
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေနဲ့ နီးစပ်တဲ့ မြို့နယ်တမှာ လျှပ်စစ်မီးရော၊ ဂျိုးဖြူရေပါ ပြတ်တောက်နေတာကြောင့် စက်ရုံ ဝန်ထမ်းတွေနဲ့ အိမ်ရှင်မတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မင်္ဂလာဒုံ စက်မှုဇုန်နဲ့ နီးစပ်တဲ့ ရပ်ကွက်တွေမှာ လျှပ်စစ်မီး ပုံမှန်မလာတဲ့အပြင် ဂျိုးဖြူရေပါ မရတာ ကြောင့် စက်ရုံ အလုပ်သမားတွေ အခက်အခဲ ဖြစ်ရတယ်လို့ အလုပ်သမားတယောက်က DVB ကို ပြောပါတယ်။
စက်ရုံ အလုပ်သမားတယောက်က "မီးက ၄ နာရီလာ၊ ၄ နာရီပျက် ဆိုပေမဲ့ နာရီဝက်လောက်ပဲ လာပြီး ၂ နာရီလောက် ပြန်ပျက်ပါတယ်။ အဆိုးဆုံးကတော့ ဂျိုးဖြူရေ ပေးတဲ့အချိန်မှာ မီးပျက်တာ ပါပဲ၊ အဲဒီလိုအချိန်တွေဆို အရမ်း ဒုက္ခရောက်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် တောင်ဒဂုံမြို့နယ်၊ တောင်ဒဂုံစက်မှုဇုန်နဲ့ နီးစပ်တဲ့ ရပ်ကွက်တွေမှာလည်း ဂျိုးဖြူရေ ပေးတဲ့ အချိန် မီးမကြာခဏ ပျက်တာကြောင့် ဂျိုးဖြူရေ တမျိုးတည်းကို သုံးစွဲနေသူတွေအနေနဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ အိမ်ရှင်မတယောက်က DVB ကို ပြောပါတယ်။
"ဂျိုးဖြူရေ ပေးတဲ့အချိန်မှာ မီးပျက်တော့ ဂျိုးဖြူရေ တမျိုးတည်း ယူထားတဲ့ အိမ်တွေက ပိုပြီး အခက်အခဲ ဖြစ်ပါတယ်။ တချို့အိမ်တွေက အဝီစီတွင်းရေရော ဂျိုးဖြူရေရော ယူထားကြတော့ ပြဿနာ မရှိပါဘူး။ ရာသီဥတုကလည်း ပူ၊ မီးကလည်း ပျက်၊ ရေပါ မရတော့ အတော်လေး ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။”
ဂျိုးဖြူရေ ပေးတဲ့အချိန် မီးပျက်ပါက မီးစက်မောင်းပြီး ရေတင်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပေမဲ့ လက်ရှိ စက်သုံးဆီ စျေးနှုန်းအရ အဆောင်ပိုင်ရှင်တွေက မီးစက်မောင်းပြီး ရေမတင် ပေးကြဘူးလို့ ရွှေပေါက်ကံ စက်မှုဇုန် အနီး နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။
ရွှေပေါက်ကံ စက်မှုဇုန်အနီး နေထိုင်သူ တယောက်က "မီးပျက်ရင် မီးစက်နဲ့ ရေတင်လို့ရတယ်လို့ အလွယ် ပြောကြပေမဲ့ အခု ဆီစျေးနဲ့ကတော့ ဘယ်အဆောင်မှ ရေမောင်း မတင်ပေးပါဘူး။ ရေသန့်ဗူးကြီးတွေပဲ ဝယ်သုံးနေရပါတယ်။ တချို့အဆောင်တွေက မီးပြန်လာမယ့် အချိန်ကို စောင့်ပြီး ရေတင်ကြတာကြောင့် အဲဒီလိုရက်တွေဆို အရမ်း အိပ်ရေးပျက်ပါတယ်" လို့ ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေပေးဝေရေးဌာနက ရေပေးဝေမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်မှုတွေ ရှိပေမဲ့လည်း လျှပ်စစ်မီး ပုံမှန် မလာတာကြောင့် ဂျိုးဖြူရေ သုံးစွဲသူတွေ အခက်အခဲ နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှာ ဂျိုးဖြူရေကို ဂျိုးဖြူ ရေလှောင်ကန်၊ ဖူးကြီး ရေလှောင်ကန်နဲ့ ငမိုးရိပ် ရေလှောင်ကန်တို့ကနေ အဓိက ရေပေးဝေနေတာ ဖြစ်ပါတယ်။











