ့နိုင်ငံရေးအတွက် ပြောဆိုခွင့်ပေးဖို့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ကျနော် တိုက်တွန်းနေပါတယ်။ အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်ထားပါ။ အကြမ်းဖက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နာမည်တွေကိုလည်း မှတ်တမ်းတင်ထားပါ။ သူတို့အခြေအနေတွေ နာမည်တွေ၊ သတင်းတွေ သူတို့အတွက် စိုးရိမ်ရတာတွေကို နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဖော်ပြတဲ့အသံတွေကို မြှင့်တင်ပေးကြပါ။ နိုင်ငံရေးယုံကြည်မှုအတွက် အကျဉ်းချခံရသူတွေ အသက်ရှင်လျက်ရှိ နေသေးတယ်ဆိုတဲ့ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့မျှော်လင့်ချက်တွေအတွက် ဝိုင်းဝန်းကူညီပေးတာတွေ ကလည်း မဖြစ်မနေလိုအပ်ပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ သတင်းထောက်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ သူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ကြိုးစားရင်း အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးအကျဉ်းချတာကို ခံနေကြရတာပါ။ 

အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာသူတွေရှိသလို နှိပ်စက်ညှဉ်းပန်းခံရတာကြောင့် အသက် သေဆုံးခဲ့ရသူတွေလည်း အများအပြားရှိနေပါတယ်။

အခမ်းအနားမှာ မြန်မာပြည်ကနိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုယ်စား ၂၀၂၅ ခုနှစ်၊ ဇူလိုင်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင်ရဲ့ နာမည်နဲ့ ဖြစ်စဉ်အကြောင်းအရာကို မြန်မာ့အရေးဆောင်ရွက်သူတယောက်က ရှင်းလင်းပြောဆိုခဲ့ ပါတယ်။

Women's Peace Network (WPN) ရဲ့ ဒါရိုက်တာ မဝေဝေနုက “အခုလို လူငယ်တွေ ထောင်ကျ ခံရတယ်။ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ ဒါ့အပြင် ထောင်ထဲမှာကျဆုံးသွားတာတွေ မြင်ရတဲ့အခါမှာ ကြားရတဲ့အခါမှာ မှတ်တမ်းတင်ရတဲ့အခါမှာ အင်မတန်မှ ဝမ်းနည်း ကြေကွဲမိပါတယ်။ ဒီလို လုပ်ရပ်ဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ စစ်တပ်အနေနဲ့ ဒီလိုလူငယ် တွေကို ပစ်မှတ်ထားပြီးမှ အကျဉ်းချတာ သတ်ဖြတ်တာတွေကို ရပ်တန့်ဖို့ လိုပါလိမ့်မယ်။ အဲဒီလိုမလုပ်သရွေ့ ပြည်သူတွေရဲ့ယုံကြည်မှုကို စစ်တပ်က ရနိုင်မှာမဟုတ်ဘူးပေါ့။ ပြီးရင် နိုင်ငံရေးအကျဉ်းသားနည်းနည်းကိုလွှတ်ပေးလိုက် နိုင်ငံတကာကိုလှည့်ဖြားမှုတွေလုပ်လိုက်၊ ပြီးရင် ထောက်ခံမှုကိုယူလိုက်၊ ဒီလိုလုပ်ရပ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးပြီဖြစ်တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့သားနဲ့ စကားပေးပြောတယ်။ ဒီဟာတွေကလည်း အမြဲတမ်း လုပ်လာတဲ့လုပ်ကွက်တွေပဲဖြစ်တယ်။ စစ်မှန်တဲ့အဖြေရှာမှု၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်မှု၊ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်မှု၊ ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု၊ ဒါတွေကို မှန်မှန်ကန်ကန်လုပ်ဖို့လိုပါလိမ့်မယ်” လို့ ပြောပါတယ်။

အခမ်းအနားအဆုံးသတ်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်ရေး၊ သူတို့ ပြန်လွတ်မြောက်ရေးအတွက် တိုက်တွန်းတောင်းဆိုရေး၊ သူတို့ရဲ့မိသားစုတွေကို ကူညီပံ့ပိုးပေးနိုင်ရေး စတဲ့ကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်ကြဖို့  နိုင်ငံတကာအစိုးရတွေနဲ့ ပြည်သူတွေ ကို တိုက်တွန်းကြောင်း နှိုးဆော်ထုတ်ပြန်ခဲ့ပါတယ်။

အခမ်းအနားကိုဦးဆောင်တဲ့ October 30 Coalition အဖွဲ့ဟာ နိုင်ငံတကာနိုင်ငံရေး အကျဉ်းသားများနေ့အကြောင်း အသိပညာပေးဖို့နဲ့ ကမ္ဘာတဝန်းက နိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ စုစည်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။

NED ကတော့ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ထောက်ခံပံ့ပိုးမှုသာမက ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးရဲ့ ထောက်ခံပံ့ပိုးမှုတွေနဲ့ ရပ်တည်နေတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013