
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ အဆင်းလမ်းက ထာဝရဖုန်းဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပြီး ဆိုင်ရှင် အပါအဝင် ၃ ယောက် ကျည်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းက ထာဝရဖုန်းဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ဓားပြအဖွဲ့က ဝင်ရောက်ဓားပြတိုက်ပြီး ဆိုင်ရှင် ဦးအောင်မျိုးသန့် သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးခေါင်းကျည်ထိမှန် သေဆုံးသွားပါတယ်။
ဒါ့အပြင် ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတဲ့ ဓားပြတွေကို ဆိုင်ရှင်ရဲ့ ဦးလေးတော်စပ်သူ ဦးမောင်နဲ့ ဦးဖေလုံးတို့က ကားနဲ့လိုက်လံ ဖမ်းဆီးတာမှာလည်း ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ပုသိမ်ကြီးမှာ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးအဖွဲ့တွေပဲ ကြီးစိုးတာ။ ဘယ်သူမှ လက်နက်ကိုင်ဆောင်ပြီး မြို့ထဲမဝင်ရဲဘူး။ ဓားပြအဖွဲ့ကိုလည်း အခုထိ ဖမ်းမမိသေးဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ပုသိမ်ကြီးမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်တယောက်က ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးတယောက်ကို ကားနဲ့တိုက်ပြီးနောက် ကံကောက်အမှိုက်ပုံမှာ သွားရောက်စွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက် ညနေပိုင်းကလည်း ချမ်းအေးသာစံမြို့နယ်၊ ၅၅ လမ်း (၂၆ x ၂၇ လမ်း ကြား) က Pro Solar Energy & LED Lighting ဆိုင်မှာလည်း ဓားပြမှုဖြစ်ခဲ့ပါတယ်။











