ရုရှားနိုင်ငံ၊ နစ်ဇ်နီကမ်စ်မြို့က စက်မှုဇုန်တခု ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီး စက်မှုအဆောက်အအုံတွေ မီးလောင်ကျွမ်းနေပုံကို လူမှုကွန်ရက်မှာ နိုဝင်ဘာ ၁၅ ရက်က တင်ထားတဲ့ မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
မော်စကိုမြို့ အရှေ့ဘက် မိုင် ၆၂၀ အကွာမှာရှိတဲ့ နစ်ဇ်နီကမ်စ်မြို့မှာ ဒရုန်းတွေကြောင့် သတ်သတ်မှတ်မှတ် ဖော်ပြမထားတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံတခု ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန် ရဒ်မီယာ ဘယ်လျာယက်ဗ်က ပြောပါတယ်။
ဒါ့အပြင် အထပ်မြင့် လူနေအဆောက်အအုံ တလုံးလည်း ထိမှန်ခဲ့ပြီး လူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း ကျန်းမာရေးဌာန အကြီးအကဲကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၅ ရက်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် မြို့တွင်း စက်မှုဇုန်ထဲက အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန်နဲ့ တာတာစတန် သမ္မတနိုင်ငံရဲ့ တရားဝင် တယ်လီဂရမ် ချန်နယ်တို့က ဖော်ပြခဲ့လို့ ဖြစ်ခဲ့တဲ့ရက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံတောင်ပိုင်း ရော့စ်တော့ဗ် ဒေသမှာလည်း ညပိုင်းက တိုက်ခိုက်မှုတခုကြောင့် လူတယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။
Source: Reuters











