
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်ကနေ ထောင်ဖောက်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မှတ်ပုံတင်နဲ့ ထောင်ထွက်လက်မှတ် အပါအဝင် သက်သေခံ အထောက်အထားတွေ မရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ထိန်းချုပ်နယ်မြေ တွေမှာ သွားလာနေထိုင်ရေး အခက်အခဲတွေအပြင် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ဒဏ်ငွေ ရိုက်ခံရတာ တွေ ကြုံနေရတယ်လို့ နိုင်ကျဉ်းတွေက ပြောပါတယ်။
ထောင်ဖောက်လွတ်မြောက်လာချိန်မှာ ထောင်ထွက်လက်မှတ် မရရှိခဲ့သလို နိုင်ငံရေးအမှုနဲ့ အကျဉ်းကျစဉ်က တရားရုံးမှာ သိမ်းဆည်းထားတဲ့ မှတ်ပုံတင်နဲ့ ကိုယ်ရေးအထောက်အထားတွေ ကိုလည်း ပြန်လည်ရယူနိုင်ခြင်း မရှိတာကြောင့် နိုင်ကျဉ်းဖြစ်ကြောင်း သက်သေပြဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
နိုင်ကျဉ်းတယောက်က “ကျနော်တို့က နိုင်ကျဉ်းတွေပါလို့ ပြောရင်တောင် မင်းတို့က ဘာလို့ နိုင်ကျဉ်း ဖြစ်တာလဲ၊ နိုင်ကျဉ်းတွေဆိုတာ ဘာသက်သေအထောက်အထားတွေ ပြနိုင်လဲဆိုပြီး မေးကြတယ်။ ဘာမှမပြနိုင်တဲ့အချိန်မှာ စကားတွေ အများကြီး ပြောရတယ်။ မယုံသင်္ကာတွေ ဖြစ်ကြတယ်” လို့ ပြောပါတယ်။
အထောက်အထားမရှိတာကြောင့် EAO ထိန်းချုပ်နယ်မြေတွေမှာ ခရီးသွားလာတဲ့အခါ မှတ်ပုံတင်စစ်ဆေးမှုတွေကို ရှင်းပြ ဖြေရှင်းနေရသလို နေထိုင်ရာနေရာတွေမှာ ဧည့်စာရင်းတိုင်တဲ့အခါလည်း အခက်အခဲတွေ ကြုံရတယ်လို့ ဆိုပါတယ်။
ဧည့်စာရင်းစစ်ဆေးချိန်မှာ အထောက်အထားမပြနိုင်လို့ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ဒဏ်ငွေ ရိုက်ခံရတာနဲ့ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာတွေ ရှိတယ်လို့ နောက်ထပ် နိုင်ကျဉ်းတယောက်က ပြောပါတယ်။
“တခါတလေ ဧည့်စာရင်း လာစစ်တော့မယ်ဆိုရင် ကျနော်တို့မှာ ဘာအထောက်အထားပြရမလဲ ဆိုပြီး ကြောက်နေရတယ်။ ကျနော်တို့က နိုင်ကျဉ်းဖြစ်ကြောင်း ထောက်ခံစာလည်း မရှိဘူး။ တပ်ရင်း၊ တပ်ဖွဲ့ တခုခုမှာလည်း မရှိဘဲ အပြင်မှာ ကိုယ့်ဘာသာကိုယ် နေနေတဲ့သူတွေဖြစ်တော့ ဘယ်အဖွဲ့အစည်းရဲ့ ထောက်ခံစာမှလည်း မရှိဘူး။”
