
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ ဆိုင်ကယ်တစီး ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၉၀၀ ဝန်းကျင် ပါသွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်က ရပ်ကွက် ၉ ဘူတာစျေး ဘူတာလမ်းမပေါ်မှာရှိတဲ့ သီရိဟိန်းရွှေဆိုင်ကနေ ညနေပိုင်း ဈေးဆိုင်သိမ်းပြီး ပြန်လာသူ ၂ ယောက် နေအိမ်အနီးအရောက်မှာ အနောက်က လိုက်လာတဲ့ ဆိုင်ကယ်တစီးပါ လူ ၂ ယောက်က သေနတ်နဲ့ချိန်ပြီး ပိုက်ဆံယူလာတဲ့အထုပ်ကို ယူဆောင်သွားတာလို့ ဆိုပါတယ်။
လားရှိုးဒေသခံတယောက်က “အခုထိတော့ ဖမ်းမမိသေးဘူး။ ရွှေဆိုင်ကနေ ပိုက်ဆံတွေသိမ်းပြီး အိမ်အပြန်ပေါ့၊ အိမ်နားလေးအရောက်မှာပဲ သေနတ်နဲ့ချိန်ပြီး ပိုက်ဆံထုပ် ယူပြေးသွားတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဘက်ကတော့ အခင်းဖြစ်တဲ့နေ့က အစစ်ဆေးတွေရှိခဲ့ပေမဲ့ လက်ရှိ အခြေအနေကိုတော့ တစုံတရာ ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း လားရှို့မြို့ ရပ်ကွက် ၄ က ရွှေသန့်စင်လုပ်ငန်း နေအိမ်ကို လူ ၇ ယောက်က ကား ၃ စီးနဲ့ လာရောက်ဓားပြတိုက်လို့ ရွှေထည် ၅ ပိဿာခန့်နဲ့ ငွေကျပ် သိန်း ၁,၀၀၀ ပါသွားခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း လားရှိုးမြို့ ၈ ရပ်ကွက် ကားပွဲစားတန်းအနီးမှာရှိတဲ့ Mobile HTIKE 2 ဖုန်းဆိုင်ကို သေနတ်ကိုင်ဆောင်ထားသူ ၂ ယောက်က ဓားပြဝင်တိုက်ဖို့ ကြိုးစားခဲ့ပါတယ်။
လားရှိုးမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်အုပ်ချုပ်ပြီးနောက် ဓားပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပေမဲ့ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။











