
အိန္ဒိယ-ရခိုင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိုမိုချောမွေ့လာစေဖို့အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ မီဇိုရမ်ကုန်သွယ်ရေးသုံး ယာဉ်ပိုင်ရှင်များအသင်း (MCVOA) တို့ သဘောတူလက်မှတ်ရေးထိုးလိုက်တာဟာ ၂ နိုင်ငံကုန်သည်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတခုပါလို့ ကုန်သည်တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ ဆိုင်ဟားမြို့ရှိ သတင်းထောက်ကလပ်မှာ အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ အခမ်းအနားအတွင်း MCVOA ရဲ့ ဆိုင်ဟားခရိုင်အဖွဲ့ခွဲနဲ့ ULA/AA ကိုယ်စားလှယ်တွေက နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတာလို့ အိန္ဒိယသတင်းစာ The Times of India ကဖော်ပြတယ်။
ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေအပြီးမှာ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေမှာ သယ်ယူပို့ဆောင်ခနှုန်းထားတွေကို တပြေးညီ ဖြစ်စေဖို့၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ အငြင်းပွားမှုတွေကို တရားဝင်လမ်းကြောင်းကနေတဆင့် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။
ကုန်သည်တယောက်က “ဒီ ဘောင်တခုအတွင်းက လုပ်ရတာဆိုတော့ ဒီအပေါ်မှာ ကျနော်တို့ ရခိုင်ကုန်သည်တွေအတွက် အများကြီး ကိုယ့်ဘက်က safe ဖြစ်တယ်ပေါ့နော်။ ဒီ MOU ထိုးထားတယ်ဆိုတော့ ကျနော်တို့ ယာဉ်ပိုင်ရှင်အသင်းတွေနဲ့ ကျနော်တို့က ချိတ်ဆက်ပြီးတော့ ဟိုဘက်ကကျနော်တို့ရဲ့ Purchaser (ဝယ်သူ)နဲ့ Supplier ကို တခါတည်း ချိတ်ပြီးတော့ ဒီအသင်းက ကားနဲ့ ဘယ်လောက်ပမာဏနဲ့ ဘယ်ကို လွှတ်လိုက်တယ်ဆိုတဲ့ပုံ စံမျိုးပေါ့နော်။ ဆိုတော့ ကျနော်တို့ ကုန်သည်တွေအနေနဲ့ဆို စီးပွားရေးတွေ အများကြီး၊ အလုပ်တွေအများကြီး ပိုပြီးတော့ လုပ်လို့ရသွားတဲ့ အပိုင်းတွေ မြင်ပါတယ်။ ဒီဘက်က Order ရရင် ရသလောက် ၁၀ ခေါက်လည်း ဖြစ်သွားနိုင်တယ်၊ ဥပမာ ၅ ခေါက်လည်း ဖြစ်သွားနိုင်တယ်ဆိုတော့ ကုန်စည်စီးဆင်းမှုက ပိုပြီးတော့ လျင်မြန်သွားတာပေါ့နော်။ ကုန်စျေးနှုန်းတွေ အရမ်းကြီး မတက်အောင် ထိန်းထားနိုင်တဲ့ ဟာမျိုးတွေအထိ တဖြည်းဖြည်းနဲ့ လုပ်လို့ရတဲ့ အပိုင်းတွေအများကြီး မြင်မိပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ရာလီနဲ့ ဆလချွာနယ်စပ်ကျေးရွာတွေမှာ အသုံးပြုတဲ့ ကုန်တင်ယာဉ်နဲ့ စက်လှေ ငှားရမ်းခတွေကို သင့်တင့်မျှတတဲ့ နှုန်းထား ဖြစ်လာစေဖို့နဲ့ နယ်စပ်ဂိတ်တွေကိုလည်း ည ၈ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးဖို့ နှစ်ဖက်ညှိနှိုင်းခဲ့ကြပါတယ်။
ဒီလို ညှိနှိုင်းသဘောတူညီမှုရတာ ကောင်းတဲ့လက္ခဏာတခု ဖြစ်ပေမဲ့ နယ်စပ်ဒေသတွေမှာ တခြားဒေသအာဏာပိုင်အဖွဲ့တွေ ရှိနေသေးတဲ့အတွက် မီဇီုရမ်ပြည်နယ်တခုလုံးနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရင်တော့ ပိုကောင်းလာနိုင်မယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
နောက်ထပ် ကုန်သည်တယောက်က “အဓိက ကုန်သွယ်စီးဆင်းမှုက လောင်တလိုင်ကို ဖြတ်လာရတာ ဆိုတော့ ဒီ MoU ထိုးတာတော့ ကုန်သွယ်တွေအတွက်ရော ခရီးသွားလာသူတွေ အတွက်ရော ကောင်းတဲ့လက္ခဏာတခုပါပဲ။ ကုန်သည်တွေက ကားကိစ္စ အဆင်မပြေရင် သူ့တို့အသင်းဆီကို တိုင်တန်းလို့ရတာပေါ့။ တဖက်မှာလည်း လောင်တလိုင်မှာရှိတဲ့ အာဏာပိုင်တွေ (YLA လူငယ်အဖွဲ့) က ကုန်သွယ်စီးဆင်းမှုတွေကို အနှောင့်အယှက်ပေးမှာကိုလည်း စိုးရိမ်တယ်။ သူတို့မှာလည်း အချင်းချင်းပွတ်တိုက်မှုတွေရှိနေတာကိုး၊ Mizoram state တခုလုံးနဲ့ MOU ထိုးနိုင်မယ်ဆိုရင်တော့ ကုန်သည်တွေအတွက် အကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။
ရခိုင်မှာ ၂၀၂၃ ခုနှစ် တိုက်ပွဲတွေ စတင်ချိန်ကစပြီး စစ်တပ်က လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်သယ်ယူခွင့်တွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ခဲ့ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်ပြည်နယ်ဘက်ကနေသာ အဓိက မှီခိုတင်သွင်းနေရတဲ့အတွက် ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အရေးပါတဲ့ အသက်သွေးကြောတခုဖြစ်လာခဲ့တာပါ။
စက်တင်ဘာ ၁၄ ရက်က ဆိုင်းဟာမြို့နယ် ခိုင်ခီကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စက်လှေအငြင်းပွားမှု ပြဿနာကြောင့် နယ်စပ်ကုန်သွယ်ရေး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရပြီးနောက် စက်တင်ဘာ ၂၄ ရက်မှာတော့ ULA/AA ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို MoU ထိုးလိုက်တာဟာ ၂ နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ပိုမိုစနစ်တကျ ဖြစ်လာစေဖို့နဲ့ ကုန်သည်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတခုပါလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။