အထောက်အထားမပြနိုင်တဲ့အတွက် တညကို မြန်မာငွေ ၁၀,၀၀၀ နှုန်းနဲ့ ဒဏ်ငွေ ရိုက်ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အိမ်တအိမ်မှာ အထောက်အထားမပြနိုင်သူ ၅ ယောက်ရှိရင် ၅ ယောက်စလုံးအတွက် ဒဏ်ငွေ ပေးဆောင်ရပြီး တခါတလေ ရုံးကို သွားရောက်ဖြေရှင်းရတာနဲ့ တညတာ ဖမ်းဆီး ထိန်းသိမ်းခံရတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ထောင်က လွတ်ရက်စေ့လို့ လွတ်လာသူတွေမှာ ထောင်ထွက်လက်မှတ်ရှိနိုင်သလို CDM ဝန်ထမ်းတွေမှာလည်း CDM ဖြစ်ကြောင်း ကုဒ်နဲ့ အလုပ်ကနေ ထုတ်ပယ်ခံရကြောင်း စာရွက်စာတမ်းတွေ ရှိနိုင်ပေမဲ့ ထောင်ဖောက်လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတွေမှာတော့ အဲဒီလို သက်သေခံအထောက်အထားတွေ မရှိကြဘူးလို့ ဆိုပါတယ်။
အထောက်အထား ရရှိရေးအတွက် ဒေသတွင်း အာဏာပိုင်တွေဆီ အကူအညီတောင်းခံရာမှာလည်း တချို့က NUG အစိုးရဆီကနေ ထောက်ခံစာတောင်းဖို့ ပြောဆိုခဲ့ကြတယ်လို့ နိုင်ကျဉ်းတယောက်က ပြောပါတယ်။
“လွတ်မြောက်ဒေသ အရာရှိတယောက်က မင်းတို့က NUG ကို ထောက်ခံလို့ နိုင်ကျဉ်းဖြစ်လာတာ၊ ငါတို့ကိုထောက်ခံလို့ နိုင်ကျဉ်းဖြစ်လာတာ မဟုတ်တဲ့အတွက် ငါတို့မှာ ဘာထောက်ခံစာမှ ထုတ်ပေးနိုင်စွမ်း မရှိဘူး။ မင်းတို့ ထောက်ခံစာရချင်ရင် မင်းတို့အစိုးရဆီမှာ သွားတောင်းပါလို့ ပြောတယ်။”
ဒါကြောင့် နိုင်ကျဉ်းတွေက NUG အစိုးရ ဒါမှမဟုတ် EAO အဖွဲ့အစည်းတခုခုအနေနဲ့ နိုင်ကျဉ်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်တဲ့ ထောက်ခံစာ ဒါမှမဟုတ် ID ကတ်တခုခု ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
နိုင်ကျဉ်းတယောက်ကလည်း “ကျနော်တို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ရတဲ့ နိုင်ကျဉ်းတွေ ဖြစ်တယ်။ NUG ကဖြစ်ဖြစ်၊ EAO တခုခုကဖြစ်ဖြစ် ထောက်ခံစာတစောင် ဒါမှမဟုတ် ID ကတ်လိုမျိုး ကတ်ပြားတခုခု ထုတ်ပေးနိုင်မယ်ဆိုရင် စကားတွေ အများကြီးပြောစရာ မလိုတော့ဘူး။ ခရီးသွားလာတဲ့အချိန်၊ တနေရာကနေ တနေရာကို ရွှေ့ပြောင်းတဲ့အချိန်နဲ့ ဧည့်စာရင်းတိုင်ရတဲ့ အချိန်တွေမှာ ကိုယ့်အတွက် အထောက်အကူ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ MNDAA နဲ့ ပူးပေါင်းတပ်တွေ လားရှိုးမြို့ကို ထိုးစစ်ဆင်ချိန် အကျဉ်းထောင်တံခါးတွေ ပွင့်သွားတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင် အပါအဝင် အကျဉ်းသားတွေ လွတ်မြောက်ခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတချို့ဟာ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေမှာ ခိုလှုံနေကြပေမဲ့ နေထိုင်စားသောက်ရေးအပြင် အထောက်အထား စာရွက်စာတမ်း မရှိတဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။











