တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ကျင်းပမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ “ကမ္ဘာ့ငြိမ်းချမ်းရေးစောင့်ရှောက်”ဖို့ အပါအဝင် အလွန်အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ခေါင်းဆောင်တွေ သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင် ဆွေးနွေးတာဟာ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်(APEC) ထိပ်သီးအစည်းအဝေးနဲ့ တဆက်တည်း သီးခြားတွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ထရမ့်ပ်ကတော့ နျူကလီးယားလက်နက်လျှော့ချရေး၊ အီရန်စစ်ပွဲ၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ သူ့ရဲ့ “အကြိုက်ဆုံးအကြောင်းအရာဖြစ်တဲ့ ယူကရိန်းအရေး” တို့ကို ဆွေးနွေးမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်မဲ့ အကြောင်းအရာတွေကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်ကတော့ ဒီဆွေးနွေးပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အင်အားကြီးနိုင်ငံတွေအကြား ဆက်ဆံရေးတည်ငြိမ်မှုအတွက် သမိုင်းမှတ်တိုင်တခု ဖြစ်လာမယ်လို့ ပြောပါတယ်။
အထူးသဖြင့် ကမ္ဘာ့နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်တဲ့ အမေရိကန်နဲ့ ရုရှားတို့အပြင် တရုတ်နိုင်ငံပါ ပါဝင်ဆွေးနွေးမဲ့အတွက် နျူကလီးယားလက်နက်လျှော့ချရေးမှာ တိုးတက်မှုရရှိဖို့ မျှော်လင့်နေကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ခေါင်းဆောင် ၃ ယောက်အနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အမှန်တကယ် ကတိပြုနိုင်ရင် ကမ္ဘာအတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံကတော့ နျူကလီးယားလက်နက် အများအပြားပိုင်ဆိုင်တဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လက်နက်လျှော့ချရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အရင်က ငြင်းဆန်ထားပါတယ်။
တဖက်မှာလည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဒီဆွေးနွေးပွဲကြောင့် အင်အားကြီးနိုင်ငံတွေကြား သြဇာလွှမ်းမိုးမှုနယ်မြေတွေ ပြန်လည်ခွဲဝေတဲ့ အခြေအနေမျိုး ပေါ်လာနိုင်တယ်လို့ စိုးရိမ်နေပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ ဒီလိုသမိုင်းဝင်တွေ့ဆုံမှုဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် သံတမန်ရေးရာ အောင်မြင်မှုဖြစ်နိုင်ပေမဲ့ လက်တွေ့သဘောတူညီချက်တွေ ရရှိဖို့ကတော့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
Source: Reuters











