
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက်ရှိ ရွိင်ရယ်ခတ္တာဟိုတယ်က လျှပ်စစ်မီး ခိုးယူသုံးစွဲနေတယ်လို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူထားတယ်လို့ စစ်အာဏာရှင် လက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဟိုတယ်ကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နဲ့ မြို့နယ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ တရားမဝင် လျှပ်စစ်မီး ခိုးယူ သုံးစွဲနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လျှပ်စစ်မီး ခိုးယူသုံးစွဲထားတာကို စစ်ဆေးတွေ့ရှိလို့ လျှပ်စစ်မီတာကို ချက်ချင်း ဖြုတ်ယူ သိမ်းဆည်းပြီး နိုင်ငံတော်က နစ်နာဆုံးရှုံခဲ့တဲ့ မီတာခ ကျပ် ၁၃၈ သန်းကျော်ကို ပြန်လည်ပေးသွင်းဖို့နဲ့ လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
လျှပ်စစ်မီး ခိုးယူသုံးစွဲတဲ့ ဟိုတယ်ပိုင်ရှင်နဲ့ မန်နေဂျာကို လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် စမ်းချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တရားမဝင် လျှပ်စစ်မီး ခိုးယူသုံးစွဲမှုတွေကို စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးဖော်ထုတ်နေပြီး Control Center တွေရဲ့ နည်းပညာ အဆင့်မြှင့်တင်လာနိုင်တဲ့အတွက် ခိုးယူသုံးစွဲမှုတွေကို ပိုမို ဖော်ထုတ်လာနိုင်သလို လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ ပြည်သူတွေကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၃ ရက်ကလည်း လှိုင်သာယာမြို့နယ် အရှေ့ပိုင်းက ပလတ်စတစ်စက်ရုံတရုံဟာ လျှပ်စစ်မီး ခိုးသုံးတာကြောင့် လျော်ကြေး ကျပ်သန်း ၈,၀၀၀ လောက် ဒဏ်ကြေးပေးခဲ့ရပါတယ်။










