DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားသည့် ကျောင်းသား၊ လူငယ် ၁၉ ဦးကို အာမခံဖြင့် ပြန်လွှတ်
DVB
·
August 12, 2026
Photo: CJ 
Photo: CJ 
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသား ၁၃ ယောက်နဲ့ လူငယ် ၆ ယောက်ကို ဩဂုတ် ၁၁ ရက် နေ့လယ်က ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဇွန်လနဲ့ ဇူလိုင်လအတွင်းက ကျောင်းသား ၁၃ ယောက်၊ ဒီလပ်တပ်ဖွဲ့ဝင် ၇ ယောက် အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းချသူ ၇၇ ယောက်ကို ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီထဲကနေ အသက် ၂၀ အောက် ကျောင်းသားတွေနဲ့ လူငယ်တွေကို ပြန်လွှတ်ပေးလိုက်တာပါ။

ပြန်လွတ်လာသူတွေအထဲမှာ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီးငယ်တယောက်တို့ ပါဝင်ကြပြီး အသက် ၁၅ နှစ်နဲ့ ၂၀ ကြားလူငယ်တွေ ဖြစ်ကြကာ Grade- 8 နေ Grade-12 ကျောင်းသားတွေ ပါဝင်ကြတယ်လို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရတယ်။

ကျောင်းသားတွေ၊ လူငယ်တွေကို သူတို့ရဲ့ ပညာသင်ကြားခွင့်နဲ့ လူငယ်တွေရဲ့ အနာဂတ်တွေ မပျက်စီးစေချင်တဲ့အတွက် မိဘတွေ လက်ထဲကို အာမခံနဲ့ ပြန်လည်အပ်နှံလိုက်တာလို့ ULA နဲ့ နီးစပ်သူက ပြောပါတယ်။

“ကျောက်တော်မှာ ဖမ်းဆီးထားတဲ့ လူငယ်တွေအထဲမှာ ကျောင်းသားတွေ၊ လူငယ်ပိုင်းတွေပါကြတယ်။ အဲဒီအထဲက ကျောင်းသား ၁၃ ယောက်နဲ့ လူငယ် ၆ ယောက်ကို အာမခံနဲ့ မိဘတွေဆီကို ပြန်လည်အပ်နှံလိုက်တာ။ သူတို့ရဲ့ ပညာသင်ကြားခွင့်နဲ့ လူငယ်တွေနဲ့ အခွင့်အရေးတွေကို မဆုံးရှုံးစေချင်တာကြောင့် သူတို့ကို အတိုင်းအတာ တခုအထိ သွန်သင်ဆုံးမပြီး မိဘတွေရဲ့ လက်ထဲကို အပ်နှံလိုက်တာ။”

နောက်ထပ် မူးယစ်ဆေးဝါး သုံစွဲမှုမရှိစေဖို့အတွက်နဲ့ သူတို့သုံးစွဲထားတဲ့ ပြစ်မှုတွေအတွက် အာမခံနဲ့ ပြန်လွှတ်ပေးလိုက်သူ ၁၉ ယောက်ကို ကြိမ်ဒဏ် ၅ ချက်စီ ပေးခဲ့တယ်လို့ ဒီလပ်တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခုလို ပြန်လွှတ်ပေးလိုက်သူတွေအနေနဲ့ နောက်ထပ် မူးယစ်ဆေးဝါး ထပ်မံသုံးစွဲရင် အခုပြစ်ဒဏ်တွေကို ပြန်လည်ကျခံရမယ်လို့လည်း ဆိုပါတယ်။ 

