
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပုံမှန်ရရှိဖို့အတွက် နောင်လာမဲ့ နှစ်ပေါင်း ၂၀ အထိ မသေချာသေးဘူးလို့ စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီးဌာန ဒုဝန်ကြီး ဦးအေးကျော်က ပြောဆို လိုက်သလို၊ တဖက်မှာလည်း အလှည့်ကျ မီးပေးတဲ့စနစ်ကြောင့် မီးပြတ်ချိန်မှာ မီးခလုတ်တွေ ပိတ်ထားကြဖို့ ၀န်ကြီးဌာနက နို၀င်ဘာ ၁၇ ရက်မှာ မေတ္တာရပ်ခံနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နွေ၊ မိုး၊ ဆောင်း ၂၄ နာရီ လျှပ်စစ်မီး ဘယ်တော့ရမလဲဆိုတဲ့ သာပေါင်းမြို့နယ်အမတ်ရဲ့ မေးခွန်းကို ဒုဝန်ကြီး ဦးအေးကျော်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ လျှပ်စစ်မီးရရှိရေး စီမံချက်တွေကို ဆောင်ရွက်နေပေမဲ့ လာမဲ့ ၂၀၃၅ ခုနှစ် ဒါမှမဟုတ် ၂၀၄၅ ခုနှစ်လောက်ရောက်မှသာ မီးပုံမှန်ရဖို့ မျှော်လင့်နိုင်မယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေတွေ ရှိနေချိန်မှာပဲ မီးအလှည့်ကျစနစ်ကြောင့် ပြည်သူတွေအနေနဲ့ Inverter တွေ တပ်ဆင်အသုံးပြုတာ၊ မီးလာချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို တပြိုင်နက်တည်း ဝိုင်းသုံးကြတာ တွေကြောင့် ဝန်အား (Starting Load) ရုတ်တရက် မြင့်တက်ပြီး မီးပြန် ပြတ်ကျသွားတာတွေ ဖြစ်ပေါ်နေတယ်လို့ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် မီးပြတ်သွားတာနဲ့ မီးခလုတ်တွေ အားလုံးကို ပိတ်ထားပေးကြဖို့နဲ့ မီးပြန်လာချိန်မှာလည်း တပြိုင်နက်တည်း မသုံးဘဲ တခုချင်းစီ အချိန်ခြားပြီး အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနဟာ အောက်တိုဘာ ၅ ရက်ကစလို့ တနိုင်ငံလုံးကို အလှည့်ကျစနစ်နဲ့သာ လျှပ်စစ်မီးပေးတော့မယ်လို့ ထုတ်ပြန်ထားတာပါ။
ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်ပြီး ဓာတ်အား လိုအပ်ချက် များလာချိန်မှာ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု မမျှတရင် စက်တွေ ရုတ်တရက် ရပ်တန့်တာနဲ့ တနိုင်ငံလုံး မီးပြတ်တောက်တာ (System Breakdown) တွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ အကြောင်းပြထား ပါတယ်။
ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီတုန်းကလည်း တနေ့ကို လျှပ်စစ်မီး နာရီပိုင်းလောက်သာ ရရှိခဲ့လို့ ပြည်သူ တွေရဲ့ နေ့စဉ်လူမှုဘဝတွေ ထိခိုက်ခဲ့ရသလို အပူဒဏ်ကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။
လာမဲ့ ၂၀၂၇ မိုးရာသီမတိုင်ခင်အထိ ကြုံတွေ့ရမဲ့ အယ်လ်နီညို အပူဒဏ်ကို ကြိုတင်ပြင်ဆင်ထားဖို့ စစ်အာဏာရှင်က ပြောဆိုနေပေမဲ့ အခုလို အလှည့်ကျမီးပေးမဲ့ အခြေအနေနဲ့ နောင်နှစ် ၂၀ အထိ မီးပုံမှန်ရဖို့ မသေချာဘူးဆိုတဲ့ ပြောဆိုချက်တွေကြောင့် ပြည်သူတွေကြားမှာ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။











