ကျောက်မဲမြို့တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုမြို့မဈေးကြီး တောင်ဘက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်းရွှေဆိုင်မှာ နိုဝင်ဘာ ၂၁ ရက်၊ မနက် ၁၁ နာရီ မိနစ် ၄၀ ကျော်မှာ ဓားပြတိုက်မှု ဖြစ်လို့ ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရပါတယ်။
ဓားပြမှုကျူးလွန်သူဟာ လက်နက်ငယ်ကိုင်လာသူ တယောက်တည်းဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
“ရွှေတောင်တန်းရွှေဆိုင် ဓားပြတိုက်ခိုက်ရတယ်။ လာတိုက်တဲ့သူက တယောက်တည်းပဲ။ သူမှာ ပစ္စတိုနဲ့ ကောင်တာမှန်ခွဲပြီး နှိုက်ယူသွားတာ ဆွဲကြိုး ၁၉ ကုံး ပါသွားတယ်။ တန်ဖိုးနဲ့ဆို သိန်း ၁,၀၀၀ ကျော်မယ်။”
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှာ ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပြီး ဒီလပိုင်းအတွင်း ဓားပြတိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးမှုနဲ့ လုံခြုံရေးကင်းမဲ့နေတာကို ဖော်ပြနေတာဖြစ်တယ်လို့လည်း မြို့ခံတယောက်က ပြောပါတယ်။
“စစ်တပ်က မြို့ကိုပဲ ပြန်သိမ်းနိုင်တာ ကျန်တဲ့နေရာတွေက အဖွဲ့အစည်းနေရာတွေ ပြီးတော့ စစ်ကျန်လက်နက်တွေလည်း မရှင်းနိုင်ဘူး။ ဓားပြတိုက်ပြီး မြို့ပြင်ရောက်တာနဲ့ စစ်တပ်က လိုက်မဖမ်းနိုင်ဘူး။ ဒီတော့ လုံခြုံမှုမရှိဘူးဆိုတာကို ပြနေတာပေါ့။”
ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေကို အခုလက်ရှိ စစ်တပ်က ထိန်းချုပ်ထားပြီး ကျန်တဲ့နယ်မြေတွေနဲ့ ကျေးရွာတွေကိုတော့ SSPP/SSA ရှမ်းတပ်၊ TNLA တအာင်းတပ်တို့က စိုးမိုးထိန်းချုပ်ထားပါတယ်။











