
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာမှာ နိုဝင်ဘာ ၄ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က လယ်ယာအလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် လူငယ်တယောက်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြီးပေါက်ကုန်းကျေးရွာအတွင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး လယ်ယာလုပ်ငန်းခွင်ကနေ နေအိမ်ကို ပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုမင်းမင်းထွန်းကို ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “လူငယ်က လယ်ယာအလုပ်လုပ်ပြီး အိမ်ပြန်လာချိန်မှာ စစ်ကြောင်းနဲ့ တွေ့ပြီး ပစ်သတ်ခံခဲ့ရတာ။ ကောင်လေးက PDF မဟုတ်ပါဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ ကြီးပေါက်ကုန်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် စက်စက်ယိုကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးခဲ့သလို အရပ်သားတွေ နေထိုင်တဲ့နေရာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေဘက်ကိုလည်း ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ လေးမျက်နှာမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းတွေ ထိုးနေတဲ့အပြင် ဂျက်တိုက်လေယာဉ်တွေ၊ စက်တပ်လေထီးတွေနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ပစ်ခတ်တာနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းတွေ ပုံမှန်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။











