
ရှမ်းပြည်နယ်၊ လားရှိုးနဲ့ လွိုင်လင်မြို့တို့မှာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့ စံချိန်တင်မိုးရွာခဲ့ပြီး လွိုင်လင်မြို့မှာတော့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က စံချိန်ကို ချိုးလိုက်တာလို့ မိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်း မိုးသည်းသည်းထန်ထန် ရွာနေပြီး မြောက်ပိုင်းက လားရှိုးမြို့မှာ ဒီနေ့ မိုးရေချိန် ၃ ဒသမ ၉၄ လက်မ ရွာသွန်းတာကြောင့် ၂၀၂၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်ကစံချိန်ဖြစ်တဲ့ ၃ ဒသမ ၇၈ လက်မကို ကျော်လွန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက လွိုင်လင်မြို့မှာတော့ ၃ ဒသမ ၇၈ လက်မရွာသွန်းခဲ့ပြီး ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်ကစံချိန်ဖြစ်တဲ့ ၃ ဒသမ ၆၆ လက်မကိုချိုးလိုက်တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မွန်ပြည်နယ်မှာ နေရာကွက်ကျား၊ ရန်ကုန်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ပြီးတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ ဒေသအလိုက်၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ နေရာကွက်မိုးကြီးခဲ့တယ်လို့ ဆိုပါတယ်။
မှတ်သားဖွယ်ရာ မိုးရေချိန်တွေကတော့ လားရှိုးမြို့မှာ ၃ ဒသမ ၉၄ လက်မ၊ လွိုင်လင်မြို့မှာ ၃ ဒသမ ၇၈ လက်မ၊ မလှိုင်မြို့မှာ ၃ ဒသမ ၅၃ လက်မ၊ လဲချားမြို့မှာ ၃ ဒသမ ၁၆ လက်မ၊ ကသာမြို့မှာ ၃ ဒသမ ၁၁ လက်မ၊ မိုးကုတ်မြို့မှာ ၂ ဒသမ ၇၅ လက်မ၊ ပင်လုံမြို့မှာ ၂ ဒသမ ၅၈ လက်မ၊ စဥ့်ကိုင်မြို့မှာ ၂ ဒသမ ၅၆ လက်မ၊ ညောင်ရွှေမြို့မှာ ၂ ဒသမ ၅၅ လက်မနှင့် နမ့်စန်မြို့နဲ့ ပင်းတယမြို့တို့မှာ ၂ ဒသမ ၅၂ လက်မစီ ဖြစ်တယ်လို့ ဆိုပါတယ်။
မနက်ဖြန်မနက်အထိကတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ နေရာကွက်မိုးကြီးနိုင်ပြီး ရွာဖို့ရာနှုန်းပြည့် ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။











