DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်ရက်စေ့ပြီး ပြန်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၃၅ ဦးရှိ 
DVB
·
October 13, 2026
Photo: MOI (စစ်တွေအကျဥ်းထောင်ရှေ့ ) 
Photo: MOI (စစ်တွေအကျဥ်းထောင်ရှေ့ ) 
Donate to DVB

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ  ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ထောက်ဒဏ်ရက်စေ့ လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီး တရားစွဲခံရသူ ၃၅ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)ကနေ သိရပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ပြန်လည် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာချိန်မှာ အကျဉ်းထောင်တံခါးဝ၊ နေအိမ်တွေနဲ့  လွတ်မြောက်ပြီး မကြာမီ အချိန်အတွင်းတွေမှာ မတရားထပ်မံဖမ်းဆီးခံရတာ၊ အကျဉ်းထောင်ပြင်ပသို့ မလွတ်မြောက်ဘဲ ထောင်တွင်းမှာပဲ ပုဒ်မအသစ်တွေနဲ့  ပြန်လည်အရေးယူ ဖမ်းဆီးထောင်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။

ပြန်လည်ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအထဲမှာ စစ်တွေအကျဉ်းထောင်က ၁၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး၊ ကျောက်ဖြူအကျဉ်းထောင်က ၇ ယောက်၊ လွိုင်ကော်အကျဉ်းထောင်က ၄ ယောက်၊ မကွေးအကျဥ်းထောင်က ၃ ယောက်၊ အိုးဘိုအကျဉ်းထောင်က ၃ ယောက်၊ အင်းစိန်အကျဥ်း‌ထောင်က ၂ ယောက်၊ ဒိုက်ဦး အကျဉ်းထောင်က ၂ ယောက်နဲ့ သာယာဝတီအကျဉ်းထောင်က တယောက် ဖြစ်ပါတယ်။

အဲဒီအထဲမှာ အမျိုးသမီး ၄ ယောက် ပါဝင်ပြီးတော့ သူတို့ကို  မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ထပ်မံတရားစွဲဆိုကာ ထောင်ဒဏ်တွေ တိုးမြှင့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်က အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးပြီး ထောင်ဒဏ်တွေ ထပ်မံချမှတ်နေတာတွေဟာ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း PPNM က ဆိုပါတယ်။

စစ်အာဏာရှင်တပ်ရဲ့  မတရား ပြန်လည်ဖမ်းဆီးမှုတွေနဲ့ ထောင်တွင်း ဖိနှိပ်မှုတွေကို  ဝိုင်းဝန်းစောင့်ကြည့်သတိပြုကြဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ အတူတကွ ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားကြဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တိုက်တွန်းထားပါတယ်။

ပြန်လည်ဖမ်းဆီးပြီး ထောင်ချခံထားရသူတွေမှာ ရခိုင်ပြည်နယ်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီး ရခိုင်မှာ စစ်ရေးအရ အရေးနိမ့်နေတာကို အငြိုးထားပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထား ဖိနှိပ်နေတာလို့ ရခိုင်က နိုင်ကျဉ်းဟောင်းတယောက်က ပြောပါတယ်။

“ရခိုင်ပြည်က နိုင်/ကျဉ်းတွေဟာ လွတ်ငြိမ်းမှာလည်း လုံးဝမပါကြသလို၊ ချုပ်ရက်စေ့ပြီး လွတ်ကြတာတောင် ထောင်ဘူးဝမှာ ဖမ်းဆီးပြီး ပြန်တရားစွဲထောင်ချတာဟာ နိုင်ငံရေးအရ ဖိနှိပ်မှုတွေလုပ်လာတာ ဖြစ်တယ်။ အထူးသဖြင့် စစ်ရေးအရ ရှုံးနိမ့်မှုတွေကို ဘာမှမဆိုင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လူမျိုးရေး ဖိနှိပ်တာပေါ့။ ဒါက အကျဉ်းသားတယောက်ချင်းစီနဲ့ လူသား တယောက်ချင်းစီရဲ့ အခွင့်အရေးကို ချိုးဖောက်ပြီး ဖိနှိပ်မှု ပြုလုပ်တာ။”

အောက်တိုဘာ ၁ ရက်က စစ်တွေအကျဉ်းထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ကို ထောင်ဘူးဝမှာ ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀(ည)နဲ့ တရားစွဲဆိုကာ  ထောင်ဒဏ် ၁၀ အသီးသီး ထပ်မံချခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၃၂,၀၀၀ ကျော်ရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၁၅,၀၀၀ ဝန်းကျင်ရှိနေသေးတယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013