စမ်းချောင်းတွင် ချိပ်ပိတ်ခံထားရသည့် တရားမဝင် ကန်ထရိုက်တိုက်အချို့ ဖြိုချ

ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ တရားမဝင် ဆောက်လုပ်ထားတယ်လို့ဆိုပြီး ချိပ်ပိတ်ခံထားရတဲ့ ကန်ထရိုက်တိုက်တချို့ကို ပြန်လည်ဖြိုချနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက စမ်းချောင်းမြို့နယ်မှာ ဆောက်လုပ်နေတဲ့ ကန်ထရိုက်လုပ်ငန်းရှင်နဲ့ မြေရှင်တို့ကြား ပြဿနာဖြစ်ပွားရာကနေ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ တာပါ။
အဲဒီစစ်ဆေးမှုအတွင်း စာရွက်စာတမ်း မပြည့်စုံဘဲ တရားမဝင် ဆောက်လုပ်ထားတဲ့ တိုက်အလုံး ၃၀ ကျော်ကို စည်ပင်က ချိပ်ပိတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စည်ပင်သတ်မှတ်ရက်အတွင်း မဖြိုဖျက်ရင် တရားစွဲခံရမှာနဲ့ မြေနေရာ ဆုံးရှုံးမှာကို စိုးရိမ်တဲ့အတွက် မြေရှင်တွေဘက်က အခုလို ပြန်လည်ဖြိုချနေရတာလို့ ချိပ်ပိတ်ခံထားရတဲ့ ကန်ထရိုက်တိုက် မြေရှင်နဲ့ နီးစပ်သူက ပြောပါတယ်။
“စည်ပင်နဲ့ သွားညှိသေးတယ်၊ မရဘူး။ သူတို့သတ်မှတ်ထားတဲ့ ရက်အတွင်း မဖျက်ရင် တရားစွဲမယ် လို့ ပြောတယ်၊ ဘူဒိုဇာနဲ့ ထိုးချမယ်လည်း ပြောတယ်။ အဲဒီကျရင် ထောင်လည်း ကျမယ်၊ ဒီမြေမှာလည်း ထပ်ဆောက်လို့ ရမှာမဟုတ်တော့ဘူးပေါ့။ ဒါဆို ဆုံးရှုံးမှုက ပိုကြီးသွားမှာလေ။ အဲဒါနဲ့ အခုလို ဖျက်နေရတာပါ။ ဖျက်ခတင် သိန်း ၂၀၀ ကျော် ပေးရတယ်။ ပြန်ဆောက်ချင်တယ် ဆိုရင်တော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်ဆောက်လို့ရမယ်၊ ကန်ထရိုက်လည်း တရားဝင် စိတ်ချရတဲ့ဟာနဲ့ ပြန်ပြောင်းပေါ့နော်။”
စမ်းချောင်းမြို့နယ်ထဲက ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လုပ်ဆောင်းကုန်း(မြောက်)၊ မုန့်လုပ်ဆောင်းကုန်း(တောင်)၊ သံတံတား၊ လင်းလွန်း(မြောက်) နဲ့ လင်းလွန်း(တောင်) ရပ်ကွက် တွေမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးအထိ ရှိနေတာပါ။
လတ်တလောမှာတော့ ကန်ထရိုက်ဘက်က တာဝန်ယူဖြေရှင်းတာမျိုး မရှိဘဲ သတင်းအစအန ပျောက်ဆုံးနေတဲ့အတွက် အခုလို ဖြိုချရတဲ့အထိ ဖြစ်လာတာလို့ မြေရှင်နဲ့ ကြိုပွိုင့်ဝယ်ယူထားသူ တွေက ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ကြိုပွိုင့်ဝယ်ယူထားသူတွေနဲ့ အပြီးသတ် ငွေချေဝယ်ယူထားသူတွေသာ အဓိက နစ်နာဆုံးရှုံးနေရတယ်လို့ မုန့်လုပ်ဆောင်းကုန်း မြောက်ရပ်ကွက်မှာ အခန်းဝယ်ယူထားမိသူ တယောက်က ပြောပါတယ်။
“သိသလောက်ကတော့ သူတို့ စာလာချိတ်ထားတဲ့ တိုက်တွေရဲ့ ကန်ထရိုက်က သူတို့ဆီလာပြီး ဒဏ်ငွေဆောင်ရမယ်။ အခုက ကန်ထရိုက်က ပေါ်မလာဘူးဆိုတော့ မြေရှင်က တိုက်တွေ ပြန်ဖြို၊ တရားဝင် ကန်ထရိုက်နဲ့ ပြန်ဆောက်ဖို့ အဲဒီလိုတွေ ပြင်ဆင်နေကြပြီ။ ကြိုပွိုင့်ဝယ်တဲ့သူတွေနဲ့ အပြီးသတ် ငွေချေပေးဝယ်ထားတဲ့ သူတွေကတော့ ဆုံးရှုံးပြီဆိုတဲ့ သဘောမှာ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် မြေရှင်ကတော့ အမြတ်ထွက်တာပေါ့။”
ဒါ့အပြင် လက်ရှိ ချိပ်ပိတ်ခံထားရတဲ့ အဆောက်အအုံတချို့ရဲ့ အခန်းတွေမှာ လူတွေ ငှားရမ်း နေထိုင်တာနဲ့ ဆိုင်ခန်းဖွင့်လှစ်ထားတာတွေ ရှိနေတာကြောင့် အိမ်ငှားတွေအနေနဲ့လည်း ငှားရမ်း စာချုပ် သက်တမ်းမပြည့်ခင် ဖယ်ရှားခံရမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တိုက်တွေ ချိပ်ပိတ်ခံရစဉ်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ကန်ထရိုက်လုပ်ငန်းရှင်နဲ့ လျှပ်စစ်ဝန်ထမ်း (EPC) တချို့ကို စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) က ခေါ်ယူစစ်ဆေးခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။











