
MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ တရုတ်ရိုးရာမုန့်စားပွဲအဖြစ် ပျော်ပွဲရွှင်ပွဲတွေနဲ့ လောင်းကစားဝိုင်းတွေကို စက်တင်ဘာ ၁၉ ရက်ကနေ ၂၅ ရက်ထိ ကျင်းပနေပါတယ်။
အဲဒီ တရုတ်ရိုးရာမုန့်စားပွဲကို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတချို့မှာ လောင်းကစားဝိုင်းတွေပါ ထည့်သွင်းပြုလုပ်နေတာကြောင့် ရဟန်းသံဃာတွေနဲ့ ဝါတွင်းဥပုသ်သည်တွေ စိတ်အနှောင့်အယှက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “သူတို့ရဲ့ မုန့်စားပွဲတွေနဲ့ ဘာဆိုင်လို့တုန်း၊ လောင်းကစားဝိုင်းတွေက ဝါတွင်းကာလကြီးမှာ၊ ဘုန်းကြီးကျောင်းတွေမှာ လုပ်နေတာဗျာ။ ဘုန်းကြီးတွေဆို တရားအားထုတ်ရမဲ့ လတွေလေ။ သက်ကြီးရွယ်အိုတွေဆိုရင် ဥပုသ်သီလဆောက်တည်ရမဲ့ လတွေပေါ့။ ဒါကို ပျော်ပွဲရွှင်ပွဲ ကစားဝိုင်းတွေနဲ့ လုပ်နေတော့ စိတ်မကောင်းဘူးဗျာ” လို့ ပြောပါတယ်။
ကိုးကန့်လူမျိုးစုတွေဟာ သာရေးဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ် လောင်းကစားဝိုင်းတွေ ထည့်သွင်းပြုလုပ်တာဟာ ရိုးရာဓလေ့တခု ဖြစ်နေတာပါ။
ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်သီလ ဆောက်တည်ပြီး ကုသိုလ်ပြုနေကျ ဝါတွင်းကာလမှာ ဘာသာရေးဆိုင်ရာ ပရဝဏ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ လောင်းကစားဝိုင်းတွေ ပြုလုပ်တာကို ဆင်ခြင်သင့်တယ်လို့ ဆိုကြပါတယ်။
ဒေသခံတယောက်က “နာရေးမှာလည်း ပါတယ်လေ။ မင်္ဂလာဆောင်မှာလည်း ပါတယ်လေ။ ဘုန်းကြီးကျောင်းမှ မဟုတ်ဘူး၊ မုန့်စားပွဲလုပ်တဲ့နေရာတိုင်း အဲဒါပါတယ်လေ။ တချို့နေရာမှာ လုပ်ဖို့တော့ ဆင်ခြင်ရမှာလေ” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA) မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ၂၀၂၃ အောင်တိုဘာ ၂၇ မှာ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဟာ လားရှိုးမြို့ အပါအဝင် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွမ်းလုံ၊ မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်) အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေအများစုကို တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။











