
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ရှိတဲ့ စက်မှုနဲ့ လက်မှုလုပ်ငန်းတွေကို ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ လုပ်ငန်းတွေ လုံးဝမလုပ်ဘဲ ရပ်နားထားဖို့ မြို့နယ် လျှပ်စစ်ရုံးက သတိပေးတားမြစ်ထားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
သတ်မှတ်ထားတဲ့ ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ကာလဟာ အများပြည်သူကို လျှပ်စစ်မီး ပေးဝေတဲ့ ကန့်သတ်ချိန်ဖြစ်တာကြောင့် စက်မှုနဲ့ လက်မှုလုပ်ငန်းများ လုံးဝ မလုပ်ကြဖို့ မြို့နယ်အတွင်းရှိ ရပ်ကွက် ၃၆ ခုက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကတဆင့် လုပ်ငန်းရှင်တွေကို အသိပေးထားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ရွာသာကြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူတယောက်က "ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်လောက်က ညွှန်ကြားတာပါ။ ညွှန်ကြားတဲ့အတွက် အခု ရပ်ကွက်အပိုင်အလိုက် တာဝန်ယူပြီး လိုက်လံ အသိပေးနေရပါတယ်" လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ မိုးရာသီ ကုန်ဆုံးစ ပြုလာချိန်အတွင်း လူနေအိမ်တွေအတွက် လျှပ်စစ်မီးကို ၄ နာရီခြား အလှည့်ကျ မီးပေးတဲ့စနစ် ပြန်လည်ကျင့်သုံးနေသလို၊ မီးပေးတဲ့အချိန်အတွင်းမှာပင် မီးထပ်မံပျက် လေ့ရှိတာကြောင့် သတ်မှတ်ချိန်အပြည့် မီးမရရှိကြဘူးလို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။
ရန်ကုန်မြို့ခံတယောက်က "၄ နာရီခြား ပေးတယ်ဆိုပေမဲ့ ၂ နာရီလောက်ပဲ လာတဲ့ရက်တွေ ရှိပါတယ်။ အခု ရာသီဥတုက စတင် ပူပြင်းလာတော့ မီးမလာတဲ့အချိန်ဆို ပိုပြီး ခံစားရပါတယ်။ ရှေ့လျှောက် ဆိုရင်တော့ ပိုမလွယ်ကူနိုင်ပါဘူး" လို့ ပြောပါတယ်။
အခု ညွှန်ကြားချက်ကို မလိုက်နာပါက ရုံးအမိန့်စာအမှတ် (၂၉၄/၂၀၂၄) အရ ထိရောက်စွာ အရေးယူမယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ ရုံးအမိန့်စာအမှတ် (၂၉၄/၂၀၂၄) ဟာ တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲပါက ဒဏ်ကြေးအပြင် တရားစွဲဆို အရေးယူခံရမယ်လို့ ရည်ညွှန်းထားတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။











