
ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ ကျောင်းသား ၂ ယောက်ကို အုပ်စုဖွဲ့ ရိုက်နှက်ထိုးကြိတ်ခဲ့သူတွေထဲက ၈ ယောက်ကို စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်က IT ပထမနှစ် ကျောင်းသားတွေဖြစ်တဲ့ မောင်အာကာကျော် နဲ့ မောင်ဇင်ဝင်းထွဋ် တို့ ၂ ယောက်ဟာ တယ်လီဂရမ်မှာ ‘ရွှေရည်ဝတီ’ ဆိုတဲ့ မိန်းကလေးတယောက်ကို စနောက်ခဲ့ရာမှ အဆိုပါ အမျိုးသမီးက သူတို့ ၂ ယောက်ကို စမ်းချောင်း မုန့်ဈေးတန်းလမ်းသို့ ခေါ်ယူကာ သူ့ချစ်သူနဲ့ အဖွဲ့ကို ရိုက်နှက်ခိုင်းခဲ့တာလို့ ဖြစ်စဉ်သိရှိသူတယောက်က ပြောပါတယ်။
“IT ပထမနှစ် ကျောင်းသား ၂ ယောက်က တယ်လီဂရမ်မှာ ရွှေရည်ဝတီ ဆိုတဲ့ ကောင်မလေးကို သွားစတာပါ။ အစခံရတဲ့ ကောင်မလေးက သူ့ချစ်သူကို ပြန်ပြောလို့ သူ့ချစ်သူနဲ့ အဖွဲ့က ကောင်လေး ၂ ယောက်ကို စမ်းချောင်း မုန့်ဈေးတန်းလမ်းကို ချိန်းပြီး ရိုက်နှက်ထိုးကြိတ်တာပါ။”
ထိုးကြိတ်ရိုက်နှက်ခံရလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မောင်ဇင်ဝင်းထွဋ်နဲ့ မောင်အာကာကျော်တို့ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် မိသားစုဝင်တွေက ရိုက်နှက်ခဲ့သူတွေကို စမ်းချောင်းမြို့နယ် ရဲစခန်းမှာ စက်တင်ဘာ ၁၈ ရက်က အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။
“ရိုက်ခံရတာက ပထမနှစ် ကျောင်းသားတွေပါ၊ ရိုက်နှက်တဲ့ အဖွဲ့ကတော့ အထက်တန်းကျောင်းသားတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ၈ ယောက် မိထားပြီး ၁ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။ မိတဲ့သူတွေက အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အတွင်း လူငယ်တွေ ဖြစ်ပါတယ်။”
ရိုက်နှက်ခဲ့တဲ့ လူငယ်အုပ်စုကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းကတဆင့် စုံစမ်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စမ်းချောင်းမြို့နယ် ရဲစခန်းက ပြစ်မှုကျူးလွန်သူ အောင်အောင်ဦး၊ နိုင်မင်းခန့်၊ သူရိန်ထွန်း၊ ဇင်ကို၊ အောင်မြတ်သူနဲ့ ပြည့်စုံအောင်တို့အပါအဝင် အဖွဲ့အား (ပ) ၃၈၉/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၃၂၃၊ ၃၂၄၊ ၅၀၆၊ ၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။