အာမခံနဲ့ လွတ်မြောက်လာတဲ့ ကျောင်းသား မောင်မျိုးနိုင်စိုးက “လူငယ်တွေကို အခုလိုသာ မထိန်းသိမ်းလိုက်ရင် နောက်နောင်လည်း ဆိုးသွမ်းသွားနိုင်တယ်။ လူငယ်တွေက မူးယစ်ဆေးဝါးမှာ နစ်မြုပ်သွားနိုင်တယ်။ တချို့မိဘတွေက ကိုယ့်သား၊ သမီး သုံးစွဲနေတာကို မသိတဲ့သူတွေလည်း ရှိကြတယ်။ အဲဒီတော့ လက်တလော ဖမ်းဆီးသွားတော့ ငါသား ဘာဖြစ်သွားမှန်း မသိဘဲ ပြောမှား ဆိုမှားခဲ့တာတွေလည်း ရှိနိုင်တယ်။ မိဘတွေ ပြောမှားမိခဲ့ရင်လည်း မိဘတွေနဲ့ အားလုံးကိုယ်စား ကျနော် တောင်းပန်ပါတယ်။ အခုလို ထိန်းသိမ်းပေးလိုက်တာကလည်း ကောင်းပါတယ်။ နောက် တိုင်းပြည်အတွက်လည်း ဒီလူငယ် ကျောင်းသားတွေပဲ ဆောင်ရွက်လာရမှာဆိုတော့ ကျောင်းသားတွေက မူးယစ်ဆေးဝါးတွေမှာ နစ်မြုပ်သွားရင် ပိုမိုဆိုးရွားသွားနိုင်တာကြောင့် ထိန်းသိမ်းပြီး ဆုံးမပေးတာက ကောင်းပါတယ်။ အခုလို ပြန်လည်လွတ်မြောက်လို့ ကျောင်းတက်ခွင့် ရရှိတဲ့အတွက်လည်း ဒီနေ့က အပျော်ဆုံးနေ့ဖြစ်တယ်” လို့ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဇွန်လနဲ့ ဇူလိုင်လအတွင်းက မူးယစ်ဆေးဝါး ရောင်းချသူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းချသူတွေကို အာရက္ခတပ်တော်နဲ့ ထောက်လှမ်းရေးနဲ့ ဒီလပ်တပ်ဖွဲ့ဝင်တွေက ကွင်းဆက်ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျောင်းသားတွေနဲ့ လူငယ်တွေကို အခုလို သွန်သင်ဆုံးမပြီး ပြန်လွှတ်ပေးလိုက်တဲ့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို အထူးကျေးဇူးတင်ရှိသလို မူးယစ်ဆေးဝါး ရောင်းချမှုတွေကိုလည်း အမြစ်ပြတ်ချေမှုန်းစေချင်တယ်လို့ ကျောင်းသားမိဘ ဒေါ်နွယ်မာထွန်းက ကျောင်းသားတွေကို အာမခံနဲ့ ပြန်လွှတ်ပွဲမှာ ပြောပါတယ်။

“အခုလို ကိုယ့်သား လမ်းမှားကို မရောက်အောင် ထိန်းသိမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင် ဒီလိုမဖြစ်အောင်လည်း ကျမတို့က တာဝန်ယူပါတယ်။ အိမ်မှာလည်း အမြဲတမ်း ဆုံးမနေတာပါ။ လတ်တလော ဖြစ်သွားတဲ့အတွက် ဘယ်လိုခံစားရလဲဆိုတော့ ကိုယ် မဆုံးမခဲ့လို့၊ မသွန်သင်ခဲ့လို့လားပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း သံဝေဂရပါတယ်။ ကိုယ်လည်း ကောင်းအောင်နေသလို ကိုယ့်သားသမီးကိုလည်း ကောင်းအောင် လုပ်ပေးခဲ့တာ၊ ဒီထဲကမှ လူပေါင်းမှားလို့ ဖြစ်ခဲ့တာနေမယ်။ အခုလို မိဘကို ပြန်လည်အပ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မူးယစ်ဆေးဝါး ရောင်းချသူတွေ၊ သုံးစွဲသူတွေနဲ့ ပါဝင်ပတ်သတ်သူတွေ အားလုံးကိုလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013